
“မုဆိုးရာသီ”နှင်းခါးမိုး
ငယ်ငယ်က သမင်လိုက်အက ကြည့်ဖူးတယ်
‘အမဲလိုက်အက’ ဆိုတာကတော့ ကြီးမှနားထောင်ဖူးတဲ့သီချင်း။
ကျောက်ခေတ်က ယောက်ျားတွေက အမဲလိုက်တယ်၊ မိန်းမတွေက မီးမွှေးတယ်တဲ့။ တောကောင်အရှင်တွေကို ခြံခတ်မွေးပြီး စားတတ်လာတော့ အမဲပေါတဲ့တောလိုက်ရှာပြီး ပြောင်းရွှေ့နေစရာမလိုတော့ဘူး။ ရေကြည်မြက်နုရာရှာ အခြေချနေတတ်လာကြတယ်။ ဒီလိုနဲ့ ရွာတွေ မြို့တွေ နိုင်ငံတွေဖြစ်လာတယ်။ တောနဲ့နီးတဲ့နေရာတွေမှာတော့ တချို့က အမဲလိုက်ပြီး သားငါးတွေရောင်းချ အသက်မွေးကြတုန်းပဲ။ သူတို့ကို အရပ်က မုဆိုးလို့ခေါ်ကြတယ်။ မုဆိုးတွေလည်း သားကောင်ကောင်းကောင်းရတဲ့အခါ ဘော်ဒါဘော်ကျွတ်တွေနဲ့ မီးပုံကြီးဖို သောက်ကြစားကြ၊ ရူးကြမူးကြ၊ ကကြခုန်ကြမှာပဲ။ ဒါပေမဲ့ မုဆိုးအကဟာ ငါတို့ဇာတ်စင်တွေပေါ်ရောက်မလာဘူး။
ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်တဲ့။ ရာမဇာတ်တော်ထဲမှာတော့ ရွှေသမင်ဟာ သားကောင်ယောင်ဆောင်ထားတဲ့ လှည့်စားမှုတခုဖြစ်ခဲ့တယ်။ အလောင်းတော်ရာမမင်းသားဟာ သူ့ဇာတ်လမ်းမှာ သူဟီးရိုးဖြစ်ပေမဲ့ တောရဲ့မာယာမှာတော့ လမ်းလွဲလိုက်ခဲ့မိရှာတယ်။ လက်ညှိးညွှန်ရာရေဖြစ်တဲ့ ရေမြေ့ရှင် ဘုရင်ဧက္ကရာဇ်မင်းတွေဟာ တောနက်ထဲ မြင်းတစီးနဲ့ သားကောင်နောက်ကိုလိုက်ပြီး သူတို့လက်ရုံးကိုပြလေ့ရှိကြတယ်။ သားကောင်ကိုရှာပေးတဲ့သူနဲ့၊ လူအုပ်နဲ့ဝိုင်းပြီး သားကောင်ကို ကျုံးသွင်းတဲ့သူနဲ့၊ သူ့ရှေ့လက်တကမ်းမှာ အသက်လုပြေးနေရှာတဲ့သားကောင်ကို မာန်ပါပါ ဟန်မာမာနဲ့ မြှားကို မနားတမ်းပစ်လွှတ်သလို အရှင့်ဘုန်းတော်ဘွဲ့ ကျယ်ကျယ်လောင်လောင်တွေကြား အောင်သေအောင်သားစားတဲ့ တောကစားသူဘုရင်တွေလည်း တကြိမ် တခါတော့ သားကောင်ကိုမျက်ခြည်ပြတ်၊ လမ်းပျောက်ခဲ့ကြဖူးမှာပဲ။
သမင်တအုပ်နဲ့ ရေခပ်ဆင်းတဲ့ရသေ့ငယ်ဟာ တောလည်ကစားတဲ့ဘုရင်ရဲ့ မြှားချက်မှာ အသက်ကိုလုခဲ့ရတယ်။ သစ္စာမှန်တဲ့မိဘအတွက်တော့ ရွှေအိုးထမ်းပြီးပြန်လာတဲ့သားဟာ လောကရဲ့လက်ဆောင်ပေါ့။ သူ့မယားလိုချင်လို့ သူ့လင်ကိုမြှားနဲ့ပစ်တဲ့ ဘုရင်မျိုးဟာ လူ့သမိုင်းမှာ ဒီတပါးထဲတော့ မဟုတ်လောက် ဘူး။ ဘုရင်တွေဟာ ညည်းငွေ့တဲ့အခါ တောလိုက်တယ်။ ရာဇမာန်တက်လာတဲ့အခါ စစ်တိုက်တယ်။ သူများအသက်ပေါ်မှာ ပျော်ရွှင်မှုကိုရှာသလို ပြည်သူတွေရဲ့အသက်ပေါ်မှာ အာဏာကိုတည်ဆောက်တယ်။ ပြည်တွင်းစစ်တွေ ပြဇာတ်ကြီးတွေဖြစ်လာတဲ့အခါ အမဲလိုက်အကဟာ ဇာတ်ဝင်သီချင်းဖြစ်လာတာ ဘာဆန်းလို့လဲ။
ဖီးနစ်ငှက်လို မီးပုံထဲက တဖန်ရုန်းကြွထပျံနိုင်ဖို့ဆိုတာ ပထမဆုံး ဘဝကိုမီးလောင်ခံရဲရမယ်။ လေးမြှားကိုကိုင်စွဲပြီးဝင်လိုက်တာနဲ့ တောဘုရင်ဖြစ်မယ်မမျှော်လင့်နဲ့။ ပြည်သူဟာ တောခြောက်ခံရတိုင်း လန့်ပြေးတတ်တဲ့ သမင် ဒရယ် ယုန်သူငယ်တွေ မဟုတ်တော့ဘူး။ ဖုန်လုံးကြီးတွေမြင်တယ်မဟုတ်လား။ ချောင်းနေတဲ့ခြင်္သေ့တွေနဲ့ စောင့်နေတဲ့မိကျောင်းတို့ နားစိုက်ထောင်ကြ။ ငါတို့ ဒီမြစ်ကိုကူးပြီး ဒီတောကိုဝင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ မျက်စေ့တဆုံး တရွေ့ရွေ့ကျွဲအုပ်ကြီးဟာ အနက်ရောင်မုန်တိုင်းအဖြစ် မုဆိုးရာသီကို စတင်လိုက်တယ်။
တောသိပ်နက်လာရင်တော့ အားလုံးဟာသားကောင်ချည်းပဲ။ လူငယ်တွေအမဲလိုက်ကြရင် လူကြီးတွေက မီးဖိုကြရမယ်။
Be the first to comment