
“မအလကြီးနဲ့ သုံးလေးဘူတာ”ဘေချို
မြေအောက်ရထားလမ်းတွေ ဖောက်တော့မယ်ဆိုတဲ့ စကားလုံးတွေ ရုပ်မြင်သံကြားမှာ ပြောပြီးတဲ့နောက် ငါနဲ့ မအလကြီး တဂျုံးဂျုံးကျနေတဲ့ မမရထားတစီးပေါ်မှာ နေရာဦးရင်းတွေ့ကြ၊ ငါက အညာမှာ ရွာတွေ တရွာပြီးတရွာ ပြာကျကုန်ပြီလို့ ဆီးပြောပြော၊ မအလကြီးကလည်း သူမသိပါဘူးတဲ့၊ သူက တိုင်းပြုပြည်ပြု ဘုရားလောင်း အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်နေသူတယောက်ပါလို့ ခပ်တွေတွေကြီး စိုက်ကြည့်ရင်းပြန်ပြော၊ ပတ်ဝန်းကျင်တခုလုံးက ပိန်းပိတ်အောင် မှောင်နေတာကြောင့် ငါက စီးကရက်တလိပ် မီးညှိပြီးဖွာလိုက်ရင်း ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စည်ကားလင်းထိန်နေခဲ့တာပေါ့လို့ အမှောင်ထဲ လက်ညှိုးထိုးရင်း ရောက်တတ်ရာရာ ပြောလိုက်မိ၊ မအလကြီးက အဲ့ဒီအတွက် မပူပါနဲ့တဲ့၊ နျူကလီးယားစွမ်းအင်စက်ရုံကြီးတွေ သူ့ခေါင်းထဲမှာ တည်ထားပြီးပြီတဲ့၊ မကြာခင် သူပါးစပ်ဟလိုက်တာနဲ့ ဟုန်းခနဲ ဟုန်းခနဲ လင်းသွားစေရမယ်တဲ့၊ ပြောပြီးတော့ ပါလာတဲ့ ရွှေရည်သုတ်ထမင်းချိုင့်ကို ဖွင့်စား၊ ငါက မအလကြီး ဘာဟင်းလဲဗျလို့မေးတော့ ပြည်လုံးချမ်းသာတဲ့၊ ပြောပြီးပြီးချင်း ဆင်ဖြူတော်အရုပ်ပါတဲ့ ငွေစက္ကူတွေကို တရွက်ပြီးတရွက် ပလုပ်ပလောင်း ဝါးစားနေ၊ ငါလည်း စီးကရက်ဆက်ဖွာရင်း ရောက်တတ်ရာရာ တွေးနေမိ၊ ခဏနေတော့ လက်မှတ်စစ် ရောက်လာ၊ ငါ့ကျောက မြန်မာပြည်မြေပုံ မီးလောင်ဒဏ်ရာကြီးကို ပြလိုက်တော့ သူက ငါ့ခြေတုမှာ ဂွပ်ဆိုပြီး စည်းထုချပစ်လိုက်၊ တခွီးခွီးနဲ့ အိပ်ပျော်နေတဲ့ မအလကြီးကိုတော့ မမြင်ချင် ယောင်ဆောင်သွား၊ ငါလည်း မေးစရာတခုပေါ်လာတာနဲ့ မအလခေါင်းထဲကို ဝင်လိုက်သွား၊ မအလကြီးက အစိမ်းရောင်အိပ်မက်ကြီး ဖြန့်ခင်းနေတာနဲ့ တန်းတိုး၊ ငါကလည်း တွေ့တွေ့ချင်းပဲ မအလကြီးရေ၊ ဒီနှစ်တွေထဲ စာသင်ကျောင်းတွေပေါ် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံကြတယ်၊ အောက်က ကျောင်းသားလေးတွေလည်း လေပေါ်မှာပျံဝဲနေကြတယ်နော်လို့ မေးပြောပြောတော့ မအလကြီးက လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂါတ်ပဲ၊ ဒီလိုပဲ ဖြစ်နေရမှာလို့ နှစ်ထောင်းအားရရင်း အစိမ်းရောင်အိပ်မက်ကြီးထဲ ဝင်တိုးအိပ်သွား၊ ငါလည်း မအလကြီးခေါင်းထဲက အမြန်ပြန်ခုန်ထွက်လာပြီး ခုံပေါ်မှာ ငုတ်တုတ်ဟောက်နေတဲ့ မအလကြီးမျက်ခွက်ကို ငါ့ခြေတုနဲ့ ဘုရား၊ တရား၊ သံဃာဆိုပြီး လွှဲရိုက်ရိုက်ပစ်၊ လန့်နိုးသွားတဲ့ မအလကြီးက သွားတွေ ပါးစပ်ထဲက ထွေးထုတ်ရင်း ဘာဖြစ်သွားတာလဲတဲ့၊ ဘုရားရိုက်တာလို့ ငါဖြေတော့ မအလကြီး ခေါင်းကုတ်ရင်း ဒါ ဘာရထားလဲတဲ့၊ ဘယ်ဘူတာမှာ ဆိုက်မှာလဲတဲ့၊ ငါက ဒါ မြေအောက်ရထားလေလို့ပြောတော့ မအလကြီးက လာနောက်နေတာလားတဲ့၊ မယုံသင်္ကာနဲ့ ရထားပြူတင်းအပြင်ကို ခေါင်းပြူကြည့်လေရဲ့၊ အမှောင်ကလွဲလို့ ကျန်တာမမြင်ရတဲ့ လေထုထဲကို မအလကြီးက သူ့ပါးစပ်ထဲက နျူကလီးယားစက်ရုံကြီး ထုတ်ထွန်းတယ်၊ မီးက ဟုန်းခနဲ ထ မလင်းဘဲ ဟုတ်ဟုတ်နဲ့ ပြန်ပြန်ငြိမ်းသွား၊ မအလကြီးက သူ့ပါးစပ်ကို လက်နဲ့အတင်းဆွဲဖြဲလည်း အမှောင်ဟာ ကြီးစိုးမြဲ၊ ငါလည်း မနေနိုင်တဲ့အဆုံး ငါ့ယမ်းမီးခြစ်ဆံတချောင်း ထုတ်ခြစ်ပေးလိုက်တော့ ဆိုင်းဘုတ်တခုကို မြင်လိုက်ကြရတယ်၊ အဝီစိသို့တဲ့၊ မအလကြီးက မျက်နှာကြီး ရှုံ့မဲ့ရင်း ကျုပ် ရထားမှားစီးမိပြီထင်တယ်တဲ့၊ အဲ့ဒါတော့ ကျုပ်မသိဘူးလေ၊ ဒါပေမယ့် ဒီဘူတာကတော့ ခင်ဗျားဆင်းမယ့်ဘူတာပဲလေလို့ပြောရင်း ငါ့ခြေတုမှာပေနေတဲ့သွေးစတွေကို လျှာနဲ့လျက်လိုက်တယ်။
Be the first to comment