မြစ်များ၊ ဖြတ်ကူးခြင်းနှင့် ဆန်တက်ခြင်း

by The Call

“မြစ်များ၊ ဖြတ်ကူးခြင်းနှင့် ဆန်တက်ခြင်း”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

အောက်တိုဘာလထဲ ဝင်ရောက်လာတဲ့ ပထမနေ့မှာပဲ ကျောက်မဲကို စစ်တပ်က ပြန်လည်သိမ်းယူခဲ့တယ်။ တရုတ်မှာလုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲအပြီးမှာ TNLA ဘက်က ကျောက်မဲနဲ့ သီပေါကို ပြန်ပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းအရ ကျောက်မဲဟာ လုပ်ပွဲလားလို့ ဝေဖန်သုံးသပ်သံတွေ ထွက်လာတာကို TNLA ဘက်က မဟုတ်ဘူး ငြင်းဆိုတယ်။ စစ်က တကယ်တိုက်ခဲ့ကြတာဖြစ်ပြီး သူတို့ဘက်က ယာယီဆုတ်ခွာပေးခဲ့တာလို့ တရားဝင် ထုတ်ပြန်တယ်။

ဘာပဲဖြစ်ဖြစ် TNLA ဟာ နယ်မြေထိန်းချုပ်နိုင်မှု၊ အုပ်ချုပ်ရေးနဲ့ ရှမ်း၊ ကချင် တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ကြားက ဖြစ်ပေါ်လာတဲ့ ဆက်ဆံရေးအခြေအနေတွေပေါ် မူတည်ပြီး ကျောက်မဲနဲ့ သီပေါကို ကမ်းလှမ်းခဲ့တဲ့သဘော ဖြစ်နိုင်တာမို့ စစ်တပ်ဘက်က သီပေါကို အလွယ်တကူနဲ့ ရှေ့ဆက်သိမ်းနိုင်ဖို့ ရှိနေတယ်။ မန်း-လားရှိုး ပြည်‌ထောင်စုလမ်းမကြီးဟာ အောက်တိုဘာထဲမှာ ဟင်းလင်းပွင့်သွားတော့မယ့် သဘောဖြစ်တယ်။

‘ကစထမှူးများ အပြောင်းအလဲ’
ကစထမှူး (ကာကွယ်ရေးနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး) ဆိုတာ စစ်တိုင်းတွေကိုပေါင်းပြီး စုစည်းအုပ်ချုပ်ရသူတွေဖြစ်တယ်။ တိုင်းမှူး (ဗိုလ်ချုပ်) အဆင့်ရဲ့အထက်က ဒုဗခကတွေဖြစ်တယ်။ ကစထ ၆ ခုရှိတာကနေ နေပြည်တော် ကစထ ၆ ကို ဖျက်သိမ်းပြီး ကစထ ၅ ခုအထိပဲ ထားရှိတော့တယ်။ ဒီအပြောင်းအလဲကို စက်တင်ဘာနောက်ဆုံးပတ်က ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီ့အရင် နောက်ဆုံး အပြောင်းလဲလုပ်ခဲ့တဲ့ ဇန်နဝါရီ ၂၀၂၅ နဲ့ ယှဥ်ကြည့်လိုက်ရင် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်တဲ့သဘော၊ ရှေ့မှာ စစ်တပ်နဲ့ စစ်ဆင်ရေးတွေ စစ်ပွဲတွေကို ပြောင်းလဲကြည့်ရှုတဲ့သဘောလို့ ယူဆကြည့်နိုင်တယ်။

လက်ရှိ ကာချုပ်နဲ့ ဒုကာချုပ်ဟာ ကစထမှူးတွေဘဝကနေ လာတာဖြစ်လို့ ဒီနေရာတွေဟာ စစ်တပ်အတွက် အရေးပါတဲ့ နေရာတွေဆိုတာ အထူးပြောနေဖို့ မလိုပါဘူး။ ဇန်ဝါရီလအတွင်း အပြောင်းအလဲက ကစထမှူးတွေကို နယ်မြေ ၆ ခု (ကစထ ၁ ကနေ ကစထ ၆) အတွင်း လူတွေ လှည့်ပတ်ပြောင်းလဲခဲ့တဲ့ သဘောဖြစ်တယ်။ လက်ရှိအပြောင်းအလဲက လူတွေကို အသစ် ပြောင်းလဲခန့်ထားမှုအပြင် ဖွဲ့စည်းပုံပါ အပြောင်းအလဲလုပ်တာမို့ လက်ရှိစစ်ပွဲတွေနဲ့ စစ်ဆင်ရေးတွေအပေါ်မှာရှိတဲ့ စစ်ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာနားလည်မှုနဲ့ အလှည့်အပြောင်းတွေပါ ရှိလာနိုင်တဲ့သဘောလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြတာ တွေ့ရတယ်။

