ရွေးကောက်ပွဲအလွန်

သတင်းသုံးသပ်ချက်​ဆောင်းပါး

by The Call

⁨⁨”ရွေးကောက်ပွဲအလွန်”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမအပိုင်း မစတင်ခင် ဗန်းမော်မှာ ငြိမ်သက် အားမွေးနေရာကနေ ကေအိုင်အေဘက်က ထိုးစစ်ပြန်စတယ်။ မြစ်ဆုံပြန်စမယ်လို့ စကမဘက်က အသံထုတ် ဖိအားပေးလာချိန်နဲ့ တချိန်တည်းဖြစ်တာတွေ့ရတယ်။ နိုင်ငံအနှံ့အပြား အထူးသဖြင့် ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး စတဲ့ဒေသတွေမှာ စစ်ပွဲတွေ ပြန်အရှိန်မြင့်လာတဲ့အတွက် ဒီရက်ပိုင်းစစ်ပွဲတွေဟာ ရွေးကောက်ပွဲအသံ၊ တရုတ်စီမံကိန်းအသံတွေကို တုန့်ပြန်လာတာဖြစ်တယ်လို့ ကောက်ချက်ချရမှာဖြစ်တယ်။

‘တရုတ်နဂါးပတ်လမ်း – BRI’
ဝမ်ယီ နေပြည်တော်ကိုလာပြီး စည်း ၃ တန် တားပြီးတဲ့နောက် ၃ လအကြာ ၂၀၂၄ နိုဝင်ဘာမှာ မအလနဲ့ တရုတ်ဝန်ကြီးချုပ် ယူနန်မှာတွေ့တယ်။ ဒီပွဲမှာ မအလက ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို လုံခြုံရေးစိတ်ချရတဲ့အပိုင်းတွေကနေ စကြမယ်လို့ အဆိုပြုခဲ့တယ်။ တရုတ်အတွက် ဒီငါးစာက ကြီးပါတယ်။ ကီလိုမီတာ ၁,၂၀၀ ကျော် ရှည်တဲ့ ဒီလမ်း (ကူမင်း၊ ရွှေလီ၊ မူဆယ်၊ မန္တလေး၊ မကွေး၊ ကျောက်ဖြူ) ကို ဗိုလ်သိန်းစိန်လက်ထက်က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ကျောက်ဖြူဟာ ပင်လယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုံဖြစ်ပြီး တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်‌ပေါက်ဖြစ်တယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကူမင်းရထားလမ်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC – Chinese Myanmar Economic Corridor) ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။

အမေရိကန်ရေတပ် အစောင့်အရှောက်အောက်မှာရှိတဲ့ မလက္ကာကို ဖြတ်စရာမလိုဘဲ လက်ရှိတည်ဆောက်ပြီးသားဖြစ်တဲ့ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကတဆင့် ပါရှန်းပင်လယ်ကွေ့က ရေနံနဲ့စွမ်းအင်အရင်းအမြစ်တွေကို တရုတ်ပြည်တွင်း သွင်းလို့ရသလို တရုတ်ရဲ့ ကုန်းတွင်းပိတ် ယူနန်ဒေသ ထွက်ကုန်အားလုံးကို အာရှတောင်ပိုင်း၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေဆီကို ကုန်သွယ်ခွင့်ရမှာဖြစ်တယ်။

