
“မမျှော်သာသည်”
(ဇာတ်သိမ်း)

“ဟော ၉ နာရီတောင်ခွဲတော့မယ်၊ ပြန်ကြမယ်လေ၊ အဆောင်ပိတ်ချိန်အမှီပြန်မီကောင်းမယ်” နေလင်းက နာရီကိုကြည့်ရင်း ပြောလိုက်၏။ ထိုအခါ ပန်း၀တ်မှုန်က “ဒါဆိုလည်း ပြန်ကြတာပေါ့၊ ချစ်လေး ၀င့်ဝါတို့နဲ့ပဲ ပြန်လိုက်မယ်မောင်၊ မောင်လိုက်ပို့မနေနဲ့တော့” ဟုပြော၏။ ပြီးနောက် “ကိုညိုကြီးရေ ကျွန်မတို့ဝိုင်းရှင်းမယ်” ဟုဆိုကာ ကျသင့်ငွေအားပေးချေပြီး အဆောင်ရှိရာသို့ ပြန်ခဲ့ကြ၏။
ထိုနေ့ ညနေစကားဝိုင်းတွင် သာမန်အရေးကိစ္စတခုသာဖြစ်သော ဝူဟန်ဗိုင်းရပ်စ်ကိစ္စသည် နေ့ချင်းညချင်းပင် ကမ္ဘာ့အရေးအခင်းကြီးတခု ဖြစ်လာခဲ့သည်။၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှတဆင့် စတင်ပျံ့နှံ့လာသော ထိုကူးစက်မြန် အဆုတ်ယောင်ရောဂါကို ဆေးပညာရှင်များက ကိုဗစ်နိုင်တင်း ဟု အမည်ပေးခဲ့ကြသည်။ ရောဂါကိုဖြစ်ပွားစေသော ဗိုင်းရပ်စ်မှာ ကိုရိုနာဟုခေါ်သော ဗိုင်းရပ်စ်တမျိုး ဖြစ်သောကြောင့် ထိုသို့ခေါ်ကြခြင်းဖြစ်၏။
ကိုဗစ်နိုင်တင်း ရောဂါများ မြန်မာပြည်တွင် ကူးစက်မှုမြင့်မားလာချိန်သည် နိုင်လင်းတို့ တက္ကသိုလ်များတွင် စာမေးပွဲ ဖြေနေကြချိန်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအတွက် ရောဂါကူးစက်မှုနှုန်း ထိန်းချုပ်နိုင်ရေးမှာ ရုန်းကန်နေရသော အခြေအနေဖြစ်လာ၏။
လေမှတဆင့်ကူးစက်နိုင်သောရောဂါဖြစ်ရာ လူစုလူဝေး ဖြစ်နိုင်သော အခြေအနေများကို ကန့်သက်လိုက်ရ၏။ စာမေးပွဲ ဖြေနေဆဲမှာပင် တက္ကသိုလ်များ ပိတ်လိုက်ရ၏။
ထိုကာလများတွင် နေလင်းနှင့် ပန်း၀တ်မှုန်တို့လည်း
ကိုယ့်ဒေသကိုယ်ပြန်ပြီးနေကြ၏။ တနှစ်ခန့်ကြာသောအခါမှသာ ရောဂါအခြေအနေများကို ပြန်လည်ထိန်းချုပ်လာနိုင်၏။
နေလင်းတို့ကျောင်းသားလူငယ်များမှာ တနှစ်ခန့်အချိန်ကုန်သွားရသော်လည်း ဘ၀ခရီးအတွက် ရှေ့ဆက် လျှောက်လှမ်းနိုင်တော့မည်ဖြစ်၍ အားတက်လာကြ၏။ နေလင်းက သူနှင့် ပန်း၀တ်မှုန်တို့ နှစ်ဦးသား ဤလောကလူ့ဘောင်တွင်
အတူလက်တွဲ လျှောက်လှမ်းကြရမည့် နေ့ရက်များဆီသို့ လှမ်းမျှော်ကြည့်မိ၏။ ထိုသို့စိတ်ကူးမိတိုင်း အနာဂတ်အတွက် အားအင်သစ်များ တိုးပွားလာသည်ဟူ၍ပင် ခံစားနေရ၏။
သို့သော် နေလင်း၏ အပျော်များမှာ ကြာကြာမခံပေ။ နေလင်းသာမက မြန်မာပြည်သူပြည်သားများ၏ အနာဂတ်လမ်းများ ဝေဝါးမှေးမှိန်ကြရတော့မည့်အရေးမှာ ကိုယ်ကျိုးရှာအတ္တသမားတစုကြောင့် ပေါ်ပေါက်လာခဲ့ရပြီဖြစ်သည်။
