ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ

“ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ”

◼️အော်စွန်းမိုင်

သွားလို့မရတော့ဘူးပေါ့၊ ဟုတ်လား။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။ စဉ်းစားကြည့်လေ၊ ရန်ကုန်မှာ ဘာမဆိုရှိတယ်။

အလုပ်ဝင်လုပ်မလား။ အလုပ်လျှောက်ကြည့်စရာတွေလည်း အများကြီးရှိတယ်။ ကိုယ်နဲ့သင့်တော်ရာ၊ ကိုယ်လေ့လာ သင်ယူထားတာ၊ ကိုယ်လေ့ကျင့် ဆည်းပူးထားရာနဲ့ တမျိုးမဟုတ်တမျိုး အဆင်ပြေမှာတွေရှိတယ်။ ကုမ္ပဏီတွေရှိတယ်။ ဘဏ်တိုက်တွေရှိတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေရှိတယ်။ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ စက်မှုဇုံတွေရှိတယ်။ အထည်ချုပ်စက်ရုံတွေရှိတယ်။ အဲဒီနေရာတွေမှာ အလုပ်ရနိုင်တယ်။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ရန်ကုန်မှာ သံရုံးတွေရှိတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေရှိတယ်။ JICA ရှိတယ်။ USAID ရှိတယ်။ နိုင်ငံတကာ NGO တွေရှိတယ်။ Save The Children ရှိတယ်။ UNDP ပရောဂျက်တွေရှိတယ်။ အမေရိကနဲ့ ဥရောပသာမက အရှေ့တောင်အာရှက အဖွဲ့အစည်းနဲ့ လုပ်ငန်းဆောင်တာတွေရှိတယ်။ အဲဒီတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်တယ်။ လုပ်ကိုင် တာဝန်ထမ်းနေကြသူတွေ အခုလည်းရှိနေတယ်။ အေး ရတဲ့လစာတော့ အနည်းနဲ့အများ ကွာဟချက်ရှိပေမဲ့၊ ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ရန်ကုန်မှာ တက္ကသိုလ်တွေရှိတယ်။ အင်စတီကျူ့တွေရှိတယ်။ နိုင်ငံတကာကကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ ကျောင်းခွဲတွေလည်းရှိတယ်။ ပရိုက်ဗိတ် ကျောင်းတွေလည်း ဖွင့်ထားတယ်။ ဘာပညာ၊ ဘာ ဘာသာရပ် သင်ယူမလဲ။ ကျောင်းတက်မှာလား၊ အွန်လိုင်းကလား။ ဘာသာစကားလား၊ ကွန်ပြူတာလား၊ စာရင်းကိုင် LCCI လား ။ စီမံခန့်ခွဲမှုပညာလား။ ဘာပဲသင်ယူချင် သင်ယူချင် ရတယ်။ ဆွစ်ဇာလန်ကပေးတဲ့ MBA လည်း ယူချင်လို့ရတယ်။ ကဲ ဘယ်နိုင်ငံခြား သွားသင်ဦးမလို့လဲ။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

