မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​စက်တင်ဘာ ၃၀ တနင်္လာနေ့ –
ထားလိုက်ပါ။ ဘယ်အရာတွေမှ ပထမဆုံးလည်းမဟုတ်သလို နောက်ဆုံးလည်း ဟုတ်မနေဘူး။ တချိန်တုန်းက တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်ခဲ့တယ်။ အခုတော့ တိုက်ပွဲရဲ့အပြင်မှာ သူ့အိပ်မက်ကလေးတွေကို နေထုတ်လှမ်းနေမယ်။ သူ့ခြေအိတ်အဟောင်းကလေးကို အပေါက်ဖာချင်ဖာနေမယ်။ နွမ်းလို့ကြွေသွားတဲ့ပန်းတွေအတွက် အပင်မှာ လွမ်းခွင့်ရှိတယ်မဟုတ်လား။
ဒါပေမယ့် ပွင့်နေတဲ့ပန်းတွေရဲ့ သင်းရနံ့ကို ပြက်ရယ်တော့မပြုကောင်းဘူး။ သူတို့ရဲ့တောက်ပတဲ့အသွေးအရောင်ကို အပြစ်မတင်ထိုက်ဘူး။ ငါတို့ရဲ့မနက်ခင်းတွေကသာ ချစ်သူတွေကို ရယ်မောစေခဲ့တယ်လို့ မဝင့်ကြွားသင့်ဘူး။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညဧည့်ခန်းထဲမှာ နာရီလက်တံရဲ့ရွေ့လျားသံဟာ ကျယ်လောင်လွန်းခဲ့တာ အဆန်းတကြယ်ကိစ္စမှမဟုတ်ပဲ။ နောက်ဆုံးတော့ ညည်းနေတဲ့တေးဟာ အထီးကျန်ကြေကွဲမှုထဲမှာ တဖြည်းဖြည်းတိမ်ဝင် ပျောက်ဆုံးသွားမှာ သေချာခဲ့တယ်။
ထိုင်နေကျစားပွဲဝိုင်းမှာ နေရောင်ခြည်ကို ကြောင်တကောင်လို သူပွတ်သပ်ချော့မြူနေမယ်။ သူဖွာထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေက သစ်ခွဲအိုးလေးတွေကိုတိုးဝှေ့ဖြတ်သန်းပြီး ခရီးတခုကို စတင်မယ်။ အိမ်ပြန်ချင်တာ စိတ်ကျရောဂါတခုလား။ အပြီးသတ်ခြေလှမ်းတွေအတွက် အားအင်တခုလား။ ဘာမှကြိုတင်ပြင်ဆင်မထားခဲ့ဘူးဆိုရင်တောင် နောက်တကြိမ်ထိုးတက်လာတဲ့ ရေလှိုင်းတွေခေါ်ရာ မဆုတ်မတွန့်လိုက်ကြရမယ်။
စီးနေတဲ့မြစ်ရေတွေထဲမှာ သင်ဘာကိုတွေ့ရှိခဲ့သလဲ သိဒတ္ထ။ ကမ္ဘာလောကထဲမှာ လှည့်ပတ်သွားလာပြီး သင်ရှာဖွေခဲ့တဲ့အရာဟာ ဘာလဲ။ အချိန်အကြာကြီး ငြိမ်သက်စွာထိုင်နေခွင့်ရမယ့် ကူးတို့ဆိပ်ကလေးတခုဟာ တသက်တာလုံး သင့်ကိုစောင့်ဆိုင်းခဲ့တယ်။ မိမိကိုယ်တိုင် တဘက်ကမ်းကိုဖြတ်ကူးဖို့ထက် လိုရာရောက်ချင်သူတို့ကိုသာ မြစ်ကိုဖြတ်ကျော်သယ်ဆောင်ပေးလိုက်ပါကွယ်။ တကယ်တမ်းကျတော့ မရှာဘဲ တွေ့ခဲ့တဲ့အရာတွေကသာ ဘဝရဲ့လက်ဆောင်ဖြစ်ခဲ့တယ်။
အမြဲတမ်းစီးဆင်းနေတဲ့မြစ်ဟာ သန်မာတယ်။
■ သတင်း
– မန္တလေးမြို့ရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုန်း ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောပါတယ်။ ရှော့တိုက်ဒုန်း ၄လုံးပစ်ခတ်ခဲ့ပြီး ၄လုံးစလုံး လပခအတွင်း ကျရောက်ခဲ့တယ်လို့ BWM တာဝန်ရှိသူက ဆိုပါတယ်။ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသံများအား တမြို့လုံးနီးပါး ကြားလိုက်ရပြီး စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်သံများလည်း ကြားရတယ်လို့ မန္တလေးမြို့ခံများက ပြောပါတယ်။
