”မိုးကုတ်နေ့များ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
အောက်တိုဘာနောက်ဆုံးပတ်က တရုတ်မှာလုပ်ခဲ့တဲ့ စကမနဲ့ဆွေးနွေးပွဲမှာ မိုးကုတ်နဲ့မိုးမိတ်ကနေ ပြန်ဆုတ်ပေးမယ်လို့ TNLA ဘက်က သဘောတူခဲ့တယ်။ နောင်ချိုကျပြီးကတည်းက ကျောက်မဲနဲ့သီပေါကို အလွယ်တကူလက်လွှတ်ခဲ့ရတဲ့အတွက် ခုသဘောတူလိုက်တဲ့ မိုးကုတ်မိုးမိတ်ဟာ သတင်းအထူးအဆန်း ဖြစ်မလာခဲ့ပေမယ့် ရှေ့တော်လှန်ရေးခရီးအတွက် TNLA ရဲ့ရပ်တည်ချက်နဲ့ ရှမ်းမြောက် (ပြီးရင်ရှမ်းပြည်နယ်တခုလုံး) ရဲ့အနေအထားကို ယေဘူယျတွက်ဆလို့ရလာတဲ့ သဘောဖြစ်တယ်။
‘ပထမအဆင့်’
ရှမ်းမြောက်မှာ TNLA ဘက်က ၁၂မြို့သိမ်းထားတဲ့အတွက် ၁၀၂၇ ဒုတိယပိုင်းမှာသိမ်းခဲ့တဲ့ ၅မြို့ကိုပြန်ပေးလိုက်ရလို့ ၁၀၂၇ ပထမပိုင်းကို ပြန်ရောက်သွားတယ်လို့ သုံးသပ်မှုတွေလည်း တွေ့ရတယ်။ ဒါပေမယ့် စကမဘက်က သူ့သဘောထားကို အရင်ဆွေးနွေးပွဲတွေမှာကတည်းက ထုတ်ဖော်ပြသထားခဲ့ပြီးဖြစ်တယ်။ အဲဒါက တအာင်းကို မူလကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သတ်မှတ်ထားတဲ့ မန်တုံနဲ့ နမ့်ဆန် ၂မြို့ကလွဲလို့ ကျန်တဲ့မြို့တွေကို ပြန်ပေးရမယ်ဆိုတာပဲဖြစ်တယ်။
ဒီအပိုင်းကတော့ ဆက်လက်စောင့်ကြည့်ရမယ့်အပိုင်းဖြစ်တယ်။ တအာင်းဘက်မှာ တော်လှန်ရေးကို ဝင်ရောက်ဆင်နွှဲရာမှာ ၁။ တော်လှန်ရေးပန်းတိုင်တခုလုံး ပြီးဆုံးအောင်မြင်တဲ့အထိ လိုက်ပါဖို့နဲ့ ၂။ အနိမ့်ဆုံးနယ်မြေတခုရပြီး ပြည်နယ်သတ်မှတ်ခွင့်ရဖို့ဆိုတဲ့ ရည်မှန်းချက်တွေ ရှိပါလိမ့်မယ်။ စကမရဲ့သဘောထားဟာ တအာင်းကိုအနိမ့်ဆုံးဖြစ်တဲ့နံပါတ်၂ ရည်ရွယ်ချက်ကိုသည်ပင် ပေးဖို့မရှိတာတွေ့ရတယ်။ ဒီတော့ တအာင်းအတွက် နံပတ် ၂ ရည်ရွယ်ချက်ဆိုတာ နံပတ် ၁ အောင်မြင်ပြီးမှသာ ရနိုင်တာမျိုးလို့ လက်ခံလာတဲ့အချိန်အထိ (မှတ်ချက်။ နားလည်ပြီးသားတော့ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိသာမြင်သာလက်ခံလာဖို့ကတော့ အချိန်တခုအထိ) စောင့်ကောင်းစောင့်ကြရမယ် ယူဆရတယ်။ ဒီအနေအထားပုံပေါ်လာတော့မှ တော်လှန်ရေးမှာ တအာင်းရဲ့အခန်းပြီးဆုံးသွားပြီလား၊ ကျန်ရှိနေသေးလားဆိုတာကို ပြောနိုင်မှာဖြစ်တယ်။
ပြည်နယ်အဆင့်လို့ပြောလာရင် တဘက်မှာ တအာင်းပြန်ငဲ့ကြည့်လို့ရတဲ့ အတွေ့အကြုံက MNDAA ရဲ့ အတွေ့အကြုံပဲဖြစ်တယ်။ ဆိုလိုတာက MNDAA အတွက်လည်း ကိုးကန့်ကို ပြည်နယ်တခုလုံး ပေးမယ့်အထိ စကမဘက်က လက်ခံထားခြင်းမရှိဘူး။ ကိုးကန့်ဘက်ကလည်း ဒီအချက်ကို သိသိသာသာအသံမထုတ်ဘူး။ ဒါပေမယ့် လားရှိုးထိသိမ်းပြီးမှ လောက်ကိုင်နယ်စပ်ကိုပြန်သွားပြီး တရုတ်ပြုသမျှနုရမယ့်ဘဝကို သူတို့လည်း လိုချင်မှာမဟုတ်။ (မှတ်ချက်။ ဝသည်ပင်လျှင် ပြည်နယ်တခုအဖြစ် သတ်မှတ်ခံထားရခြင်းမရှိတာကို သတိထားမိစေလိုတယ်။ ဒါဟာ စစ်တပ်ဘက်ကလော်နေတဲ့ အချက်ဖြစ်တယ်။ ပြည်နယ်လိုချင်ရင် လွှတ်တော်ထဲကတောင်းဆိုပါ ဆိုတာပါ။ ရွေးကောက်ပွဲကိုလက်ခံဖို့ဆွယ်နေတာပဲဖြစ်တယ်။)
ပကတိအနေအထားမှာ ကိုးကန့်ကော တအာင်းပါပြည်နယ်အဆင့်ဖြစ်လာဖို့ ၂၀၂၁ စစ်အာဏာမသိမ်းမီက တရားဝင်သတ်မှတ်ထားတဲ့နယ်မြေတွေထက် ပိုလိုမှာဖြစ်တယ်။ စစ်တပ်ဟာ အင်အားတည်ဆောက်ရင်း၊ အသိမ်းခံထားရတဲ့နယ်မြေတွေကိုဗုံးကြဲရင်း သိမ်းပိုက်ခံနယ်မြေတွေကို တရုတ်သဘောထားနဲ့အတူ တဆင့်ချင်းပြန်တောင်းမှာပဲဖြစ်တယ်။ သိန္နီကိုပြန်တောင်းတယ် သတင်းကြားရပေမယ့် တရားဝင်ဘာမှထင်ထင်ရှားရှားဖြစ်ပေါ်လာတာမတွေ့ရဘူး။ ဒါကြောင့် လက်ရှိအနေအထားကို ပထမအဆင့်လို့ ယူဆကြည့်ရမယ့်သဘောဖြစ်လာတယ်။
‘ခိုင်မာတဲ့ဥဦးဆောင်မှုမရှိခြင်းရဲ့အကျိုးဆက်’
တရုတ်ဟာ ကိုးကန့်နဲ့ တအာင်းကို သိမ်းပိုက်ထားတဲ့နယ်မြေတွေအားလုံး စစ်တပ်ကိုပြန်ပေးပြီး အရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ကျေနပ်လိုက်ကြပါဆိုတဲ့အဆင့်အထိ ညှိနှိုင်းပေးဖို့ (တနည်း ဖိအားပေးဖို့) ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်တယ်ဆိုတာကို လက်ခံထားပြီးဖြစ်နိုင်တယ်။ ဒီတော့ နယ်မြေတွေပြန်ပေးဖို့ကိစ္စမှာ အဆင့်လိုက်သွားဖို့ဟာ တရုတ်ဗျူဟာဖြစ်ဖို့ရှိတယ်။ ကိုးကန့်ဆီက လားရှိုးနဲ့ တအာင်းဆီကမြို့ ၅ မြို့ဟာ တရုတ်ဗျူဟာရဲ့ ပထမအဆင့်ဖြစ်နိုင်ချေရှိတယ်။ (မှတ်ချက်။ ဒီနေရာမှာ တရုတ်မှမဟုတ် အီးအေအိုတွေနဲ့ စကမဘက်က ဗျူဟာတွေ၊ သဘောထားတွေအားလုံးကို စုစည်းသုံးသပ်အပြီးမှာ ယခုအဆင့်ကို ပထမအဆင့်သတ်မှတ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ ပေါ်လစီ စတာတွေအားလုံးဟာ မူလသတ်မှတ်ချက်တခုရှိနေနိုင်ပေမယ့် ပြောင်းလဲနေတဲ့ဖြစ်စဥ်နဲ့အတူ ချိန်ဆပြင်ဆင် တည့်မတ်နေရတာမျိုးပဲဖြစ်တယ်။)
တအာင်းဘက်မှာကျန်ရှိနေတဲ့မြို့ ၇ မြို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တဲ့ မန်တုံနဲ့ နမ့်ဆန်ကိုဖယ်ကြည့်ရင် နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့နဲ့ မိုင်းလုံတို့ကို တွေ့ရမှာဖြစ်တယ်။ မိုင်းငေါ့နဲ့မိုင်းလုံဟာ ခရိုင်အဆင့်ကျောက်မဲအပိုင်ထဲကမြို့တွေဖြစ်ပြီး နမ္မတူ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့တွေဟာ စီးပွားရေးအရနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အဓိကကျတဲ့မြို့တွေဖြစ်တာ တွေ့ရတယ်။ ဒါကြောင့် တကယ်သာအကျိုးအမြတ်ကိုကြည့်ပြီး ပြန်ပေးရမယ်ဆိုရင် မိုးကုတ်နဲ့မိုးမိတ်အစား မိုင်းငေါ့နဲ့မိုင်းလုံကိုပြန်ပေးတာဟာ TNLA အတွက်ပိုပြီး ကျိုးကြောင်းဆီလျှော်တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် မိုးကုတ်နဲ့မိုးမိတ်ပြန်ပေးတာဟာ ၁၀၂၇ဒုတိယပိုင်းမှာသိမ်းခဲ့တဲ့မြို့တွေဖြစ်လို့ တရုတ်သဘောမတူလို့ ပြန်ပေးရတယ်ဆိုတာက တပိုင်းဖြစ်သလို စကမဘက်ကပြန်လိုချင်တာလည်းပါ၊ တအာင်းအတွက် သူ့နယ်မဟုတ်တာကြောင့်ထိမ်းချုပ်ရခက်တာလည်း ပါကောင်းပါမယ့်သဘောတွေ့ရတယ်။
(မှတ်ချက်။ ၂၀၂၅ မတ်လတုန်းက တအာင်းတပ်ဖွဲ့ဝင်တွေက မိုးမိတ်အပိုင်က ကေအိုင်အေတပ်စခန်းတခုကိုဝင်စီးနင်းပြီး ကေအိုင်အေအဖွဲ့ဝင်တွေကိုကားနဲ့တင် တခြားတရွာကိုပို့လိုက်တယ်ဆိုတဲ့သတင်းကို သတိထားမိကြပါလိမ့်မယ်။ ကေအိုင်အေနဲ့ တအာင်းအဖွဲ့တွေဟာ ကွတ်ခိုင်၊ နမ့်ဖတ်ကာစတဲ့မြို့တွေမှာလည်း ထိတွေ့မှုတွေ ဖြစ်ခဲ့ကြတယ်)။
အခုလိုထိခတ်မှုတွေဖြစ်ကြရတာဟာ တော်လှန်ရေးအတွင်း သိမ်းပိုက်နိုင်တဲ့မြို့တွေကို တော်လှန်ရေးဦးဆောင်မှုတခုက ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ လူမျိုးစုတခုထဲက ဦးဆောင်သိမ်းပိုက်လိုက်တာကို အကြောင်းရင်းတခုအနေနဲ့တွေ့ရတယ်။ သေသေချာချာလက်ခံထားရှိတဲ့ တော်လှန်ရေးဦးဆောင်မှုဆိုတဲ့ အသင်းအပင်းအဖွဲ့အစည်းမရှိဘဲ ကိုယ်တိုက်ကိုယ်ထိန်းချုပ်ဆိုတဲ့ သဘောထားဟာ တော်လှန်ရေးအတွင်းအက်ကြောင်းတွေကို ဖြစ်စေခဲ့တယ်။ စုစည်းတိုက်ဖို့ခက်ခဲသလို သိမ်းပိုက်မိပြီးသားနယ်မြေတွေကို ထိမ်းချုပ်ဖို့ ခက်ခဲတယ်ဆိုတာကလည်း ကိုးကန့်နဲ့တအာင်း ပြန်ပေးလိုက်ရတဲ့မြို့တွေက နမူနာဖြစ်တယ်။
‘ဒုတိယအဆင့်’
ဆိုတော့ ဒုတိယအဆင့်အတွက် တရုတ်ဗျူဟာဟာ ရွေးကောက်ပွဲကိုစောင့်ဖို့ဆိုတဲ့သဘော တွေ့ရတယ်။ တချိန်တည်းမှာ တရုတ်ဟာ ကချင်နဲ့ဆွေးနွေးဖို့ ဖိအားပေးထားပြီး အချိန်နဲ့နေရာကို သတ်မှတ်ဖို့သာကျန်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတယ်။ ကချင်ဘက်မှာတော့ ကိုးကန့်နဲ့ တအာင်းပုံစံလို တရုတ်အပေါ်ကိုမှီခိုနေရတာမျိုးတော့မဟုတ်။ လက်ထဲမှာ မြေရှားကဒ် ရှိတယ်ဆိုပေမယ့်၊ တော်လှန်ရေးသာ တကယ်ရှည်ကြာနေဦးမယ်ဆိုရင် ကေအိုင်အေဟာ မူလကတည်းက ဆွေးနွေးရေးကို လမ်းကြောင်းတခုအဖြစ် လက်ခံထားတဲ့သဘောကို ဖော်ပြထားပြီးသားဖြစ်တယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်းရှည်ကြာလာခဲ့ပြီဖြစ်တယ်။
