မနက်ခင်းအတွေး

The Call ရဲ့ မနက်စာ
-၂၀၂၄ ​စက်တင်ဘာ ၂၃ တနင်္လာနေ့ –
ရေမြေလေမီး ဓာတ်ကြီးလေးပါးဟု ပြောရိုးရှိသည်။ လောကအလုံးစုံရှိ သက်ရှိသက်မဲ့တွေအားလုံး ဒီဓာတ်ကြီးလေးပါးက ပေါက်ဖွားလာကြတာဟု ဆိုနိုင်သည်။ လောကကို စောင့်ရှောက်ထားတာလည်း ဒီဓာတ်ကြီးလေးပါးပဲဖြစ်သည်။ သည်တော့ကာ ဒီဓာတ်ကြီးလေးပါး ညီညွတ်နေဖို့လိုသည်။ မဖောက်မပြန်ရှိနေဖို့လိုသည်။ ဓာတ်ကြီးတပါးပါး ထဖောက်ပြန်တာနှင့် လူတွေမှာ ကပ်ကြီးဆိုက်ကြရတော့သည်။
မုန်တိုင်းတိုက်တာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ ပင်လယ်ဒီလှိုင်းတက်တာ၊ မီးတောင်ပေါက်တာ၊ မိုးခေါင်ရေရှားတာ၊ အပူလှိုင်းအအေးလှိုင်းကျတာ စသဖြင့် သဘာဝဘေးဒဏ်တွေက အလှည့်ကျ အစီအရီ ကမ္ဘာကြီးရဲ့နေရာအနှံ့အပြားမှာ ဖြစ်နေတတ်လေ့ရှိသည်။ ဒါတွေကို ကြိုတင်ကာကွယ်ကြသည်။ ကယ်ဆယ်ကူညီကြသည်။ စနစ်တကျနှင့် နိုင်နိုင်နင်းနင်းရှိတာလည်းရှိသည်။ ဖရိုဖရဲနှင့် အလူးအလဲခံလိုက်ကြရတာလည်းရှိသည်။
လူတွေရဲ့အသိဉာဏ်နှင့် ပညာက တိုးတက်မြင့်မားလာသည်နှင့်အမျှ သဘာဝတရားကြီးကို နဖားကြိုး ထိုးနိုင်လာသည်။ ခိုင်းစားတတ်လာသည် စသဖြင့် ပြောခဲ့ကြတာရှိသည်။ ဟုတ်သလောက်လည်းဟုတ်သည်။ သို့သော် စပိန်ကျွဲရိုင်းသတ်ပွဲလို သတိတချက်လွတ်သည်နှင့် ချိုဖျားမှာ ကားကနဲဖြစ်ကြရသည့် လူ့အဖွဲ့အစည်းတွေလည်း ရှိခဲ့သည်ဟုပြောရမည်။ အဓိကကတော့ သဘာဝတရားကြီးအပေါ်မှာ တရားမျှတမှုကင်းမဲ့လာသည့် အခါမျိုးမှာဖြစ်သည်။
ရေကအားလုံးကို တိုက်စားသယ်ချသွားသည်။ အမှိုက်တွေ ဒိုက်တွေ နွံအနှစ်တွေ တင်ကျန်ရစ်သည်။ မကြားဝံ့သည့်အဖြစ်အပျက်တွေကော လက်ဆင့်ကမ်းပြောစရာပုံပြင်တွေကော ကျန်ရစ်ခဲ့သည်။ မုန်တိုင်းနှင့်အတူကော၊ မုန်တိုင်းအလွန်တွေကော ကျန်ရစ်သည်။ ငါတို့အလှည့်ရှိသေးတယ်နှင့် အိမ်ပြန်ကြမယ်သီချင်းတွေလည်း ကျန်ရစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ကြဖို့ပဲဆိုသည့် မနက်ခင်းကလေးလည်း ကျန်ရစ်ပါသည်။
■ အလေးထားစရာ သတင်းတိုထွာ
မြန်မာနိုင်ငံမှာ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အရေအတွက်က ၃၈၄ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးသူကလည်း ၈၉ ဦး ရှိနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က စနေနေ့မှာ ပြောပါတယ်။
နေပြည်တော်မှာ ၁၆၄ ဦး၊ မန္တလေးတိုင်းဒေသ ကြီးမှာ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှာ ၇၈ ဦး၊ ကရင်ပြည်နယ်မှာ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၅၃ မြို့နယ်မှာ ရေကြီးမှု ဒဏ်ခံခဲ့ရပြီး နိုင်ငံရဲ့ ၁၆ ရာခိုင်နှုန်းနီးပါး ထိခိုက်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက ပြောပါတယ်။ ကူညီကယ်ဆယ်ရေးသမားတွေကတော့ စာရင်းပြုစုနိုင်မှု အားနည်းမှုအပြင် ပျောက်ဆုံးသူတွေ အများအပြား ရှိနေဆဲဖြစ်လို့ သေဆုံးတဲ့အရေအတွက် ဒီထက် ပို တိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
VOA
လွန်ခဲ့တဲ့ ၁၀ ရက်က ကျရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်တပျက်ရေကြီး ရေလျှံမှုဒဏ်ကို လူပေါင်း ၉ သိန်းဝန်းကျင်ခံစားခဲ့ရပြီး သေဆုံးရသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – UNOCHA က စက်တင်ဘာ ၂၀ သောကြာနေ့မှာ ​ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေ အပါအဝင်လူပေါင်း ၈၈၇၀၀၀ လောက် ဒဏ်ခံခဲ့ရတာ ဖြစ်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်း အရှေ့နဲ့ တောင်ပိုင်းတွေပါဝင်တဲ့ ပြည်နယ်နဲ့တိုင်းတွေက မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရေဘေးကြုံခဲ့ရတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ရေဘေးအကြီးအကျယ် ခံခဲ့ရတဲ့ဒေသတွေမှာ ခုထိအခြေနေဆိုးနေဆဲဖြစ်ပြီး လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်တွေ၊ နေအိမ်တွေနဲ့အတူ လယ်ယာ၊ စိုက်ပျိုးသီးနှံတွေပါ ရေနစ်မြုပ်ပျက်စီးနေပြီး လျှပ်စစ်မီးလည်း မရတဲ့ အပြင် သောက်သုံးရေ အရင်းအမြစ်တွေပါ အများအပြားထိခိုက်ခဲ့ရတာပါ။
VOA
မြန်မာနိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း ရာဂီ(Yagi) နောက်ဆက်တွဲ မိုးရွာသွန်းမှုကြောင့် ရေဘေးဒဏ် အကြီးအကျယ်ခံခဲ့ရပြီး ရေဘေးဒုက္ခတွေ ကြုံနေရတဲ့အတွက် တနိုင်တပိုင် အကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းက လူတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးတာ ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေး ကူညီနေသူတွေကပြောပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာတော့ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ လူနာတွေပို့ဆောင်ရေး လုပ်နေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းဝင်ငါးဦးကို ဖမ်းဆီးတာလုပ်ခဲ့သလို တောင်ငူ တပ်ကုန်းနေပြည်တော်ဘက်ကိုသွားတဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေသူတွေကို ငွေညှစ်တောင်းခံတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
VOA
■ ဖတ်စရာမှတ်စရာ
၁၉၉၅/၉၆ကတည်းက ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် (တတိယကော်မတီ )နဲ့ အထွေထွေညီလာခံတို့မှာ မြန်မာ့အရေးနဲ့ပတ်သက်ရင် ပြင်းထန်စွာရှုတ်ချကြောင်း ဆုံးဖြတ်လိုက်သည်တို့၊ စောလျင်စွာလိုက်နာရန် ဆုံးဖြတ်လိုက်သည်တို့ချည့်ပဲ။အကြိမ်ပေါင်းများစွာဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ဘာအရေးယူမှု Action မှ မပါဘူး။