ကစထတွေရဲ့ စစ်တိုင်းတွေပေါ် ထိန်းချုပ်ထားမှုဟာ ပုံမှန်မှာ ခုလိုတွေ့ရတယ်။ (မှတ်ချက် – မြင်လွယ်အောင် စစ်တိုင်းတွေအစား ပြည်နယ်နဲ့တိုင်းတွေအဖြစ် ပြောင်းလဲ ဖော်ပြပေးပါ့မယ်)
ကစထ-၁။ မြန်မာပြည်အလယ်ပိုင်း(မြောက်ဘက်ခြမ်း)နဲ့ မြောက်ပိုင်း (မန်း၊ စစ်ကိုင်း၊ မကွေး၊ ကချင်)
ကစထ-၂။ မြန်မာပြည်အရှေ့ပိုင်း (ရှမ်းပြည် – စစ်တိုင်း ၄ ခုရှိ)
ကစထ-၃။ မြန်မာပြည်အနောက်ပိုင်းနဲ့ အလယ်ပိုင်း (တောင်ဘက်ခြမ်း) (ရခိုင်၊ ပဲခူး)
ကစထ-၄။ မြန်မာပြည်တောင်ဖျား (ကရင်၊ မွန်နဲ့ တနင်္သာရီ)
ကစထ-၅။ မြန်မာပြည်တောင်ပိုင်း (ရန်ကုန်၊ ဧရာဝတီ)
ကစထ-၆။ မြန်မာဗဟို (နေပြည်တော်)

မှတ်ချက် – ကရင်နီကို ကစထ-၄ နဲ့ ချင်းကို ကစထ-၁ တွေရဲ့ အမိန့်ပေး ထိန်းချုပ်နယ်မြေတွေအဖြစ် ယူဆနိုင်တယ်။
လက်ရှိအပြောင်းအလဲမှာ ကစထ ၁ ထဲကနေ မန်းနဲ့ မကွေးကိုထုတ် (မှတ်ချက် – မကွေးဟာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုထဲမှာ ပါတဲ့အတွက် ကစထ ၁ အောက်ကဖြစ်တယ်။ ကစထ ၃ ကနေ ပဲခူးကိုထုတ်ပြီး ကစထ ၅ အောက်ကို ထည့်လိုက်တယ်။ ဒီသဘောက ကစထ-၁ ဟာ စစ်ကိုင်း၊ ကချင်နဲ့ (ချင်း) တို့ပါဝင်ပြီး စစ်တပ် ထိန်းချုပ်ရခက်တဲ့ ဒေသအဖြစ် ယူဆလိုက်တဲ့သဘောဖြစ်တယ်။

ကစထ-၂ ရှမ်းဟာ ကျောက်မဲနဲ့ သီပေါကို စစ်တပ် ထိန်းချုပ်နိုင်ခဲ့ပြီးရင် တရုတ် စေ့စပ်ပေးတဲ့ စစ်တပ်နဲ့ တအာင်းကြားက (TNLA ကတောင်းထားတဲ့ ဒေသတွေပေါ်) မူတည်ပြီး ငြိမ်သက်သွားနိုင်သလို နောင်ချိုကနေ လားရှိုးအထိ စစ်တပ်ကို အရင် ၁၀၂၇ ဒုတိယပိုင်းအတွင်း MNDAA နဲ့ TNLA ညှပ်တိုက်တဲ့ပုံစံကိုလည်း ပြန်ရောက်သွားနိုင်တယ်။ (မှတ်ချက် – ဒီအနေအထားဖြစ်လာဖို့ဟာ ၂၀၂၆ အတွင်း စစ်ပွဲတွေရဲ့ပုံစံ ပြောင်းလဲသွားပုံပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်)။

