မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၁၈ ​​တနင်္လာနေ့ –
■ မနက်ခင်းအတွေး
မနက်လင်းတော့ ငိုသံနဲ့စတယ်။ မျက်နှာချင်းဆိုင်တန်းလျားက လူတယောက် ညကဆုံးသွားတယ် တဲ့။ ရင်ဘတ်အောင့်တယ်ဆိုပြီး ဆေးရုံကားခေါ်တယ်။ ဆေးရုံကားက နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတယ်။ ဆေးရုံရောက်တော့ အသက်မမီတော့ဘူး။ အခုတော့ ရင်ခွဲရုံမှာ။ ဗုံးကြဲခံရတာလည်းမဟုတ်၊ ချောင်းပစ်ခံရတာလည်းမဟုတ်။ ညကပဲ စက်ဘီးကလေးနဲ့အပြင်ထွက်ပြီး တခုခုသွားဝယ်တာ တွေ့တဲ့သူက တွေ့လိုက်သေးတယ်။ သေခြင်းတရားက ရက်စက်တယ်။
ရန်ကုန်မှာ ကိုဗစ်ကာလတုန်းကလည်း အဲလိုမျိုးအဖြစ်မျိုးတွေ ကြုံခဲ့ရဖူးတယ်။ အိမ်ထဲက အလောင်းလာထုတ်ပြီးတဲ့အခါ အဲဒီအိမ်ရှေ့မှာ ထုံးတွေ ဖြူးသွားတတ်တယ်။ ကိုယ်တို့ လမ်းမဘက်ထွက်တဲ့လမ်းကလေးဟာ တလမ်းလုံးထုံးဖြူတွေဖွေးနေတာကြည့်မိ ဆွံ့အတုန်လှုပ်ဖူးခဲ့တယ်။ ကိုယ်ချစ်တဲ့တိုင်းပြည်ကြီးနဲ့ အနှစ် နှစ်ဆယ်လောက်ကင်းကွာပြီး ပြန်ရောက်လာတဲ့အခါ ကိုယ်ချစ်တဲ့သူတဝက်လောက်က လူ့လောကမှာ မရှိတော့ဘူး။
အချိန်တွေတင် ကုန်သွားတာမဟုတ်ဘူး။ လူတွေပါ ကုန်သွားတာပါလားလို့ နင့်နင့်နဲနဲတွေးခဲ့မိပါတယ်။
ရေးတတ်ရင်ဝတ္ထုဖြစ်တယ်ထဲမှာ လမ်းထဲက သက်တူရွယ်တူတဦး ဆုံးပါးသွားတဲ့အခါ အသုဘချတဲ့နေ့မှာ အသုဘပို့မလိုက်ဘဲ အိမ်တအိမ်အိမ်မှာ အရက်စုသောက်ကြတဲ့ အဖိုးကြီးတွေအကြောင်းဖတ်မိတော့ အော် လူတွေရဲ့စရိုက်သဘာဝကို လှစ်ကနဲလှပ်ပြတာပါလားလို့ သဘောကျခဲ့ဖူးတယ်။ သေခြင်းတရားအကြောင်းကိုတော့ နက်နက်နဲနဲ မတွေးခဲ့မိဘူး။ အခုလို ကိုယ်တိုင်နေထိုင်မကောင်းဖြစ်ပြီး ပြန်နာလန်ထတဲ့အချိန်မှာတော့ သေခြင်းတရားက သတင်းအဖြစ်ရောက်လာရင်တောင် အခန်းပြတင်းက ဇာကန့်လန့်ကာစလို လေကလေးပါးပါးတိုးအဝင်မှာ လှုပ်ခတ်တတ်လာခဲ့တယ်။
သေရင်ပြီးပြီလို့ ပြောတဲ့သူတွေရှိတယ်။ သေရင် မပြီးဘူးလို့ ယုံကြည်တဲ့သူတွေရှိတယ်။ ဆီမွန်ဒီဘူဗွားကတော့ သေခြင်းတရားက တရားမျှတမှုမရှိဘူးလို့ သူ့အမေဆေးရုံပေါ်မှာ သေကောင်ပေါင်းလဲဖြစ်နေတဲ့အချိန်ကို အသေးစိတ်ရေးပြခဲ့တဲ့ ‘ရေပွက်ပမာ’ ရဲ့အဆုံးမှာ မှတ်ချက်ချခဲ့တယ်။ သေသွားနိုင်တယ်ဆိုတာသိရက်နဲ့ ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်ခဲ့တဲ့သူတွေကတော့ သေခြင်းတရားကို ပြက်ရယ်ပြုနိုင်သူတွေလို့ ဆိုရမယ်။ တကယ်တော့ လူဟာ ကြောက်ရင် အခါခါသေကြရတာပဲ။ သေခြင်းတရားဆိုတာ ကိုယ်စီရင်နိုင်တဲ့တရား မဟုတ်ဘူးလေ။ ဘာကြောင့် အဲဒါကြီးကို တွေးနေကြမလဲ။ မသေခင် ဘယ်လိုနေထိုင်သွားခဲ့တယ်ဆိုတာကပဲ လူတယောက်ရဲ့အဓိပ္ပါယ်မဟုတ်ဘူးလား။ မိုးမိုး (အင်းလျား) ကတော့ မသေရဲသမျှ နေရဲရမယ်လို့ ဆိုခဲ့တယ်။ ‘နေရဲ’ ရမယ်ဆိုတာ အရာရာကိုလည်စင်းခံပြီး သေရမယ့်အချိန်ကို ထိုင်စောင့်နေတာမျိုးတော့ ဟုတ်ဟန်မတူဘူး။ လူတယောက်နဲ့တယောက် တန်ဖိုးချင်းကွာသွားတာက ဘယ်လို ‘နေရဲ’ ခဲ့တယ်ဆိုတာ ကွာခြားသွားလို့ပါပဲ။ တကယ် ‘နေရဲ’တဲ့သူတွေဟာ တကယ်လည်း ‘သေရဲ’ခဲ့ကြတယ်။
■ သတင်း
– ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စုစုပေါင်း ခြောက်ဦးကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် လေးဦး အနက်မှ တစ်ဦးကို ရာထူးမှထုတ်ပယ်ခြင်း၊ နှစ်ဦးကို တာဝန်မှ (၆)လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးကို စာဖြင့် သတိပေးအရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံ ဖော်ပြထားသည်။
People’s Spring
– ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် (၂၂) နှစ်အရွယ် မေလရောင်(ခေါ်)အမွှေစိန်သည် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) ထံ နိုဝင်ဘာ ၁၂ရက်က ဆက် သွယ်၍ အဖမ်းခံခဲ့ကြောင်း အဆိုပါအဖွဲ့ ဒုတာဝန်ခံ ကိုသီဟက ပြောသည်။
ကျန်တရားခံများအနေဖြင့်လည်း အချိန်မလွန်မီ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်- ပလဖ)ထံ ဆက်သွယ်၍ လာရောက်အဖမ်းခံကြရန် အဆိုပါအဖွဲ့က သတိပေးထားသည်။
အဆိုပါဓါးပြမှုတွင်ပါဝင်ခဲ့သည့် အမျိုးသား သုံးဦးကိုလည်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ ပလဖအဖွဲ့က အောက်တိုဘာ ၁၅ရက်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ နဝရက်ရွှေဆိုင်အပါအဝင် နေရာသုံးခုတွင် ဓါးပြတိုက်ခံခဲ့ရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။
People’s Spring
■ ဖတ်စရာမှတ်စရာ
(ကဗျာ)
“ထောင်မှူး”
The Jailer
ကျမရဲ့ညချွေးတွေဟာ သူ့မနက်စာပန်းကန်ကို
ဆီလူးပေးတယ်။
မူလနေရာကို တွန်းလှည်းနဲ့ တွန်းလာတာ
မပြောင်းလဲတဲ့အပြာရောင် ဆီးနှင်းထုရဲ့
ကြော်ငြာစာရွက်တွေ
မပြောင်းလဲတဲ့သစ်ပင်တွေနဲ့
သချိုင်းကုန်းက ကျောက်စာတိုင်တွေ။
