မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၆ ​တနင်္လာနေ့ –
■ မနက်ခင်းအတွေး
ထုံးစံအတိုင်းပေါ့လေ။ အားလုံးပြီးမှ ရဲရောက်လာတယ်ဆိုသလိုပေါ့။ နွံဖုံး ရေမျောတဲ့သူတွေရဲ့ ငိုသံအော်သံတွေ ဆက်မထွက်နိုင်တော့တဲ့အချိန်ကျမှ ပီးပေါ်ပီးပေါ်နဲ့ အရေးပေါ်ကားတန်းကြီးတွေ ဆင်းချလာကြ။ ပရိုကင်မရာကြီးတွေထမ်းပြီး လမ်းပေါ်တင်ကျန်ခဲ့တဲ့ ရွှံ့ရေစပ်စပ်မှာ ဘဲသွားသွားပြကြ။
တံတားပေါ်ကနေ အောက်ကချောင်းရေစီးကို ရီဝေမှုန်မှိုင်းနဲ့အကြည့်နဲ့လှမ်းမျှော်ငေးရင်း သမိုင်းရေစီးထဲမှာ တနေ့ကျရင် ငါလည်းအမှိုက်လေးတစလို မျောပါရမှာပါလားလို့ တွေးများတွေးတတ်ခဲ့ရင်။
တယောက်က နိုင်ငံတကာအကူအညီတွေ တောင်းခံရမယ်တဲ့။ တယောက်က မီဒီယာတွေ ပါးစပ်ဆော့လို့ ရေကပိုကြီးလာတာတဲ့။ အပေါ်က ရေဘေးကူပြကြဆိုတော့ အောက်ကကောင်တွေက တကယ်လုပ်နေတဲ့ ကယ်ဆယ်ရေးလှေတွေကို ငါတို့ပဲလုပ်မယ်ဆိုပြီး လိုက်သိမ်းပြန်ရော။ လေတပ်ကြီးသုံးပြီး ပြည်သူတွေကို ရေထဲအထိ ကယ်ဆယ်ကူညီရေးတွေလုပ်နေတဲ့ အိမ်နီးချင်းတွေကို လှမ်းတွေ့ရတော့ ရက်မလည်သေးတဲ့ ဗုံးကြဲခံရတဲ့စစ်ရှောင်စခန်းက ကလေးတွေမျက်နှာ ပြေးမြင်မိတယ်။
ဒုက္ခဆိုတာ နိုင်ငံရေးအမြတ်ထုတ်ဖို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒုက္ခဖြစ်လာပြီဆိုရင် ဝိုင်းဝန်းကူညီကြရတာပဲ။ လူအချင်းချင်း ခွဲခြားနေလို့မရတော့ဘူး။ ကျန်တာတွေအကုန်မေ့ပြီး လက်ငင်းဒုက္ခထဲက လွတ်မြောက်ရေးအတွက်ကိုသာ အာရုံစိုက် ဝိုင်းကြဝန်းကြရတယ်။ အာချေမှာ ဆူနာမီဝင်တော့ အရှိန်တက်နေတဲ့ စစ်ရေးနိုင်ငံရေးပဋိပက္ခတွေတောင် တဝက်လောက်ပြေလည်သွားကြတယ်တဲ့။ ဆိုတော့ မြန်မာပြည်မှာ နာဂစ်ဝင်တော့ သဘာဝဘေးဒဏ်ကိုအကြောင်းပြုပြီး နိုင်ငံရေးအဖြေလမ်းစလေးများ ပေါ်လာမလား မျှော်လင့်ခဲ့ကြဖူးတယ်။ တကယ်တမ်းကျ မိုးထဲရေထဲမဲခိုးပြီး ၂၀၀၈ ကို သူတို့အုတ်မြစ် သူတို့ချသွားကြတာ လက်တွေ့ပဲ။
စစ်အကြမ်းဖက်တွေကတော့ ပြည်သူတွေဒုက္ခနွံထဲနစ်လေ သူတို့အတွက်အခွင့်အရေးလို့ သတ်မှတ်လေပဲ။ တော်လှန်ရေးကတော့ ရေထဲလည်းမျောပါစရာမရှိ။ နွံထဲလည်း နစ်စရာမရှိ။ ဒုက္ခကို ပြည်သူတွေနဲ့အတူ ခါးစည်းရင်ဆိုင်ခဲ့ကြတာ အသားကျနေပြီ။ စစ်အကြမ်းဖက်တွေကျဆုံးမှ ဒီဒုက္ခတွေထဲက အမှန်တကယ်လွတ်မြောက်မယ်ဆိုတဲ့အသိက ပိုခိုင်ကျည်လာတယ်။ အာဏာရှင်တွေနောက်ကိုလိုက်ရင် ငရဲကလွဲ ဘယ်မှမရောက်ဘူးဆိုတာ ပိုသေချာခဲ့တယ်။
■ဖတ်စရာမှတ်စရာ
မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။
“10500$ နဲ့ ချစ်သူ့အိမ်အပြန်သီချင်းရဲ့ မူပိုင်ခွင့်ကို အမည်မဖော်လိုသူ အလှုရှင်တဦးက ရရှိသွားပါပြီနော်။ အချိန်ကပ်မှ အပြိုင်အဆိုင်လာပေးနေကြလို့ပါ။ လက်တွေတုန်ရင်း စာတွေရိုက်နေရတာ ချစ်တဲ့သူတွေ ကောင်းမွန်အေးချမ်းစွာ အိမ်ပြန်နိုင်ကြပါစေ။ သီချင်းလေးနဲ့အတူတောင်းဆုပြုပါတယ်နော် ” ဟု လင်းနစ်က အသိပေးထားသည်။
ချစ်သူ့အိမ်အပြန် အမည်ဖြင့် လင်းနစ်၏ ကိုယ်ပိုင်သံစဉ်သီချင်းကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ဖြင့် လေလံစတင်ခဲ့ပြီး အမြင့်ဆုံး ဒေါ်လာ ၁၀,၅၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။
လေလံအောင်သွားသူသည် သီချင်း၏ ဉာဏမူပိုင်ခွင့်ကိုပါရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေအားလုံးကို ရေးဘေးအတွက် လှူဒါန်းမည်ဟု လင်းနစ်က အသိပေးထားသည်။
လင်းနစ်သည် နွေဦးတော်လှန်ရေးအတွင်း ပြည်သူနှင့်အတူ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိကာ တော်လှန်ရေးရန်ပုံငွေပွဲများတွင် ပါဝင်ဖျော်ဖြေပေးနေသည်။
People’s Spring
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*