မေမေ မနေခဲ့ရတဲ့ မြေကြီးအိမ်ကလေး

ဆပ်ရိပ်

by The Call
2 views
‘မေမေ မနေခဲ့ရတဲ့ မြေကြီးအိမ်ကလေး’
◼️ဆပ်ရိပ်
မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့
မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။
မေမေဟာ သစ်ချောင်းတွေကိုသယ်တယ်
သဲအိတ်တွေကို ထမ်းတယ်။
တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ်
သစ်ချောင်းတွေကို တန်းတယ်
သဲအိတ်တွေကို ကာတယ်။
မိုးတွင်းတခုလုံး
အိမ်ထဲရေမဝင်အောင် မေမေဟာ ခပ်ထုတ်နေတတ်တယ်
ဆောင်းတွင်းဝင်တော့
မေမေဟာ အနွေးထည်အသစ်ကလေးတွေဝယ်လာပါတယ်
အကြွေးနဲ့။
မေမေဟာ မိသားစုအတွက် စစ်သားဖြစ်တယ်
မြေကြီးအိမ်လေးထဲဝင်တတ်ဖို့ လေ့ကျင့်ပေးတတ်တယ်
မေမေဟာ ညနေတိုင်း ရေသယ်တယ်
မေမေဟာ နေ့ခင်းတိုင်း ဆေးကြောသန့်ရှင်းတယ်
မေမေဟာ ညတိုင်း ဆရာမ ဖြစ်တယ်။
အရင်လေးနှစ်က အမေ့ အသက် ၂၅
အခု မေမေ့အသက် ၅၀
အမေဟာ ဘယ်တော့မှ မညည်း
သက်ပြင်းပဲချနေတတ်တယ်။
ဒါ့ကြောင့်ပဲ
မေမေဟာ သူ့ကိုယ်သူပိုပြီးသန်မာလာပြီထင်တယ်
အဲ့ဒီအထင်နဲ့ အဲ့ဒီနေ့ညက
ကျနော်တို့အပေါ် အုပ်မိုးလိုက်ပါတယ်။
မေမေထင်သလို မေမေဟာ သန်မာပါတယ်
မေမေ့ ခန္ဓာကိုယ်ဟာ တပိုင်းပြတ်သွားပေမယ့်
ကျန်တဲ့ လက်တဖက်က ကျနော့်လက်မောင်းကို မလွှတ်
မေမေမသွားချင်မှန်း ကျနော်သိပါတယ်
မေမေသွားခဲ့ရတာ မေမေတောင် သိလိုက်ပါ့မလား။
မေမေဟာ မြေကြီးတွေကို တူးလား တူးခဲ့ရဲ့
မေမေဟာ မြေသားတွေကို ဆွလား ဆွခဲ့ရဲ့။
အခု ကျနော့်ပုံဆွဲစာအုပ်မှာ
မြေကြီးအိမ်ကလေးတွေ အများကြီးဆွဲထားတယ်
သံချောင်းတွေနဲ့ ဘိလပ်မြေနဲ့ ဘုရားစင်နဲ့
မကောင်းဆိုးဝါးကြီးတွေလည်း ကာကွယ်မယ်
နတ်‌ဒေဝါတွေလည်း စောင့်ရှောက်မယ်။
ကျနော့်ပုံဆွဲစာအုပ်မှာ
လေယာဉ်ပျံပုံ ဘယ်တော့မှမဆွဲ
ကျနော့်မှာ စူပါပါဝါရှိတယ်
ကျနော့်စူပါပါဝါက
နားတွေကို မပိတ်ထားလည်း
ကျနော်ဘာကိုမှ မကြားရတော့ပါပဲ။
-ဆပ်ရိပ်
၁၈၊ ဒီဇင်ဘာ ၊ ၂၀၂၅
The Earthen House
◼️ Sat Yeik
Mother dug into the earth, over and over,
Mother stirred the soil, again and again.
Mother carried the wooden beams,
She shouldered the heavy sandbags.
With a single broom, she swept it clean,
She lined up the timber,
She walled it with sandbags.
Throughout the monsoon,
She spent her days bailing water so the house wouldn’t flood.
When winter arrived,
She bought brand new sweaters—
On credit.
Mother became the soldier for our family,
She trained us how to crawl into that little earthen house.
Every evening, she carried water.
Every afternoon, she scrubbed and cleaned.
Every night, she became our teacher.
Four years ago, Mother was twenty-five.
Now, Mother is fifty.
She never complained;
She only lived in sighs.
Perhaps that’s why
Mother thought she had grown stronger.
With that thought, on that night,
She shielded us with her own body.
Mother was right; she was strong.
Even as her body was torn in two,
The hand that remained never let go of my arm.
I know she didn’t want to leave;
I wonder if she even realized she was gone.
Mother dug into the earth, over and over,
Mother stirred the soil, again and again.
Now, in my drawing book,
I draw many little earthen houses.
With iron rods, with cement, and with altars,
They will keep out the evil monsters,
They will be guarded by the heavenly devas.
In my drawing book,
I never, ever draw an airplane.
I have a superpower now:
My superpower is—
Even when I don’t plug my ears,
I can no longer hear a single thing.
(December 18, 2025)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment