5
ညီလင်းအိမ်
‘မန်ချူးရီးယားက မိန်းမပျက်’

ဒီရုပ်ရှင်ကျတော့ မိန်းမတယောက်ရဲ့ ခိုမှီးရာနဲ့ စစ်အတွင်းက ကစဉ့်ကလျား အခြေအနေတွေကို ပြတဲ့ ရုပ်ရှင်။ ဂျပန်ဘက်က ရိုက်ပြတယ်ဆိုလို့ ကိုယ်တွေ မြင်ဖူးနေကျ ပေါ်လစီ ရုပ်ရှင်ထဲကလို ကောင်းမွန် မွန်မြတ်လှတဲ့ နိပွန်စစ်တပ်မဟာကြီးလို့ မြင်ကြရမယ် မထင်နဲ့။ ဂျပန်ဒါရိုက်တာတွေက အဲသလို ပေါတောတောတွေမျိုးကို ဘယ်တော့မှ ရိုက်ပြမှာ မဟုတ်ဘူး။ ဒီရုပ်ရှင်ထဲမှာ ရွံရှာဖွယ်ရာကောင်းတဲ့ ဖက်ဆစ်စနစ်ရဲ့ ဆိုးဝါးမှုတွေ။ စစ်အတွင်းမှာ ထွက်ပေါက်မဲ့နေတဲ့ စစ်သားများရဲ့ ဘဝတွေ။ ပြီးတော့ ဖိနှိပ်ခံဘဝမှာပဲ ရှင်သန်ကြရတဲ့ အမျိုးသမီးများရဲ့ အခြေအနေတွေကို တင်ပြထားသလို အင်မတန်မှ လှပတဲ့ ရိုက်ချက်တွေကိုလည်း ခံစားရှုမြင်ခဲ့ရတဲ့ အနုပညာမြောက် ရုပ်ရှင် ဖြစ်လာပါတယ်။
ဒီရုပ်ရှင်ကားဟာ ရိုက်ကူးသူ ဒါရိုက်တာကြီး Seijun Suzuki ရဲ့ Flesh Trilogy ထဲက ဒုတိယမြောက် လက်ရာဖြစ်တယ်။ ပထမ လက်ရာ Gate of Flesh (1964) ၊ ယခု Story Of A Prostitute ( 1965) ၊ Carmen from Kawachi (1966) ဆိုပြီး ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့ ရုပ်ရှင်သုံးကားဖြစ်ပြီး Flesh Trilogy လို့ ရည်ညွှန်းကြတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တော့ တရုတ်မှာလည်း ဂျပန်တွေကို တွန်းလှန်နေကြပြီ။ အဲဒီမှာပဲ မန်ချူးရီးယားဘက်ကို ဂျပန်ပြည့်တန်ဆာအမျိုးသမီးတွေက ရှေ့တန်းစစ်သည်များအတွက် လိင်ဖျော်ဖြေရေး သမ များအဖြစ် သွားရောက်ကြရတယ်။ ယခုရုပ်ရှင်ဟာ ယင်း စစ်မြေပြင်အတွင်းက ဟာရူမီ ဆိုတဲ့ ပြည့်တန်ဆာမကလေးနဲ့ ဂျပန်အရာရှိကလေးအကြားက ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ဇာတ်ကြောင်း ဖြစ်တယ်။ လိင်စိတ်မွတ်သိပ်နေကြတဲ့ ရှေ့တန်းရောက် ဂျပန်စစ်သားတွေမှာ သူတို့တွေအလုံးလိုက်အခဲလိုက် ရောက်လာကြတော့ ခဲဖွယ်ကိတ်ကို တွေ့လိုက်ရတဲ့ ယင်ကောင်များသဖွယ်ပေါ့။ အလုအယက်နဲ့ ပြည့်တန်ဆာတွေဆီကို စီတန်းဝင်ရောက်ကြတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီမှာလည်း ဗိုလ်တွေကပဲ အခွင့်ထူးခံပါပဲ။ သူတို့အလှည့်ပြီးမှ နောက်တပ်သားတွေက အလှည့်ကျ ပျော်ပါးရတယ်။