ပြည်နယ်တွေမှာနယ်မြေတွေသိမ်းယူတာမျိုးမဟုတ်ဘဲ တကယ်တော်လှန်ရေးဘယ်လောက်အထိ ရှည်ကြာမလဲဆိုတာကိုချိန်ဆမယ်ဆိုရင် ဗဟိုစစ်တိုင်းတွေအတွင်းမှာ ဗမာတွေဘက်က ဘယ်လောက်ဖိအားပေးတိုက်နိုင်မလဲလို့ မေးခွန်းတခုပေါ်ထွက်လာမှာဖြစ်တယ်။ နုဂျီရဲ့ မကွေးနဲ့ ပဲခူးစစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုအပေါ် များစွာမှီတည်နေတာတွေ့ရတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ဒုတိယအဆင့်ဟာ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက ပြည်နယ်သစ်တွေ (ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေသစ်တွေကို) လွှတ်တော်၊ ဥပဒေ၊ စတဲ့ဘောင်တွေအတွင်းက သတ်မှတ်ချက်အသစ်တွေနဲ့ ဆွေးနွေးမယ်လို့ယူဆထားဖွယ်ရှိတယ်။
‘မိုးကုတ်’
မန်းပီဒီအက်ဖ်တွေနဲ့ နယ်မြေခံတွေက တခြားတော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်စုစည်းပြီး တအာင်းထွက်သွားတဲ့ မိုးကုတ်ကို ခုခံကာကွယ်ဖို့ ပြင်ဆင်နေကြတာတွေ့ရတယ်။ ဇူလိုင်လမှာ စကမဖွဲ့ပြီးတဲ့နောက်ပိုင်းစစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့ပေါင်း ၆၃ မြို့နယ်ရှိခဲ့တယ်။ မန္တလေးမှာ ၃ မြို့နယ်ရှိပြီး မိုးကုတ်၊ စဥ့်ကူးနဲ့ ငါးဇွန်တို့ဖြစ်တယ်။ မိုးကုတ်ကို ခုလိုလွယ်လွယ်ပြန်ရဖို့ စကမဘက်ကမျှော်လင့်မထားခဲ့တာ စစ်အုပ်ချုပ်ရေးကြေညာချက်ထဲမှာပါဝင်တာက သက်သေတခုဖြစ်တယ်။
ဗန်းမော်နဲ့ ကျောက်ဖြူလို မိုးကုတ်၊ စဥ့်ကူး၊ သပိတ်ကျဥ်း၊ မတ္တရာ စတဲ့ မန်းမြောက်မှာ နိုဝင်ဘာအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိနေတယ်။ မိုးကုတ်တိုက်ပွဲကိုအားဖြည့်ဖို့အတွက် မိုးကုတ်ကိုတော်လှန်ရေးတပ်တွေစုစည်းဝင်ရောက်လာသလို တခြားနယ်တွေအတွင်းမှာလည်း စစ်တပ်ကိုအလုပ်ပေးဖို့ တိုက်ပွဲတွေထွက်ပေါ်လာဖို့ရှိနေတယ်။ မန်းတောင်ဘက်မြင်းခြံအတွင်းက (ငါးဇွန်၊ နွားထိုးကြီးစတဲ့နယ်တွေ) နဲ့အတူ မန်းနဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲကနယ်တွေ (ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြင်းမူ၊ မြောင်) နဲ့ မကွေးတိုင်းထဲကနယ်တွေ (မြိုင်၊ ရေစကြို၊ ပခုက္ကူ) ဒေသတွေမှာ စစ်ပွဲတွေဖြစ်ခဲ့ရင် စကမအနေနဲ့ မိုးကုတ်ကိုထင်တိုင်းတိုက်ဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ်ရတယ်။
မိုးကုတ်ဟာ တော်လှန်ရေးကိုစုစည်းပေးတဲ့ ဟန်ချက်ညီစေတဲ့ အလှည့်အပြောင်းတခုဖြစ်လာဖို့ ရှိနေတယ်။ ။