– ဂျပန်အစိုးရဟာ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်တဲ့ minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမယ်လို့ Japan Today သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။ ဂျပန်က ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး တဆင့်လျှော့ချခဲ့တာပါ။ ဒါ့အပြင် ဂျပန်ဟာ အရင်စစ်အစိုးရလက်ထက်တွေမှာ သံတမန်အဆင့် လျှော့ချခဲ့ခြင်းမရှိဘဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ သံတမန်ဆက်ဆံရေး လျှော့ချခဲ့တာပါ။ အဲဒီလို လုပ်ဆောင်မှုဟာ သံတမန်စကားနဲ့ ပြောရင် မျက်နှာကို အက်ဆစ်နဲ့ပက်သလိုဖြစ်ပြီး သံတမန်ဆက်ဆံရေးမှာ တော်တော်အထိနာတဲ့ လုပ်ကွက်ဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးပထမအတွင်းဝန်(CDM) ဦးအောင်စိုးမိုးက သုံးသပ်ပါတယ်။
– ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့ တရုတ်နိုင်ငံနယ်စပ်မှ အရည်အသွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာတယ်လို့ ဒေသခံများကပြောပါတယ်။ ကချင်ပြည်နယ်မှာ တရုတ်နှင့်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်နယ်စပ်ဂိတ်ပိတ်ထားခြင်း၊ စစ်ကိုင်းနဲ့ မန္တလေးမြို့ဘက်မှ ကုန်ကားများမဝင်ရောက်တော့သဖြင့် ကံပိုက်တည်နယ်စပ်ဂိတ်ကိုသာ အားကိုးနေရချိန်မှာ ထိုဂိတ်မှတဆင့် အရည်အသွေးနိမ့်ကုန်ပစ္စည်းများဝင်ရောက်နေတာလို့ ဆဒုံး၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်တို့မှ ဒေသခံများကပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေချိန် ကံပိုက်တည်နယ်စပ်ဂိတ်မှတဆင့် ဝင်လာတဲ့ ကုန်စည်များကိုသာ အားကိုးနေရပြီး တံဆိပ်မျိုးစုံနဲ့ အိမ်သုံးကုန်ပစ္စည်းအတုများ ဝင်ရောက်နေတာလို့ ဝိုင်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
People’s Spring
(ဒီနေ့ဘာဖြစ်ခဲ့လဲ၊ စက်တင်ဘာ ၂၉)
■ ဖတ်စရာမှတ်စရာ
ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ၀င်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့ အခါမှာ သဘောပေါက်သွားတယ်။
ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့် ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေ့ကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီးပါတယ်။
ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘဝလေးအတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့် လည်း ကိုယ့်ရဲ့ဘ၀အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်၀န်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံ ဘူး။ စတာက ကိုယ့်ရဲ့ပတ်၀န်းကျင်နဲ့စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်းခံစားရတာ တွေဟာ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်းဒီလိုခံစားရ တယ်။တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီးတော့လည်း ကြည့်လို့ရတယ်။
နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ် စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင် တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာ တော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၂၅-၀၉-၂၀၁၉
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*