ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းနဲ့ မေ့မရဖွယ်များ

‘ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းနဲ့ မေ့မရဖွယ်များ’
◼️ခန့်ဝေး
အထက်ပါ ခေါင်းစဥ်ကတော့ ပုသိမ်မောင်စိမ်းသူရေးပြီး မင်းမင်းလတ်ဆိုထားတဲ့ သီချင်းတပုဒ်ရဲ့အမည်ပါ။ ဒီသီချင်းကို ကျ​နော်အရင်က သေသေချာချာ မသိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကမှ တရင်းတနှီးရှိလာတာ။ ဘယ်လိုဖြစ်လို့ ရင်းနှီးမိသလဲဆိုတော့ ပန်းချီကိုထိန်လင်း ရေးတဲ့ လူကက်ဆက်ထဲကနေ အဲဒီသီချင်းအကြောင်းဖတ်မိလို့လို့ ​ပြောရမှာပဲ။
လူကက်ဆက်ဆိုတာက ​ပါဂျောင်မှာကျောင်းသားရဲဘော်တွေအချင်းချင်း ထောက်လှမ်းရေးဆိုပြီး မတရားစွပ်စွဲနှိပ်စက်ညှင်းပမ်းမှုတွေအကြောင်း ရေးထားတဲ့အထဲကမှ ညရောက်တဲ့အခါ ဖျော်ဖြေရေးအနေနဲ့ လုံခြုံရေးတွေ ထောက်လှမ်းရေးအရာရှိတွေကို သီချင်းဆိုဆိုပြရတဲ့ အကျဥ်းသားတွေကို ညွှန်းဆိုတဲ့စကားစုလို့ပဲ ကျ​နော်နားလည်ထားတယ်။ ထောင်မှူးက ဘယ်ဘက်ပါးရိုက်လိုက်ရင် ကက်ဆက်ဖွင့်ရတာမို့ အရိုက်ခံရသူအကျဥ်းသားက ရရာသီချင်းတပုဒ်ကောက်ဆိုရပြီး ညာဘက်ပါးရိုက်လိုက်ရင်ကျ ဆိုတဲ့သီချင်းကို ရပ်လိုက်ရတယ်လို့ ဆိုထားသကို။
ထားပါတော့လေ၊ ဒီသီချင်းနဲ့ဆက်စပ်တဲ့အကြောင်းပဲ ပြန်သွားကြရအောင်။ ဒီသီချင်းကို ကိုထွန်းအောင်ကျော်က သူအသတ်မခံရမှီ ရက်ပိုင်းအလိုက ဂစ်တာနဲ့ဆိုပြတာ၊ တောင်းဆိုတဲ့လူက ကိုထွန်းအောင်ကျော်ရဲ့နေရာကို ယူလိုက်တဲ့ မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ဥက္ကဌကိုအောင်နိုင်ပါ။ ကိုထွန်းအောင်ကျော်လို ဒဏ်ရာဗလပွနဲ့လူတောင်မှလည်း လူကက်ဆက်အဖြစ်ကနေ မလွတ်ခဲ့ဘူး။ ကိုထွန်းအောင်ကျော့်အသံက တိုးလျပေမယ့် ခွန်အားရှိနေတယ်၊ ဒီသီချင်းကို ဆိုတဲ့အခိုက်အတန့်မှာ ဆွေးဆွေးမြေ့မြေ့ပဲ၊ သူအားအင်တွေ ကုန်ခမ်းနေလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေဆိုပြီး ကိုထိန်လင်းကတော့ မှတ်ချက်ပြုတယ်။ အဲဒါနဲ့ ကျ​နော်လည်း ဒီသီချင်းကို စိတ်ဝင်စားခဲ့တယ်ပေါ့။