ကစထ-၃ ဟာ ရခိုင်သီးသန့် ဖြစ်သွားပြီး စစ်တပ် လုံးဝ ထိန်းချုပ်လို့မရတဲ့ ဒေသဖြစ်မယ်။ ကစထ-၄ မှာ စစ်တပ်ဟာ ကရင်အဖွဲ့တချို့ (အထူးသဖြင့် BGF) ကို ရွေးကောက်ပွဲနဲ့ ထိန်းထားသလို ကရင်အဖွဲ့‌တွေကြား တန်ပြန်အင်အား ထိန်းညှိထားဖို့ဖြစ်တယ်။ ကစထ ၆ ကိုဖျက်၊ ၅ ထဲကို သွင်းလိုက်တဲ့အတွက် ကစထတွေထဲမှာ ကစထ-၅ ဟာ မြန်မာပထဝီနိုင်ငံရေးအရ ဗဟို မန်း နေပြည်တော်၊ အစဥ်အလာ စီးပွားရေးမြို့တော် ရန်ကုန်နဲ့ ဝန်းရံစစ်တိုင်းတွေဖြစ်တဲ့ မကွေး၊ ပဲခူးတို့ ပါရှိတဲ့အတွက် အရေးအပါဆုံး စုဖွဲ့မှုတခု ဖြစ်လာပြီး စစ်တပ်ဟာ ဒီနယ်မြေတွေကို အခိုင်အမာ ထိန်းချုပ်ဖို့ ပြန်လည်ပြင်ဆင်လိုက်တဲ့သဘောလို့ ယူဆကြည့်နိုင်မှာဖြစ်တယ်။

(မှတ်ချက်။ စစ်တပ်ရဲ့ ကစထတွေ အပြောင်းအလဲ အကျယ်ကို ဧရာဝတီ အောက်တိုဘာ ၁ ရက်မှာပါရှိတဲ့ အေးချမ်းဆုရဲ့ စစ်တပ်ရဲ့ စစ်အင်္ဂါစဥ် ကစထ ၅ အပြောင်းအလဲမှာ ဖတ်ရှုနိုင်တယ်။)

‘နယ်မြေ၊ မဟာမိတ်နဲ့ ဗျူဟာ’
အနှစ်ချုပ်တော့ ကစထ-၁ ဟာ နယ်မြေလုစစ်ပွဲတွေ ပြင်းထန်မယ်။ ၂  ဟာ ငြိမ်သွားဖို့ရှိပြီး ၃ ဟာ လုံးလုံး လက်လွှတ်ရနိုင်တာမို့ တဘက်က ရိုအရေးနဲ့ ကစားဖို့ ကြိုးစားလာမယ်။ ၄ ဟာ စစ်ပွဲရှိပေမယ့် ကရင်ဟာ အချိန်အတိုင်းအတာတခုအထိ အဖွဲ့တွေကြား မျောနေဦးမယ်လို့ စစ်တပ်က ယူဆထားပုံရတယ်။ စစ်တပ်ဘက်က ကစထ-၅ နယ်မြေကို ထိန်းချုပ်ထားနိုင်သမျှ တော်လှန်ရေးရဲ့ ထိုး‌ဖောက်မှုဟာ အရာထင်လာမှာ မဟုတ်ဘူးလို့ တွက်ချက်ထားပုံရတယ်။

မန်းမြောက် (သပိတ်ကျဥ်း၊ စဥ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး) ကနေ မန်းတောင် (မြင်းခြံ၊ နွားထိုးကြီး) ကြားမှာ မန္တလေးမြို့ကြီးတခုလုံး ပိတ်ဆို့ ကာဆီးထားတာ တွေ့ရမယ်။ မန္တလေး စစ်ရှောင်လမ်းကို စဥ်းစားရင် စစ်ကိုင်းတောင်ပိုင်းနဲ့ မကွေးမြောက်ပိုင်းကို တွေ့ရမယ်။

မကွေးတိုင်း ဧရာဝတီမြစ်အနောက်ကနေ အရှေ့ကိုကူးမယ့် ခရီးစဥ်ဟာ တော်လှန်ရေးအဆုံးအဖြတ် ဖြစ်လာနိုင်ပြီး ဒါကို ပဲခူးတိုင်းရဲ့ ပြည်-ဆင်တဲ-ပန်းတောင်း (ဧရာရှေ့နောက်)နဲ့  စစ်တောင်းမြစ်ဝှမ်းထိန်းချုပ်ရေး (တောင်ငူ – ကေအင်ယူတပ်မဟာ ၂ တို့) နဲ့ ဆက်စပ် ချိန်ဆကြည့်နိုင်တယ်။

 

Related Posts

Leave a Comment