ထိုနေ့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဖြစ်၏။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီထံမှ အာဏာသုံးရပ်ကို မြန်မာစစ်တပ်မှ လုယူလိုက်လေ၏။ ခေတ်အဆက်ဆက် ပြည်သူလူထုအား လက်နက်ဖြင့်ဗိုလ်ကျစိုးမိုးလာခဲ့သော မြန်မာစစ်တပ်သည် သူတို့၏ အကျင့်ဆိုးအား မစွန့်လွှတ်နိုင်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်၏။
နေလင်းသည် အာဏာသိမ်းမှု့ ဖြစ်ပွားသည့်နေ့မှာပင် မြန်မာစစ်တပ်အား လက်နက်ကိုင် တွန်းလှန်မှသာလျှင် အနာဂတ်မြန်မာပြည်သူတို့၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် အာမခံချက် ပြည့်ပြည့်၀၀ ပြန်လည်ရရှိမည်ဟု တွေးမိ၏။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ဆောင်ရွက်နိုင်ရန် အခြေအနေကို စောင့်ဆိုင်းနေလိုက်၏။ စစ်တပ်သည်အာဏာသိမ်းသည့်နေ့မှစ၍ ဆက်သွယ်ရေးလိုင်းများကိုဖြတ်တောက်ထား၏။ ထို့ကြောင့် နေလင်းအနေဖြင့် ထိုကာလများတွင် ပန်း၀တ်မှုန်နှင့် အဆက်အသွယ်ပြတ်နေ၏။
ဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်လာသောအခါ နေလင်းသည် သူ၏ဆုံးဖြတ်ချက်ကို ပန်း၀တ်မှုန်အား ပြောပြလေ၏။
ပန်း၀တ်မှုန်သည်လည်း စစ်တပ်မှအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကျွန်ပညာရေးစနစ်အောက်တွင် ကျောင်းပြန်မတက်တော့ရန်ဆုံးဖြတ်ထားပြီးဖြစ်၏။ သို့သော် နေလင်းရွေးချယ်မည့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုမူ သဘောမတူပေ။
ပန်း၀တ်မှုန်က နေလင်းနှင့်အတူ ပြည်ပသို့သွားရောက်နေထိုင်ကာ ဘ၀သစ်စလို၏။ နေလင်းက ထိုသို့မလုပ်နိုင်သဖြင့် သူတို့ချစ်သူနှစ်ဦးမှာ သဘောထားကွဲလွဲခဲ့ကြ၏။ နေလင်းမှာ အသက်တမျှ ချစ်ရသော ချစ်သူနှင့် ယုံကြည်ချက် ကြားတွင် ဗျာများနေရလေ၏။
ထိုအချိန်မှာပင် နေလင်းသည် သူ၏ ရွေးချယ်ဆုံးဖြတ်ရခက်နေသော လမ်းနှစ်သွယ်မှ တလမ်းကို ခိုင်ခိုင်မာမာ ရွေးချယ်ရတော့မည့် အကြောင်းများမှာ ပေါ်ပေါက်လာခဲ့ပြန်သည်။ မြန်မာစစ်တပ်သည် အာဏာလု စစ်ခေါင်းဆောင်များ၏ အလိုအတိုင်း ပြည်သူလူထုကို လက်နက်အားကိုး ဖိနှိပ်လာသောကြောင့်ဖြစ်၏။ စစ်အာဏာသိမ်းမှုကို အလိုမရှိသောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေကြသော ပြည်သူလူထုကို မြန်မာစစ်တပ်က ရက်ရက်စက်စက်ပစ်ခတ် ဖြိုခွဲလေ၏။ မြန်မာပြည်သူအများအပြား ကျဆုံးရ၏။ ထိုထဲတွင် အသက်အရွယ်မျိုးစုံ၊ လူတန်းစားပေါင်းစုံ ပါ၀င်လေသည်။
ထိုသို့သော အခြေအနေမျိုးတွင် နေလင်းသည် ကိုယ်လွတ်ရုန်းခြင်းဆန်သည့် အလုပ်မျိုးကို မလုပ်နိုင်ပေ။ ထို့ကြောင့် အာဏာလု စစ်အုပ်စုအား
လက်နက်စွဲကိုင်တော်လှန်ရန် အပြီးတိုင်ဆုံးဖြတ်လိုက်၏။ ထိုဆုံးဖြတ်ချက်ကို ပန်း၀တ်မှုန်အား ဖုန်းဆက်ကာ ပြောပြ၏။
ပန်း၀တ်မှုန်မှာ နေလင်း၏ ဆုံးဖြတ်ချက်ကိုကြားသောအခါ “မောင်ရယ်၊ မောင့်ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား၊ မောင်ရွေးတဲ့လမ်းဟာ ချစ်လေးနဲ့မောင့်ကို အပြီးတိုင်ခွဲပစ်မယ့် လမ်းလည်း ဖြစ်သွားနိုင်တယ်၊ ချစ်လေးမောင့်ကို သိပ်စိတ်ပူတယ်၊ ချစ်လေးမောင့်ကို ဘယ်လောက်ထိချစ်လည်းဆိုတာ မောင်အသိဆုံးပါမောင်၊ ချစ်လေးကိုယ်တိုင်လည်း မတရားမှုကိုလက်မခံပါဘူး၊ ဒါပေမယ့် ကိုယ့်ချစ်သူ ဒုက္ခတောထဲ ခုန်ဆင်းမှာကိုတော့ မလိုလားဘူးမောင်၊ ချစ်လေးတားလို့မရရင်လည်း မောင်ရွေးတဲ့လမ်းကို မောင်လျှောက်ပါ၊ ချစ်လေး စောင့်နေမယ်လို့တော့ ကတိမပေးဘူးမောင်၊ ဒါပေမယ့် ချစ်လေးနဲ့မောင်နဲ့ အမြန်ဆုံးနီးဖို့တော့ အမြဲဆုတောင်းပေးနေပါ့မယ်” ဟု ရှိုက်ရင်းငိုရင်းပြောလေ၏။
နေလင်းလည်း ပန်း၀တ်မှုန်၏စကားကိုကြားသော် အသံတိတ်ငိုကြွေးလေတော့၏။ သို့သော်သူ၏ဆုံးဖြတ်ချက်ကို လုံး၀မပြင်နိုင်ပေ။
နေလင်းမှာ နာကျင်ခံစားရမှုများကြားမှပင်
“မောင့်ယုံကြည်ချက်အရ ဒီလက်နက်ကိုင်တော်လှန်ရေးလမ်းကို မရွေးမဖြစ်ရွေးလိုက်ရတာပါ အချစ်ရယ်၊ မောင်လည်း အချစ်နဲ့လုံး၀ မဝေးချင်ပါဘူး၊ မောင် ဒီလမ်းကိုရွေးလိုက်တာဟာ အချစ်ကို မချစ်လို့မဟုတ်ဖူးဆိုတာအချစ်သိရင်ပဲ မောင်ကျေနပ်ပါတယ်” ဟု နေလင်းက အသံကိုထိန်း၍ပြောကာ ဖုန်းချလိုက်လေ၏။
နောက်တနေ့တွင်ပင် နေလင်းသည်သူ၏ဆုံးဖြတ်ချက်အတိုင်း လက်နက်ကိုင်တော်လှန်ရေးလမ်းကို လျှောက်လှမ်းရန် နယ်စပ်ဒေသရှိ ရည်မှန်းချက်တူသော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တခု၏ ထိန်းချုပ်နယ်မြေသို့ ထွက်ခွာလာခဲ့၏။
နေလင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နယ်မြေသို့ရောက်ချိန်သည် ထိုဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပီဒီအက်ဖ်)ကို စတင်စုဖွဲ့ လေ့ကျင့်နေချိန်ဖြစ်သည်။ မြန်မာပြည်အတွင်းမှ စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်လိုသော လူငယ်များကို စုဆောင်းလေ့ကျင့်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုစုဖွဲ့ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်၏။ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း အာဏာလုစစ်တပ်လက်မှ လွတ်မြောက်လာသော ၂၀၂၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အမှန်တရားကိုမြတ်နိုးသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများကို အခြေခံပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အဖိနှိပ်ခံ မြန်မာပြည်သူများ၏ တခဲနက်ထောက်ခံမှု၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ဖေးမကူညီမှုဖြင့် အချိန်တိုအတွင်း အင်အားကြီးထွားလာခဲ့သည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး စဦးနှစ်များတွင် နေလင်းတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများသည် တော်လှန်ရေး၏ သဘောသဘာ၀အတိုင်း ပြောက်ကျားစစ်ကို အားပြုကာ ရန်သူအာဏာလုစစ်တပ်ကို ရင်ဆိုင်ကြရ၏။
နေလင်းသည် ပြည်သူ့ကာကွယ်ရေး တပ်မတော်တွင် တာ၀န်ထမ်းဆောင်ရင်း ရဲဘော်ရဲဘက်ကောင်းများစွာရလာ၏။ ထိုထဲတွင် သူနှင့်ရွယ်တူ လူငယ်စုံတွဲတတွဲပါလေ၏။ ကိုထက်နှင့် နွယ်နီ ဆိုသော ချစ်သူနှစ်ဦးဖြစ်၏။ သူတို့နှစ်ဦးသည် မန္တလေးမှ ရောက်လာကြသော တော်လှန်ရေးတပ်သားများဖြစ်၏။ နေလင်းနှင့် အခြေခံစစ်သင်တန်းအပါတ်စဉ် အတူတူတက်ရောက်ကြသူများဖြစ်ရာ လွန်စွာရင်းနီးလေ၏။
စစ်အာဏာရှင်တော်လှန်ရေးတွင် တက်ညီလက်ညီပါ၀င်နေကြသော ကိုထက်နှင့် နွယ်နီတို့ကိုကြည့်ကာ နေလင်းသည် သူ၏ချစ်သူ ပန်း၀တ်မှုန်ကို အမြဲသတိရနေလေတော့၏။
မတရားမှုကို လက်မခံကြပုံချင်းတူသော်လည်း ပြန်လည်တုန့်ပြန်ကြပုံချင်းမတူသည်မှာ လူ့သဘာသဘာ၀ ဖြစ်သည်ကို နေလင်း လက်ခံပါသည်။
သို့သော်လည်း ပန်း၀တ်မှုန်သာ သူနှင့်အတူ လက်နက်ကိုင် တော်လှန်ရးတွင် ပါ၀င်ခဲ့လျှင် ယခုအချိန်တွင် သူတို့ ချစ်သူနှစ်ဦး တနယ်ဆီဝေးနေမည်မဟုတ်ဟုလည်း တွေးမိ၏။ ပန်း၀တ်မှုန်တယောက် သူရှိရာ လိုက်လာမည့်နေ့ကိုလည်း အမြဲမျှော်လင့်နေမိ၏။
တနေ့၌ နေလင်းတို့၏ နောက်တန်းဌာနချုပ်သို့
ရန်သူမှ ပစ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲရာ ကိုထက်၏ချစ်သူနွယ်နီသည် လက်နက်ကြီးကျည် ပေါက်ကွဲမှု့ကြောင့် ထိမှန်ကျဆုံးရလေ၏။ ကိုထက်မှာ သူ့ချစ်သူအတွက် ဖြေမဆည်နိုင်အောင်၀မ်းနည်းရ၏။ နေလင်းသည်လည်း သူငယ်ချင်းအတွက် အလွန်ပင်၀မ်းနည်းရလေ၏။
