ယောနယ်ရောက် သတင်းထောက် (၂)

“ယောနယ်ရောက် သတင်းထောက် (၂)”
◼️ကိုဘုန်း
ချောင်းဦးလမ်းဆုံရောက်တော့ ဖေ့စ်ဘုတ်မှာ နာမည်ကြီးခဲ့တဲ့၊ ကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်ရတဲ့ ‘ချောင်းဦး PDF ပါခင်ဗျ’ ဆိုတဲ့ video file လေးတခုတောင် သတိရမိသွားသေးတယ်။ ကျနော်ရောက်တဲ့ အဲဒီအချိန် ချောင်းဦးလမ်းဆုံကတော့ ဖွင့်ထားတဲ့ လမ်းဘေးစျေးဆိုင်တချို့နဲ့ စျေးသည်တချို့ကလွဲပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ။
စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် ရရာလက်နက်နဲ့ ပြန်ခုခံနေတဲ့ စစ်ကိုင်းတိုင်းရဲ့မြို့တော် စစ်ကိုင်းကတော့ မနက်ပိုင်းမှာ သွားလာ လှုပ်ရှားမှု ရှိနေဆဲပဲ။ မန်းလေး၊ စစ်ကိုင်းဘက်ကနေ မုံရွာ – ဂန့်ဂေါ- ပခုက္ကူ သွားနေတဲ့ ခရီးသည်ကားတွေကို အမှီပြုရောင်းနေတဲ့ ဒေသခံ စျေးသည်တွေလည်း တွေ့ရတယ်။
ခရီးသည်တင် မှန်လုံ Express တစီးတလေပဲ တွေ့ရပြီး အများစုကတော့ ဒေသခေါ် ပေါင်မုန့်ကား Super Custom ကားတွေပဲ အသွားအလာများတယ်။ မြို့အဝင်အထွက်နဲ့ တံတားလိုနေရာတွေမှာ အရပ်ဝတ်တွေအပါအဝင် စစ်ကောင်စီတပ်တွေက နေရာယူထားပေမဲ့ ကားတွေဆီကနေ ငွေကြေးကောက်ခံဖို့လောက်ပါပဲ။ ကျနော်စီးလာတဲ့ ကားရဲ့ ကားသမားကိုယ်တိုင် လမ်းခရီးအသွားမှာတင် ငါးခါထက်မနည်း ငွေပေးရတာကို မြင်တွေ့ခဲ့ရတယ်။ တချို့ဂိတ်တွေမှာတော လဝကတွေပါပေါင်းပြီး ကားတွေဆီက အထုတ်တွေပါချပြီး စစ်ဆေးတာတွေလည်း ကြုံခဲ့ရတယ်။
ကျနော့်အတွက် အံ့သြစရာတွေ စဖြစ်စေတာကတော့ အဲဒီအချိန် နာမည်ကြီး ဗိုလ်နဂါးရဲ့ ပုလဲအပိုင်မြေကို စဖြတ်ရတဲ့အချိန်ပဲ။
ပုလဲမြို့က စစ်ကိုင်းတိုင်းထဲ ပါတယ်ဆိုပေမဲ့ သွားလာရေးမှာ အလယ်အလတ်ကျပြီး မကွေးတိုင်းနဲ့လည်း ပိုနီးတယ်။ ဂန့်ဂေါဘက်ကနေဆို ပခုက္ကူဘက်ပဲသွားသွား၊ မန်းလေးပဲသွားသွား ပုလဲကိုဖြတ်ရတယ်။ အဲဒီတော့ ပုလဲက ကြားခံမြို့လိုဖြစ်နေတာ။ ဒါကြောင့် ကားသမားတွေတောင် ထမင်းစားနားရင် နာမည်ကြီး ပုလဲ မင်းတိုင်ပင်ရွာမှာပဲ နားကြတယ်။
မင်းတိုင်ပင်ဆိုတာ မြန်မာရာဇဝင်တွေထဲက ကင်းဝန်မင်းကြီး မွေးရပ်ဇာတိ၊ ရာဇဝင်ထဲက နာမည်ကြီးရွာ၊ အဲဒီရွာရဲ့ အခြေအနေက ဘယ်လောက်ထိ ဆိုးသလဲဆို အသွားတုန်းကစားခဲ့တဲ့ ထမင်းဆိုင်က အပြန်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးခံထားရတယ်၊ ရေခဲသေတ္တာတွေ ဟင်းထည့်တဲ့ မှန်ဗီဒိုတွေဆို ရိုက်ခွဲခံထားရတာ။
အဲဒီနဲ့ မလှမ်းမကမ်းမှာ မြိုင်၊ လင်းကတော ရဲစခန်းကို ဝင်တိုက်ထားတော့ နှစ်ဘက်စလုံးရဲ့ အစစ်အဆေးကလည်း ရှယ်ကြမ်းပဲ။
တနှစ်က ကျနော် ချင်းတောင်ကိုတက်တုန်းက ဖြတ်သန်းသွားခဲ့ရတဲ့ မြင်ကွင်းအခြေအနေနဲ့ အခုလက်ရှိ အခြေအနေက အတော်လေးကို ကွာခြားသွားခဲ့ပြီ။ ပုလဲ-ဂန့်ဂေါ လမ်းတလျောက် ကတ္တရာလမ်းပေါ်က မိုင်းဆွဲခံထားရတဲ့ ကျင်းပေါက်တွေကို မြင်ရတာနဲ့တင် ဒီဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့မှု အခြေအနေကို နားလည်မိတယ်။
ကားပေါမှာ အတူပါလာတဲ့ ဂန့်ဂေါမှာနေတဲ့ ခရီးသွားတယောက်ရဲ့ ပြောပုံအရဆို ဒီလမ်းတလျောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အတော်အထိနာခဲ့ပြီး သူကိုယ်တိုင် ခရီးသွားလာရင်း မိုင်းထိလို့သေသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မီးပုံရှို့ထားတဲ့ မြင်ကွင်းကိုတောင် ကြုံခဲ့ရဖူးတယ်လို့ ကျနော့်ကိုပြောပြတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို စတင်ကြုံရတာတော့ ပုလဲ၊ မင်းတိုင်ပင်အကျော် နတ်မတောင် အတက်နားတဝိုက်မှာ။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို ပထမဦးဆုံး ကြုံရတော့ စိတ်လှုပ်ရှားမှုတော့ ဖြစ်မိတယ်။