သူလုပ်ပေးနိုင်တာ ဒါပဲလားဟင်
သော့တွဲတချွင်ချွင်နဲ့ လူ ။
ကျမကို မေ့ဆေးပေးပြီး အဓမ္မကျင့်ခဲ့တယ်
ကျမစိတ်ဟာ ခုနှစ်နာရီလောက်လွင့်စဉ်သွားပြီး
အနက်ရောင်အိတ်တလုံးထဲ ရောက်သွားတယ်။
အဲဒီမှာ ကျမ သက်သောင့်သက်သာနေလိုက်တယ်။
သန္ဓေသား၊ ဒါမှမဟုတ် ကြောင်တကောင်
တခုခု ပျောက်ဆုံးသွားခဲ့ပြီ။
ကျမရဲ့အိပ်ဆေးတွေ
ကျမရဲ့ အနီနဲ့ အပြာ ဇက်ပလင်လေယဉ်တွေဟာ
ကြောက်စရာအမြင့်ကြီးကနေ
ကျမကို ပစ်ချကြတယ်။
ကျမရဲ့အခွံဟာ ကွဲအက်ကြေမွသွား
ငှက်တွေရဲ့နှုတ်သီးတွေဆီ
ကျမ ပျံသွားတော့တယ်။
အို လွန်ပူလေးတို့
ဟောဒီ စက္ကူနေ့တွေထဲမှာ
အပေါက်တွေ ဘယ်လောက်တောင် ပြည့်နေကြပြီလဲ။
ကျမကို သူ့ဆေးလိပ် မီးရဲရဲနဲ့တို့တယ်
ကျမဟာ ပန်းနုရောင်လက်ဖဝါးတွေရှိတဲ့
ကျေးကျွန်ကပ္ပလီမလို နေပြတယ်။
သူလုပ်သမျှကို
ရယ်မောပြီး ဟန်ဆောင်နေခဲ့တယ်။
ကျမဟာာ ကျမပဲ
အဲဒါ မလုံလောက်သေးဘူးလား။
အဖျားဟာ ရေလို စီးကျ
ကျမဆံပင်တွေ မာခဲသွားကြတဲ့အထိပဲ။
ကျမ နံရိုးတွေ ပေါ်လာတယ်။
ကျမ ဘာစားပြီးပြီလဲ။
လိမ်ညာမှုတွေနဲ့ ပလီတဲ့အပြုံးတွေ။
မိုးကောင်းကင်ဟာ
အဲဒီအရောင် မဟုတ်လောက်ပါဘူး
မြက်ပင်တွေဟာ ယိမ်းလှုပ်နေကြသင့်တာပဲ။
တနေ့လုံးပဲ မီးခြစ်ဆံတွေနဲ့
ဘုရားရှိခိုးကျောင်းပုံ ဆောက်နေခဲ့တယ်။
ကျမစိတ်ကူးထဲ ကြည်နူးနေတာ
သူမဟုတ်ဘူး၊ အခြားတယောက်။
အဲ့သလို သူ့ကို ပုန်ကန်လို့တဲ့
ကျမကို သူညှင်းပန်းတယ်
သူ့ရဲ့ သံချပ်ကာအကျီအတုနဲ့
သူ့ရဲ့ မြင့်မားအေးစက်တဲ့
အတိတ်မေ့ရောဂါ မျက်နှာဖုံးတွေနဲ့။
ကျမ ဒီကို ဘယ်လိုရောက်လာခဲ့ပါလိ်မ့်
ဝိုးတဝါးရာဇဝတ်သား
ကျမဟာ သေနည်းအမျိုးမျိုးနဲ့ သေဖူးတယ်။
ကြိုးကွင်းစွပ်၊ အစာငတ်ခံ၊ မီးကျွမ်း
သံဆူးချိတ်မှာ တွဲလောင်းကျ။
သူ့ကို
ဟိုးအဝေးက မြုံနေတဲ့မိုးကြိုးအဖြစ်
ကျမ စိတ်ကူးကြည့်မိတယ်။
သူ့အရိပ်အောက်မှာ ကျမရဲ့မဖြစ်စလောက်
ရှားပါးရိက္ခာ ကျမ စားပြီးပြီ။
သူသေသွားပါစေ
ဒါမှမဟုတ် ဟိုးအဝေးကို ရောက်သွားပါစေ။
ဒါပေမဲ့ မဖြစ်နိုင်ပါဘူး
လုံးဝ မဖြစ်နိုင်ပါဘူး
အဲဒီ့အရာဟာ ထိန်းချုပ်လို့ မရ
လွတ်လပ်နေတယ်။
ဖျားနာမှုကို မစားသောက်ရရင်
အမှောင်ထုဟာ ဘာလုပ်မလဲ
မျက်လုံးတွေကို ဓါးချွန်ချွန်နဲ့
မထိုးဆွရရင်
အလင်းရောင်ဟာ ဘာလုပ်မလဲ။
ကျမ မရှိတော့ရင်
သူဘာတွေ လုပ် လုပ် လုပ်နေမလဲ။ ။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*