ဒီကြားထဲ မြန်မာ့အရေးထက်တခြားနိုင်ငံအရေးက ရှေ့တန်းရောက်လာလို့ မြန်မာပြည်သူတွေရဲ့ အဖိနှိပ်ခံရမှု ဒုက္ခဆင်းရဲတွေက မှေးမှိန်ခဲ့ရတယ်။ကမ္ဘာကြီးက ရက်ရက်စက်စက် အသံဆိတ်နေခဲ့တယ်။
အခုကော ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ၂၆၆၉ကိုချမှတ်ထားပါလျက် ဒါမလုပ်ရင် ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတဲ့ Action ပိုင်း ပါမလာတော့ ဘာမှ အလုပ်မဖြစ်ပြန်ဘူး။
ရုရှား စစ်လက်နက်တွေနဲ့ ယူကရိမ်းနိုင်ငံ ဗုံးကြဲသတ်ဖြတ်ခံနေရသလို မြန်မာပြည်သူတွေဟာလည်း ရုရှားစစ်လက်နက်တွေနဲ့ ဗုံးကြဲသတ်ဖြတ်တာခံနေရတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့အထောက်အပံ့ အကူအညီတွေကို ယူကရိမ်းပြည်သူတွေရခဲ့သလို မြန်မာပြည်သူတွေမရခဲ့ပါဘူး။ ကမ္ဘာကြီးက မြန်မာပြည်သူတွေအပေါ် တာဝန်မဲ့ခဲ့တယ်။ အခု ရေဘေးဒဏ်ကြောင့် နိုင်ငံအနှံ့မှာ ပြည်သူတွေရာနဲ့ချီပြီးသေဆုံးနေချိန်မှာတောင် အကြမ်းဖက် စစ်ရာဇဝတ်ကောင် မအလ က အရပ်သားပြည်သူတွေရှိရာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ သာသနိကအဆောက်အအုံတွေ၊ ဆေးရုံ ဆေးခန်းတွေပေါ် နေ့ညမပြတ်ဗုံးကြဲပစ်ခတ်နေတုန်းပါပဲ။
မြန်မာပြည်သူတွေရဲ့ အတိဒုက္ခကို ကုစားနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်နက်စစ်ပစ္စည်းတင်သွင်းခွင့်၊လေယာဥ်ဆီတင်သွင်းခွင့်တွေပိတ်ပင်ဖို့၊ သွေးစွန်းငွေဖြတ်တောက်ဖို့၊ ( No Fly Zone) သတ်မှတ်ဖို့ စသဖြင့် Action ပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လိုအပ်ပါတယ်။
အခုတော့ သံအမတ်ကြီးဦးကျော်မိုးထွန်း တယောက်ရှိလို့သာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက ကြားနေရတာ ဖြစ်ပါတယ်။
ဒီလိုခံစားမှုတွေနဲ့ အခုကဗျာကို ကျနော်ရေးခဲ့တာ နှစ်ပေါင်း ၃၀ရှိခဲ့ပါပြီ။
“လိပ်စာမှားခြင်း”
ကမ္ဘာ့ကြီးရေ
ခင်ဗျားကတော့ ကိုယ့်ကိုယ်ထည်ပေါ်က
နေ့နဲ့ညကိုတောင်
အားနာရကောင်းမှန်းမသိ
ကာလတလျှောက်လုံး ခပ်စောင်းစောင်းလည်ပတ်နေရလို့
သစ္စာတရားတွေကလည်းရွေ့စောင်း၊
ဟိုဘက်အခြမ်းရောက်တာနဲ့
ဒီဘက်အခြမ်းက ချစ်သူကို မေ့လို့မေ့၊
ရပ်နေတဲ့နာရီကမှ တစ်နေ့ နှစ်ကြိမ်မှန်ဖော်ရသေး။
အငိုသန်တဲ့ကလေးမှနို့ပိုစို့ရတာလား၊
အာရုံကြောညပ်နေတဲ့ကံတရားကို
မျက်မှန်ထူထူကမ်းလိုက်ကြပါ့။
ဒီလို အကယ်ဒမီ အော်စကာတွေကြား
အရေထူ ယဉ်ပါး
ဒီကောင့်လွမ်းသက်မှုများကျတော့
ဖြည်းဖြည်းပ တဲ့၊
ရင်ကွဲနာလည်း ကျပြီးရင်းကျ။။
ငြိမ်းသစ်
စက်တင်ဘာလ၊၁၉၉၆၊မဟေသီမဂ္ဂဇင်း
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*