အဲဒီကာလ မြင်တွေ့၊ ကြုံရသလောက်က နယ်မြေစိုးမိုးမှုကတော့ သူတပြန် ကိုယ်တပြန်ပါပဲ။ ပုံတောင် ပုံညာ၊ ပုလဲ၊ ဂန့်ဂေါ လမ်းတကြောမှာဆို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးတာထက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပိုစစ် ဆေးတာကို ကြုံခဲ့ရတယ်။
အဲဒီအချိန် PDF တွေက လက်နက်မပြည့်မစုံနဲ့ ရှိရာပစ္စည်းလေးတွေနဲ့ အစစ်အဆေးလုပ်နေတာ တွေ့တော့ သူတို့အတွက် စိုးရိမ် စိတ်မကောင်း ဖြစ်မိတယ်။
စစ်ဆေးတဲ့ဂိတ်တွေက တခုနဲ့တခု သိပ်တော့ မဝေးလှဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင် ဂိတ်တွေက ငွေကြေးကောက်ခံတာတွေ ရှိပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ငွေကြေးကောက်ခံတာ မရှိသလို စားသောက်စရာ မုန့်ပဲသွားရည်စာ ပေးတာတောင် လက်မခံတာ တွေ့ခဲ့ရတယ်။
တချို့ အစစ်အဆေးတွေကြားမှာတော့ အရမ်းကို စိတ်ညစ်စရာ ကောင်းခဲ့တယ်။ ဘဝမှာ ဘုရားစာကို အချိန်အကြာကြီး ဆိုခဲ့ရဖူးတာ ပထမဦးဆုံးအကြိမ်ပဲ။ တချို့ PDF အဖွဲ့တွေဆို ပါလာတဲ့ပိုက်ဆံကိုပါ ပြရပြီး ၅ ထောင်တန် ၁ သောင်းတန် အတုလား အစစ်လား ဆိုပြီးတောင် သူတို့က ယူစစ်ကြသေးတယ်။
ပုလဲ – ကျော – ထီးလင်း – ဂန့်ဂေါတလျှောက် မြင်ခဲ့သမျှကတော့ အောက်ခြေမှာ အစိုးရယန္တရားက မလည်ပတ်နိုင်တော့ဘူး။ အစိုးရရုံးတွေ အကုန်နီးပါးက တံခါးပိတ်ထားတာတွေ့ရတယ်။ ပုလဲအပိုင် လမ်းဘေးဝဲယာ မြင်ကွင်း တလျှောက်ကတော့ ဟင်းလင်းပြင်ပဲ။ တောတောင်မဆိုထားနဲ့ သစ်ပင်ကြီးကြီးတောင် မတွေ့သလောက်ဘဲ။ ဒီလိုအခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို အထိနာအောင်လုပ်နိုင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကိုတော့ အတော် သဘောကျမိတယ်။
ပုလဲမြို့နယ် အပိုင်ထဲကစပြီး ပုံတောင် ပုံညာ ဂန့်ဂေါအတက် ကားလမ်းဘေးဝဲယာက အိမ်အများစုကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ခံထားရတာ တွေ့ရတယ်။ ထူးခြားတာက စစ်တပ် တပ်စွဲထားတဲ့ နေရာအနီးတဝိုက်ကတော့ ရွာကလူတွေ မနေရဲလို့ အိမ်တွေကိုထားပြီး စွန့်ခွါနေကြရတာပဲ။
ဒါပေမဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ နယ်မြေစိုးမိုးမှုအရ စစ်ဆေးမှုတွေ ရှိတယ်ဆိုပေမဲ့ လက်နက်အင်အား မပြည့်စုံမှုနဲ့ လုံခြုံရေးအခြေအနေ အတော်အားနည်းနေတယ်။ စစ်ဆေးမှုတွေမှာလည်း ခိုင်မာတဲ့ မူဝါဒမရှိဘဲ စိတ်ခံစားမှု နာကျည်းချက်တွေ များနေပြီး တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတယ်။ အထူးသဖြင် ပြည်သူလူထုကို စစ်ဆေးတဲ့နေရာမှာ ပြောဆိုဆက်ဆံတဲ့ အခြေအနေ ပုံစံတွေကို ပြောင်းလဲဖို့ လိုအပ်နေသေးတာကို အဲဒီအချိန်ထဲက တွေ့ခဲ့ရတယ်။
ဒီအစစ်အဆေးတွေကို တွေ့တာနဲ့တင် ပြည်သူ့ကာကွယ်ရေးတပ်တွေက အာဏာသိမ်း စစ်ကောင်စီကို ခုခံတိုက်ခိုက် နေပြီး မြေပြင်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားက အသက်ဝင်နေတယ်လို့ ပြောလို့ရတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*