အဲဒါနဲ့ ကျ​နော်လည်း မြောက်ပိုင်းပါဂျောင်ကိစ္စနဲ့ပတ်သက်တာတွေရှာဖတ်လိုက် ယူကျုကအသံဖိုင်တွေရှာ ဒေါင်းပြီးနားထောင်လိုက်နဲ့ လုံးချာလည်နေလိုက်တာ ရှစ်လကျော်ကိုးလလောက် ရှိသွားပါရောလား။ တခါတလေလည်း ယူကြုံးမရမျက်ရည်ကျမိ၊ တခါတလေကျတော့လည်း စိတ်ဆိုးဒေါသတွေဖြစ်။ ကိုထွန်းအောင်ကျော်ဆို ခြေဖနောင့်ကနေ သံချောင်းကိုမီးတို့ပြီး အရိုက်ထည့်ခံရ၊ ဝမ်းဗိုက်ပေါ်မှာ ရင်ပေါင်ကြမ်းစကိုခင်းပြီး မီးဖိုခံရ၊ ကိုချိုကြီးလက်တဖက် အဖြတ်ခံတော့လည်း သွေးတွေလျှံထွက်နေတဲ့ ကိုချိုကြီးရဲ့လက်ငုတ်အကျန်ကို ငုံရနဲ့။ သွေးပျက်စရာ၊ အဲဒီထက်မကရက်စက်တဲ့ ရက်စက်ပုံရက်စက်နည်း ညှဉ်းဆဲပုံညှဉ်းဆဲနည်းတွေ ဟောဒီကမ္ဘာကြီးထဲ တကယ်ရှိခဲ့တယ် ။ ကိုထိန်လင်းပြောသလို ကဗျာဆရာမာယောကော့စကီးနဲ့ ကျ​နော်တို့ခေတ်ရဲ့ကဗျာဆရာမောင်ချောနွယ်တို့စကားလုံးငှားသုံးရရင် ဒါဟာ ဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်ပေါ့လေ။
ကျ​နော်တို့ ​ကေအိုင်အေရဲ့ဌာနချုပ်ဂွင်ကနေ အောက်ဘက်ကို ရွေ့လာတော့ ၈ ဂွင်ထဲ ခုနှစ်ရက်ရှစ်ရက်အနားရတယ်ပေါ့။ အဲဒီအချိန်တုန်းက အထက်စီမံချက်အရ အဖွဲ့ခွဲကြတော့ ကျ​နော်တို့ခွဲက ကျောင်းသားတပ်မတော်နဲ့ အတူတွဲဖို့ဖြစ်ရော။ သူတို့နဲ့တွဲမယ့် ကျ​နော်တို့အခွဲကို တန်းစီပြီးစောင့်ထားဖို့​ တာဝန်ရှိသူတယောက်က လှမ်းပြောလိုက်တယ်။ ဒါနဲ့ ကျ​နော်တို့လည်း တန်းစီပြီးစောင့်နေတာပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတယောက်က ကျ​နော့်ကိုပြောတာလည်း သတိရတယ် ။ ငါတို့တော့ သမိုင်းထဲက ဇာတ်​ကောင်တွေနဲ့ တွေ့ပြီတဲ့။ အဲဒီတုန်းက သူဘာကိုဆိုလိုသလဲ ကျ​နော်နားမလည်ဘူး။ အခုချိန်မှပဲ နားလည်တော့တယ်။ { ကျ​နော် မြောက်ပိုင်းမှာရှိခဲ့တဲ့ ကာလတိုတလျောက်လုံး ကျောင်းသားရဲဘော်ဆိုတာကို တခါမှ မမြင်ဖူးခဲ့ဘူး။ မွမ်းမံထပ်တက်တုန်းကတော့ လေ့ကျင့်ရေးတခုအနေနဲ့ မြန်မာ့ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဆိုတဲ့ ဆိုင်းဘုတ်နီဆွေးဆွေးကြီးအထိ လမ်းလျှောက်ချီတက်ဖူးခဲ့တာတော့ အမှတ်တရရှိတယ် }
လေးငါးမိနစ်လောက်ကြာတော့ အထက်ကုန်းပေါ်ကနေ အရာရှိနှစ်ယောက် ဆင်းလာရော၊ ဘက်တံဆိပ်က ဓါးနဲ့လှံကို ယှက်ထားတာ၊ တံဆိပ်အပေါ်​ခြမ်းမှာ ကြယ်ဖြူတလုံးကလည်း ပါ​သေး၊ ဘယ်ဘက်ရင်အုံပေါ် ကပ်တင်ထားတဲ့စာတန်းမှာ ရေးထားတာက ကျောင်းသားတပ်မတော် တဲ့။ အဲဒီအရာရှိနှစ်ယောက်ထဲကမှ ပထမမိတ်ဆက်စကားပြောတဲ့တယောက်က အခုလက်ရှိကျောင်းသားတပ်မတော်ရဲ့ဗဟိုကော်မတီဝင်လို့ပြောရမလား ဘယ်လိုပြောရမလဲတော့မသိဘူး။ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါပါဆိုပြီး ကျ​နော်တို့ကို ပြန်မိတ်ဆက်ပေးတော့ ကျ​နော့်ပါးစပ်က အာမေဋိတ်အသံတခု ပြုလိုက်မိတယ်။ ဟာလား၊ အာလား ဒါမှမဟုတ် တခုခုပေါ့။ စိတ်ထဲကလည်း ပြောလိုက်မိသေးတယ်။
ဒီလိုနဲ့ သူတို့လည်း ပြောစရာရှိတာပြော မှာစရာရှိတာမှာပြီး ခရီးစထွက်ရတာပဲ။ ညနေ ၅ နာရီလောက်ဖြစ်မယ်။ ညပိုင်းလောက်မှာ လမ်းလျှောက်နေရင်းနဲ့ ဘေးကလိုက်စောင့်ရှောက်ပေးတဲ့ ကျောင်းသားရဲ​ဘော်တ​ယောက်ကို လှမ်းမေးမိတယ်။ ဆရာ ဆရာတို့စခန်းမှာ ရွံ့ဗွက်တွေရှိလားလို့ မေးတော့ သူက မရှိဘူး ဘာဖြစ်လို့လဲ တဲ့။ ကျ​နော် တခုခုပြန်ဖြေလိုက်တော့ သူ့ရယ်သံပွဲ့ပွဲ့ကို ကျ​နော်ကြားမိခဲ့သလိုပဲ။
ဒီဘက်နှစ်တွေမှာ သိလိုက်မိတာက လိုချင်တာကို ရအောင်ရှာဖွေပြီးယူတတ်ဖို့ ကေအိုင်အေက နည်းနာနိသျတွေမျှပေးတယ်လို့ပြောရင် ရှာဖွေတွေ့ရှိသမျှကို ယထာဘူတကျကျ ပြန်လည်အသုံးချတတ်ဖို့ အေဘီက သင်ကြားပေးလိုက်တယ်ဆိုတာပါပဲ။ ဒီအကြောင်းတွေက ကျောင်းသားတပ်မတော်နဲ့ ကျ​နော့်အကြားက အခြေခံအကျဆုံးနဲ့အသေးဆုံးယူနစ်ကလေးတွေပေါ့။ အညာမြေကိုရောက်ပြန်တော့လည်း ပါဂျောင်ထောင်ကုန်းဖောက်ပြေးပြီး လွတ်မြောက်လာခဲ့တဲ့ ကျောင်းသားရဲဘော်ဟောင်းကြီးတ​​ယောက်နဲ့ ကံ `မ´ လို့ ဆုံလိုက်ရသေးရဲ့။ သူက တောထဲမရောက်ခင်ကတည်းက မန္တလေးမှာ ကိုထွန်းအောင်ကျော်နဲ့ ညီအကိုတွေလို နေခဲ့တာ၊ အားလုံးက အကိုကြီးလိုချစ်ကြလို့ ကိုထွန်းအောင်ကျော်ကို အကိုကြီးလို့ပဲ ခေါ်ကြတယ်တဲ့။ သွားလေသူဇာတ်ကောင်တွေက ရှင်ကျန်ရစ်ပြီး ရှင်ကျန်သူဇာတ်ကောင်တွေက သေနေကြတယ်။ တရားဓမ္မတွေကိုယ်၌ကိုက ကြေကွဲဆို့နင့်စရာ။
သြော် အခုချိန်ဆို အကိုကြီး
ကိုထွန်းအောင်ကျော်တယောက် ယုဇနပင်ပန်းတွေကြားမှာ အဝါရောင်ဖဲကြိုးလေးတွေကို တွေ့များတွေ့နေပြီလေလား ကျ​နော် မပြောတတ်။
About The Call 707 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*