လှလည်းလှ စွာလည်းစွာတဲ့ ဟာရူမီက စစ်ဗိုလ်ကြီးရဲ့ လက်စွဲတော် အသုံးတော်ခံ ဖြစ်လာတယ်။ ဂျပန်စစ်သားတွေအဖို့မှာတော့ ဒီစစ်ပွဲတွေကြားထဲမှာ သူတို့တွေကို လိင်အလုပ်သမသက်သက်အမြင်ထက် မပိုပါဘူး။ သူတို့တွေ တာဝန်ကလည်း စိတ်အပန်းဖြေပေးဖို့နဲ့ သူတို့လိုအင်ကို လိုက်လျောပေးဖို့ပဲ။ ဒါဆိုရင် တာဝန်ကျေပြီ မဟုတ်လား။ ရုပ်ရှင်ဟာ စစ်ပွဲကာလအတွင်းက ဂျပန်စစ်သားတွေရဲ့ အပြုအမူတွေနဲ့ အထက်အောက် ကြီးနိုင်ငယ်ညှင်း ဖြစ်နေကြတာတွေကို ပြပါတယ်။ ဖက်ဆစ်စစ်တပ်ဖြစ်တဲ့ အတိုင်းပဲ အထက်ကလူပြောသမျှကို အောက်လူက မှားမှား မှန်မှန် ငုံ့ခံရသလို။ ဗိုလ်ကြီးတွေရဲ့ ဗာဟီရတွေကစလို့ ဖိနပ်ကြိုးချည်ပေးရတာတွေအထိ အောက်ကလူကပဲ လုပ်ပေးရတယ်။ ရိုက်လည်းခံ ဆဲလည်းခံ။ စောဒက တက်ပိုင်ခွင့် မရှိ။ ချုံခိုတိုက်ခိုက်တာကို ခံကြရတဲ့အခါမှာလည်း သွေးပျက်နေကြတဲ့ ဂျပန်စစ်သားတွေက မဆီဆိုင်တဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအထိ ပြဆိုထားတယ်။ ဒီထဲက သူတို့တွေကို မြင်ရတဲ့အခါမှာ ခင်ဗျားတို့ ကျနော်တို့အနေနဲ့ ကိုယ့်ပြည်မှာပဲ ထင်တိုင်းကြဲ လုပ်နေတဲ့ မအလ ဖက်ဆစ်စစ်တပ်နဲ့ တထေရာတည်း တူနေတာကို မြင်ရပါလိမ့်မယ်။
ဖက်ဆစ်စနစ်ရဲ့ ဆိုးမွေကို အမြစ်မဖြတ်နိုင်ခဲ့ကြတဲ့ ကျနော်တို့ တိုင်းသူပြည်သားတွေမှာ ယခုထက်တိုင် တွန်းလှန်နေကြရတာဟာလည်း ဆိုးဝါးလွန်းလှတဲ့ ကျနော်တို့ပြည်ရဲ့ သမိုင်းဖြစ်စဉ် တရပ်ပါပဲ။
ဟီရူမီကတော့ တိရစ္ဆာန်တကောင်လိုပဲ သူမကို ဆက်ဆံသလို ကြီးနိုင်ငယ်ညှင်း လုပ်တတ်တဲ့ ဂျပန်ဗိုလ်ကြီးကို တစက်ကလေးမှ အမြင်မကြည်လှ။ မုန်းတီးလွန်းလှပေမဲ့ လိင်အလုပ်သမဆိုတော့ ကြည်ဖြူပေးရတယ်။ သူမချစ်နေမိတာက ဂျပန်အရာရှိကလေး။ အရာရှိကလေးခမျာမှာလည်း သူမအပေါ်ကို တပ်မက်နေမိတဲ့လည်း ဗိုလ်ကြီးစားတော်ပွဲကို သွားထိဖို့မရဲတာကြောင့် အနားမကပ်ရဲရှာ။ ဟီရူမီက သွေးကြောင်လွန်းလှတဲ့ သူ့ကို မချင့်မရဲဖြစ် ပေါက်ကွဲမိနေတယ်။ မိုးတွေ ရွာတဲ့ညက ဂျပန်ဗိုလ်ကြီးက သူမခန္ဓာကို အားပါးတရ စားသုံးပြီး အိပ်မောကျနေချိန်မှာ သူရှိရာကို အပြေးကလေးလာခဲ့ပေမဲ့ ကျောက်တိုင်ကြီးလိုပဲတဲ့။ သူမ ဒေါသထွက်အော်ဟစ်ပြီး ပတ်ထားတဲ့ အဝတ်တွေကို တလွာချင်း ခွာချမိပြီး ထွက်ပြေးမိပါရောတဲ့။
ဂျပန်တပ်သားတွေအများစုက လူစိတ်ပျောက်နေကြတာ မှန်ပေမဲ့ အဲထဲမှာ စာကလေးဖတ်၊ တွေးခေါ်နေတတ်တဲ့ စစ်သားတယောက်လည်း ပါတယ်။ ဆိုတော့ ယခု ရုပ်ရှင်ထဲမှာ အမိန့်နာခံလွန်းလှတဲ့ စစ်သားကလေးရယ်၊ အကြောက်အလန့်ကင်းမဲ့တဲ့ မိန်းမပျိုကလေးရယ်နဲ့ ပိုမိုပြင်းထန်လာတဲ့ စစ်ပွဲကာလထဲမှာ ဘာတွေဖြစ်လာမလဲဆိုတာကို မွန်းကျပ်တဲ့စိတ်ခံစားချက်များနဲ့ ဆက်လက်ရှု့စားရဖို့ ဖြစ်လာသလို ကျနော့်စိတ်ထဲမှာတော့ နတ်နွယ် မြန်မာပြန်ထားတဲ့ စာအုပ်ဖြစ်တဲ့ ရောမက မိန်းမပျက် ဇာတ်လမ်းကို Version အသစ်တခုအဖြစ် ကြည့်ရှု့နေရတယ်လို့သာ မှတ်ထင်လာရပါတယ်။
ရုပ်ရှင်ရည်ညွှန်း – Story Of A Prostitute Movie ( 1965 )