သို့သော် နေလင်း၏စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး ရည်မှန်းချက်မှာ ပိုမိုခိုင်မာလာခဲ့၏။ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးတွင် နွယ်နီတို့ကဲ့သို့ နုနုနယ်နယ် မိန်းကလေးငယ်များအပါအ၀င် လူငယ်လူရွယ်များစွာတို့သည် အသက်ဘ၀များစွာကို ပေးဆပ်ထားခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့် နေလင်းသည် သူအသက်ရှင်နေသရွေ့ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်မည်ဟု ခိုင်ခိုင်မာမာဆုံးဖြတ်ထားလေ၏။ သူသိပ်ချစ်ရသော ပန်း၀တ်မှုန်ကိုမူ အမြဲ သတိရနေလေ၏။ ပန်း၀တ်မှုန်လည်း သူ့ကို သတိရနေလိမ့်မည်ဟု ထင်၏။
သို့သော်လည်း နေလင်းသည် တော်လှန်ရေးလုပ်ရန် အိမ်မှ ထွက်လာသည့်နေ့မှစ၍ ပန်း၀တ်မှုန်ထံ အဆက်အသွယ်မလုပ်ဖြစ်ပေ။ သူသိပ်ချစ်ရသော ပန်း၀တ်မှုန် နာကျင်ခံစားနေရမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
မတရားဖိနှိပ်အနိုင်ကျင့်မှုကို လက်မခံနိုင်ကြသော ပြည်တွင်းပြည်ပမှ မြန်မာပြည်သူတို့၏ ပံ့ပိုးကူညီမှု၊
တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များနှင့် လက်တွဲဆောင်ရွက်နိုင်မှုများကြောင့် သုံးနှစ်ကျော်ကာလအရောက်တွင် နေလင်းတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ရန်သူစစ်အုပ်စုအားတန်ပြန်ထိုးစစ်ဆင်နိုင်သော အခြေအနေသို့ပင် ရောက်လာခဲ့၏။ မြို့ရွာအများအပြားကို အာဏာလုစစ်တပ်လက်မှ ပြန်လည်သိမ်းပိုက်နိုင်လာ၏။
ပြည်သူ့ကာကွယ်ရေတပ်မတော်သည်ပြောက်ကျားစစ်ဆင်ရေးမှ သမားရိုးကျနယ်မြေသိမ်းစစ်ဆင်ရေးသို့ ကူးပြောင်းလာရာ စစ်ဆင်ရေးလိုအပ်ချက်နှင့်အညီ ယခင်က နယ်မြေအလိုက် ဖြန့်ခွဲထားသော တပ်ရင်း၊ တပ်ဖွဲ့များကို ဗျူဟာအဆင့် စုစည်းကာ ရန်သူကို ထုဖြင့်ထိုးစစ်ဆင်လာခဲ့၏။
တနေ့တွင် နေလင်းသည်ဗျူဟာ ရုံးသို့ တာ၀န်တခုဖြင့်သွားရ၏။ ဗျူဟာရုံးတွင် ဖြိုးသူကိုတွေ့ရာ နေလင်းမှာ လွန်စွာ အံ့ဩ၀မ်းသာသွားရ၏။ ထို့ကြောင့် အပြေးသွားကာ နှုတ်ဆက်လေ၏။
“ဟေ့ကောင် ဖြိုးသူ၊ ဘယ်ကနေဘယ်လို ဒီရောက်လာတာလည်းဟ”
“ဟာ၊ နေလင်း၊ မင်းလည်း ဒီဗျူဟာကလား၊ ငါတို့စစ်ကြောင်းက ဒီနေ့ပဲ ရောက်လာတာ၊ ဒီဗျူဟာအောက်ကို လာပေါင်းဖို့ အမိန့်ရလို့လေ၊ ၀မ်းသာလိုက်တာကွာ”
နေလင်းနှင့် ဖြိုးသူတို့သည် ဗျူဟာရုံးဘေးရှိ
