2
မပိုးအိမ်
‘ရေပြာပြာ၊ ကောင်းကင်ပြာနှင့် သံချေးတက် ဝိညာဉ်များ’
ကျမတို့ စီးနင်းလိုက်ပါလာတဲ့ လှေကလေးအောက်က ရေပြင်ဟာ အပြာရောင်တောက်ပလို့ နေတယ်။ ရေအရိပ်က ကောင်းကင်အရိပ်နဲ့ တသားတည်း တူညီနေတာကို ငေးကြည့်ရင်း၊ ဒါဟာ ကမ္ဘာမြေမှာ အကြည်လင်ဆုံးသော အချိန်ကာလတခု ရှိနေပြီဆိုတဲ့ သင်္ကေတပဲလို့ ကျမ မှတ်ယူလိုက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ အပြာရောင်နယ်ပယ်ထဲမှာ ကျမဟာ နောက်ဖြစ်လာမယ့် ဘယ်လိုအခြေအနေမျိုးကိုမှ မကြောက်ရွံ့တော့တဲ့ စိတ်တခုကို တည်ဆောက်နိုင်ခဲ့ပြီလို့ ထင်တယ်။
ဒါပေမဲ့ အပြင်ဘက်က ငြိမ်သက်ခြင်းဟာ အတွင်းဘက်က အာရုံကို လုံးဝ မထိုးဖောက်နိုင်ခဲ့ပါဘူး။ ကျမရဲ့ ဦးနှောက်ထဲမှာ မီးလောင်ထားတဲ့ လူသားအသားစညှော်နံ့တွေဟာ အမြဲတမ်း စွဲကပ်နေခဲ့တယ်။ အဲ့ဒီညှော်နံ့တွေရဲ့ သိပ်သည်းဆက လေရဲ့အထိအတွေ့ကိုပါ ပိတ်ဆို့ထားတယ်။ ဒီကန်ရေပြင်အပြာပေါ်က ဖြတ်သန်းလာတဲ့ လေနုအေးတွေ၊ လေယူဆောင်လာတဲ့ မွှေးမြမြ ကြာပန်းရနံ့တွေဟာ ကျမရဲ့ နှာခေါင်းဝကို လုံးဝမတိုးနိုင်တော့ပါဘူး။ ကျမဟာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ ပိုးသတ်ခန်းကျဉ်းတခုထဲမှာ ပိတ်မိနေခဲ့တယ်။
ဒီလောက်လှပတဲ့ မြစ်ရေပြင်ပေါ်မှာ လှေကလေးတစင်းနဲ့ အေးချမ်းတဲ့ ကမ်းစပ်တခုဆီကို ဦးတည်နေရတဲ့ ဒီအခိုက်အတန့်လေးသာလျှင် ကျမအတွက် နတ်ဘုံနတ်နန်း ဖြစ်နေခဲ့ပြီ။ အရာရာကို ခေတ္တခဏ မေ့ပျောက်ထားနိုင်တဲ့ နေရာ။ သို့သော်လည်း အမေ့ရဲ့ ငိုသံသဲ့သဲ့ ထွက်လာတော့ ကျမဟာ ခေါင်းပေါ်ငိုက်စိုက်စိုက် ဆောင်းထားတဲ့ ခါးမောက်ကြီးကို မတင်လိုက်ပြီး၊ ခပ်မာမာမျက်နှာထားနဲ့ အမေရှိရာကို စိုက်ကြည့်လိုက်တယ်။ အမေဟာလည်း ဒီမြစ်ရေပြင်ရဲ့ အောက်ဆုံးအထိ နစ်မြှုပ်ဝင်သွားပြီး အေးအေးချမ်းချမ်း နေသွားချင်ရှာမှာပဲလို့ ကျမ စိတ်ထဲကနေ ခံစားလိုက်မိသေးတယ်။
ကျမရဲ့စိတ်တွေဟာ အရင်လို နူးညံ့သိမ်မွေ့ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်မနေတော့ဘူး။ မစဉ်းစားသင့်တာတွေကို စဉ်းစားမိလာတယ်။ လူ့ဘဝဟာ ဒီလောက်တောင် နာကျင်စရာတွေနဲ့ ပြည့်နှက်နေတာကို ကျမတို့က ဘာအတွက်များ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်အောင်၊ မြင့်မြတ်သူတယောက်လို သည်းခံပြီး နေနေရဦးမှာလဲ။ ထိုမေးခွန်းရဲ့အဆုံးမှာ ခုနက ဖြစ်ပေါ်လာတဲ့ ရေပွက်လို အရိုင်းစိတ်ကလေးက မှိန်ဖျော့သွားပြန်တယ်။ ‘အမေ ကြောက်ရွံ့နေရှာမှာပဲ’ လို့ ကျမဘာသာ ပြန်တွေးမိလို့ပါပဲ။
ရွာမှာ မီးကျွမ်းပြီး ပြာဖုံးနေတဲ့ မြေနေရာဟောင်းတွေ၊ မီးလောင်ဒဏ်ရာနဲ့ အသားညှော်နံ့တွေ အကင်းမသေသေးတဲ့ ကျမအဖေနဲ့ မောင်လေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးတွေ။ အဲဒီမှတ်ဉာဏ်တွေကို ဒီအေးချမ်းတဲ့နေရာအထိ ကျမ သယ်ယူမနေချင်တော့ဘူး။ ကျမကိုယ်တိုင်တောင် ပစ်ခွာဖို့ ရုန်းကန်နေရချိန်မှာ အမေကရော ဘာကြောင့်များ ဒီဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်လာချင်သေးတာလဲ။
အကယ်၍ အမေဟာ ငိုသံကို ထပ်ပြီးထုတ်လွှတ်ဦးမယ်ဆိုရင်၊ အမေ့ရဲ့ နီမြန်းနေတဲ့ မျက်ရည်စက်တွေကြားက မျက်နှာနဲ့ တူနေတဲ့ နေလုံးကြီးကို ဘယ်တော့မှ မမြင်နိုင်အောင် တခုခုတော့ ကျမ လုပ်မိလိမ့်မယ်လို့ ကျမ ဆက်တွေးနေမိပြန်တယ်။ မဟုတ်သေးပါဘူး။ ကျမဟာ မိခင်ကိုတောင် တခုခု လုပ်ပစ်ဖို့အထိ ရိုင်းစိုင်းတဲ့ တိရစ္ဆာန်လို လူတွေထဲက တယောက် ဖြစ်နေပြီလား။ လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲခြားနိုင်စွမ်းမရှိတဲ့ တိရစ္ဆာန်လို လူတွေ။ ကျမ အများကြီး တွေ့ခဲ့ရပြီးပြီလေ။ ကျမတို့ ရွာလေးရဲ့ အေးချမ်းတဲ့ နေ့ရက်တွေကို သံရေပူစီးချောင်းကြီးတခုလို ကြောက်မက်ဖွယ် ဖုံးအုပ်သွားတဲ့ ကံကြမ္မာရိုင်းနဲ့ တိရစ္ဆာန်လိုလူတွေ။
အဲ့ဒီနေရာမှာ ရေပြာပြာ၊ ကောင်းကင်ပြာပြာကြီးတွေနဲ့ လားလားမျှ မသက်ဆိုင်တဲ့ သံရေပူတွေနဲ့ တူတဲ့ မျက်ရည်တွေ ကျမ ထပ်မမြင်လိုတော့ဘူး။ ကျမဟာလည်း မျက်ရည်အိတ်ပေါက်ကျသွားတဲ့ ကြောက်စရာ တိရစ္ဆာန်တပိုင်း၊ လူတပိုင်း ဖြစ်နေပြီလား မသိ။ လူ အသိဟာ လေနဲ့အတူ လွှင့်မျောနေတဲ့ ကျမ ဆံနွယ်တွေကနေတဆင့် ကျမ ဦးနှောက်လှိုင်းတွေထဲ စီးဝင်သွားတယ်။
“ဒီမျက်ရည်တွေကို သုတ်ပစ်လိုက်ပါတော့ အမေ။ ဒီနေရာဟာ လွမ်းဆွတ်ခြင်းအတွက် မဟုတ်ဘူး။ ရှင်သန်ခြင်းအတွက်ပဲ” လို့ ကျမ တိတ်တိတ်လေး တောင်းဆိုလိုက်တယ်။ နောက်ဆုံးမှာ ဘာအသိမှ မရှိတော့ဘဲ လွတ်မြောက်သွားသူတွေကို အားကျရင်း၊ ကောင်းကင်ပြာပြာ၊ ရေပြာပြာကြား ကျမတို့နှစ်ဦးသာလျှင် သံချေးတက်နေတဲ့ ဝိညာဉ်ကိုယ်စီနဲ့ ကျန်ရစ်သူတွေပေါ့လေ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