စားစရာသောက်စရာဆိုလည်း အကုန်အစုံရှိတယ်။ ဝက်သားဒုတ်ထိုးကနေ စပါဂတီအထိ လိုချင်တာ ဘာမဆို ဝယ်စားနိုင်တယ်။ တရုတ်၊ ကုလားစာတွေဆို ပေါမှပေါ။ ထိုင်းအစားအစာ၊ မလေးအစားအစာ၊ စင်္ကာပူအစားအစာ ရောင်းတဲ့ဆိုင်တွေ၊ ကိုရီးယားနဲ့ ဂျပန်စားစရာဆိုင်တွေ အနှံ့အပြားရှိသလို ဥရောပစာတွေ စားသုံးနိုင်တဲ့ဆိုင်တွေလည်း အများကြီး။ ပင်လယ်စာချည်း စားချင်လည်းရတယ်။ အကောင်ပလောင်တွေ အရှင်ကနေ ချက်ပြုတ်ရောင်းချတဲ့ဆိုင် တွေအထိ ရှိတယ်။ ဒေသအလိုက်၊ လူမျိုးစုအလိုက် ရိုးရာ အစားအစာဆိုင်တွေလည်း စုံလင်တယ်။ ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကယား၊ ပအို့ဝ် အစုံအစုံပါပဲ။ ချင်းဆာဗူးတီးကနေပြီး ကယားဝက်အူချောင်းအထိ စားချင်တာသာစား။ ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ညနေညနေ စည်တယ်လေ။ ဘာအဖျော်ယမကာ သောက်မလဲ။ ဝီစကီ၊ ဘရမ်ဒီ၊ ရှမ်ပိန်၊ ကော့ညက်၊ ဘဂါဒီ၊ ဘီယာ၊ ကြိုက်တဲ့တံဆိပ်ပြော။ ကြိုက်တာရမယ်။ ဆိုင်တွေကတော့ များသလားမမေးနဲ့။ ဘားတွေ၊ ကလပ်တွေ၊ ကဖေးတွေနဲ့ ပါရီရဲ့ ညနေခင်းလေလား ဝိုးတဝါး ထင်မှားစရာပါပဲ။ ဂျပန်က ဆာကေး၊ တရုတ်က မော်ထိုင်းနဲ့ ကိုးရီးယားက ဆိုဂျူတွေလည်းရတယ်။ အမလေး၊ သောက်ချင်တယ်ဆိုရင် ဘော်ဒဂါတောင် ရသေးဗျာ။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ရှော့ပင်ထွက်မလား။ ဈေးဝယ်မလား။ ကုန်တိုက်ကြီးတွေ၊ ရှော့ပင်းမောတွေ အများအပြားရှိသလို ရှော့ပင်းမတ်တွေ၊ မီနီမတ်တွေ၊ စတိုးဆိုင်တွေ ပေါမှပေါပါပဲ။ ဘာဝယ်မလဲ။ လိုချင်တာ အကုန်လုံး ယူနိုင်တယ်။ စွန်ပလွန်သီးခြောက်ကနေ တယ်လီဗေးရှင်းအထိ၊ ကိုကာကိုလာကနေ ရေခဲသေတ္တာအထိ။ အပ်ချုပ်စက်ကနေ မော်တော်ကားအထိ။ ကြည့် လျှောက်သာကြည့်။ လိုချင်တာရှိရင်၊ လိုအပ်တာဆိုရင် ဆွဲသာဝယ်ပစ်လိုက်။ ဈေးတော့ အကွာအဟ ရှိကောင်းရှိနိုင်ပါပေရဲ့။ KFC ကြက်ကြော်နဲ့ အာလူးချောင်းကြော် ထိုင်ဝါးရင်း အပြင်ပကို ငေးမောနိုင်သေးတယ်။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ချမ်းသာ ကြွယ်ဝနေသူတွေ၊ ဝင်ငွေကောင်းတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ သောက်သောက်လဲ ရှိနေသလိုပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ ကိုယ်အသက်မွေး၊ စက်ရုံအလုပ်ရုံမှာ အလုပ်ဆင်း၊ ဈေးရောင်း၊ ဆိုက်ကားနင်း၊ တက်စီဆွဲ၊ ကျရာကြုံရာ ပြောင်း လုပ်ကိုင်ရင်း အသက်ရှင်နေကြရတယ်။ တနယ်တကျေးက ပြောင်းရွှေ့လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း ပြည့်နှက်နေတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာ လူလတ်တန်းစား၊ ဆင်းရဲသားတွေ နေထိုင်ကြပြီး ပစ္စုပ္ပန်ဘဝတွေကို ဖြတ်သန်းနေကြတယ်။
တခြားနိုင်ငံက လူတွေလိုပါပဲလေ။
ရန်ကုန်ဆိုတာလည်း နိုင်ငံခြားပါပဲကွာ။

ရန်ကုန်နိုင်ငံသားတွေက စိတ်ကောင်းစေတနာ ရှိကြတယ်။ ကောင်းမွန်မြင့်မားတဲ့ စာရိတ္တနဲ့ ကိုယ်ကျင့်တရားတွေ ပိုင်ဆိုင်ကြတယ်။ ရက်ရောတဲ့ အပေးအကမ်းတွေ ပြုနိုင်ကြတယ်။ စိတ်ရှည်သည်းခံပြီး ကိုယ်ကျိုးစွန့်တတ်ကြတယ်။ မေတ္တာ၊ ကရုဏာနဲ့ မုဒိတာတရားတွေ လက်ကိုင်ကျင့်သုံးနေထိုင်ကြတယ်။ နိုင်ငံသားချင်း စောင့်ရှောက်ကူညီကြတယ်။ ရိုင်းပင်းကြတယ်။ ရှိတော့ရှိတာပေါ့လေ။ ကောက်ကျစ်ယုတ်မာ သိမ်ဖျင်းတဲ့ လူတချို့တော့။ ကိုယ့်ဇာတ် ကိုယ်သိမ်းကြမှာပါ။ ကိုယ့်တရား ကိုယ်စီရင်ကြမှာပါ။ လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းနေတဲ့သူတွေလည်း ရှိတာပေါ့။ ပုထုဇဉ်တွေပဲလေ။

ရန်ကုန်နိုင်ငံမှာက ရွှေတောင်ကြီးလို ကြီးမား ဝင့်ထည် ခိုင်မာလှတဲ့ ရွှေတိဂုံစေတီတော်ကြီး ရှိတယ်လေ။ ဂုဏ်ယူဝင့်ကြွားစရာ နိုင်ငံရဲ့ Land Mark မဟုတ်လား။

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*