တောင်စောင်းတခုတွင်ထိုင်ကာ ၀မ်းသာအားရအပြန်အလှန်နှုတ်ဆက်ကြလေ၏။
“ဖြိုးသူ ရ၊ မင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲ ၀င်လိုက်ပြီဆိုတာတော့ ကြားတယ်ကွ၊ ဒီနယ်မြေ မှာရှိနေတာတော့အခုမှပဲ သိတယ်ကွာ၊ မင်းကိုတွေ့မှ ၀တ်မှုန်ကိုတောင် ပိုသတိရလာပြီ” နေလင်းသည် နောက်ဆုံးကစားလုံးများကို လွမ်းလွမ်းဆွေးဆွေးပြောလိုက်၏။
“မိ၀တ်မှုန်လား၊ မေ့လိုက်ပါတော့ငါ့ကောင်ရာ၊ ခံယူချက်တွေမှ မတူကြဘဲ၊ ဒီလိုခေတ်ဆိုးထဲမှာ မင်းတို့ နီးဖို့ဆိုတာ မလွယ်ပါဘူး၊ ငါက မင်းတို့ နှစ်ယောက်ကို ပြတ်သွားကြပြီထင်တာ” ဟု ဖြိုးသူက ပြောလိုက်၏။
နေလင်း၏မျက်နှာသည် ချက်ချင်း ညှိုးရော်သွား၏။
“ဘာဖြစ်လို့ ငါက ပန်း၀တ်မှုန်ကို မေ့ရမှာလည်း ဖြိုးသူ”
“မင်းတကယ်မသိတာလားဟ၊ သူစေ့စပ်လိုက်ပြီ၊ နောက်လဆို မင်္ဂလာဆောင်မှာ၊ ပြီးတာနဲ့ စင်္ကာပူသွားတော့မှာတဲ့၊ အရင်နေ့က ရွာမှာကျန်ခဲ့တဲ့ ငါ့အစ်မနဲ့ ဖုန်းပြောရင်း စကားစပ်မိပြီး ကြားခဲ့တာ”
နေလင်းမှာ ထိုစကားကိုကြားသည်နှင့် ရင်ထဲတွင် ဆို့နင့်လာကာ စကားပင်မပြန်နိုင်တော့ပေ။
“ငါ့ကောင်ရာလွှတ်ထားလိုက်ပါကွာ၊ မေ့လိုက်စမ်းပါ၊ ဒီခေတ်ကြီးမှာ၊ ငါတို့ကိုချစ်နိုင်တဲ့ မိန်းကလေးတွေ အများကြီးပါ၊ ၀တ်မှုန်တို့ မိသားစု ပုံစံက မင်းနဲ့လည်း ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး” ဟူသော ဖြိုးသူ၏ နှစ်သိမ့်စကားကိုပင် မကြားတချက် ကြားတချက်ဖြစ်နေကာ အဝေးဆီမှ တောင်ယာများဆီသို့ မျှော်ကြည့်နေတော့၏။
ဆောင်းအကုန်နွေအကူးဖြစ်သည့်အတွက် မြူမှုန် ပါးပါး ဆိုင်းနေသော အဝေးတောင်ကုန်းတခုပေါ်ရှိ
တောင်ယာတဲလေးဆီမှ ထွက်လာသော မီးခိုးငွေ့များကိုသာ နေလင်း စိုက်ကြည့်မိနေ၏။ မီးခိုးငွေ့ ပြာမှိုင်းမှိုင်းသည် ကောင်းကင်မှုန်ပြာပြာထက်သို့ ဝေ့ကာလွင့်ကာဝဲတက်သွားကာ နောက်ဆုံးတွင် တဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားလေ၏။ နေလင်း၏ အနာဂတ်မျှော်လင့်ချက်အချို့သည်လည်း ထိုမီးခိုးငွေ့များကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ အမှန်တရားနှင့် အဖိနှိပ်ခံ ပြည်သူလူထုအတွက် တော်လှန်ရေးခရီးကို ရှေ့ဆက်လျှောက်လှမ်းမည်ဆိုသည့် နေလင်း၏ ခံယူချက်တို့သာ ကျောက်သားကျောက်တောင်ကြီးများကဲ့သို့ ခိုင်ခိုင်မြဲမြဲရပ်တည်ကျန်ရစ်ခဲ့လေတော့သည်။
ပြီးပါပြီ။
Be the first to comment