ကျောက်ဖြူ-ကူမင်းလမ်းမှာ တရုတ်ဟာ ယူနန်ဘက်က လမ်းပိုင်းအသစ်ကို ၂၀၂၂ ကတည်းက ဖွင့်လှစ်ထားခဲ့ပြီးသားဖြစ်တယ်။ ကျောက်ဖြူ-ကူမင်း စီမံကိန်းဟာ ၂၀၁၁ ဗိုလ်သိန်းစိန်လက်ထက်က သဘောတူထားခဲ့ကြပြီး အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။ သဘောတူညီမှု အချိန်ကာလတခုမှာ ပျက်ပြယ်သွားပြီး ၂၀၁၈ မှာ မူဆယ်-မန္တလေး လမ်းပိုင်းအတွက် သဘောတူညီမှုစာချွန်လွှာကို ပြန်ပြီး လက်မှတ်ရေးထိုးတယ်။ ၂၀၂၀ ဇန်နဝါရီ ရှီကျင်းပင်ရဲ့ နေပြည်တော်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ သဘောတူညီမှု ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့တယ်။ ဒီမှာ ကျောက်ဖြူ-ကူမင်း ရထားလမ်းဟာ ဘီစီမက်လို့ခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွား‌ရေးစင်္ကြန် (BCIMEC – Bangladesh China India Myanmar Economic Corridor) နဲ့ မန္တလေးမှာဖြတ်မယ်။ တနည်းပြောရရင် တရုတ် BRI (ခါးပတ်လမ်းစီမံကိန်း) ရဲ့ စင်္ကြန် ၂ ခုဖြစ်တဲ့ တရုတ်-မြန်မာစင်္ကြန် နဲ့ တရုတ်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာစင်္ကြန်ဟာ မန္တလေးမှာ ချိတ်ဆက်ထားတာဖြစ်တယ်။

(မှတ်ချက် – ဘီစီမက်ဟာ မန္တလေးကနေ စစ်ကိုင်းတိုင်းကိုဖြတ်၊ တမူးကနေ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး ကိုးလ်ကတ္တားကိုသွားမယ့် ကားလမ်း၊ ရထားလမ်း ချိတ်ဆက်မှုဖြစ်တယ်။ အိန္ဒိယက တရုတ်ကမ်းလှမ်းချက်တွေကို လက်မခံတဲ့အတွက် ၂၀၂၃ နောက်ပိုင်းမှာ အသံမထွက်တော့ပေမယ့် တရုတ်ဘက်ကဆက်လက် ကမ်းလှမ်းနေဆဲဖြစ်တယ်။)

‘အုတ်ကျစ်ကျော်အေး မန္တလေး’
ဒါကြောင့် မန္တလေးဟာ စစ်ပွဲတွေရဲ့ ဦးတည်ရာဖြစ်သလို စစ်ပွဲတွေကို ဖြာထွက်စေတဲ့ ဗဟိုဖြစ်တယ်။ စစ်တပ်ရဲ့ အမိန့်ပေး ထိန်းချုပ်စနစ်ဟာ မန်းတိုင်း (နေပြည်တော်) ဖြစ်သလို တရုတ်-မြန်မာ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးမှာ မန္တလေးဟာ စင်တာမှာရှိနေတယ်။ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းနဲ့ ၁၅ နှစ်လောက်ကြာအောင် ကြန့်ကြာနေတဲ့ ရထားလမ်းဟာ တရုတ်လိုအပ်ချက်ရဲ့ စင်တာမှာရှိနေတယ်။ ရထားလမ်းပိုင်းဟာ ပိုက်လိုင်းနဲ့အပြိုင် ဝင်လာပြီး သွားရင် ဒီ ၂ ခု လုံခြုံရေးအတွက် တရုတ်ဟာ မြန်မာပြည်ထဲကို ကိုယ်တိုင်ဝင်လာဖို့ ဝန်လေးနေမှာ မဟုတ်တော့ဘူးလို့ တွက်ဆရတယ်။

(မှတ်ချက် – စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မှာ ကျောက်ဖြူ-မန္တလေးလမ်းပိုင်း ဖြစ်နိုင်ခြေလေ့လာချက်တွေ လုပ်ခဲ့တယ်။ ၂၀၂၂ မှာ အသံတွေတိတ်နေခဲ့ပြီး ၂၀၂၃ မှာ ရထားလမ်းတလျှောက် မြေတိုင်းတာမှုတွေလုပ်တယ်။ ၂၀၂၄ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေစဖို့ တရုတ်က စကစကို ဖိအားပေးတယ်။ စစ်ခေါင်းဆောင် တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ပြီး ဒီစီမံကိန်းကို ဖြစ်တဲ့နေရာကစဖို့ သဘောတူခဲ့တယ်။ ၂၀၂၅ မှာ ရွေးကောက်ပွဲကို တက်သုတ်ရိုက် စီစဥ်တယ်။)

တပြိုင်နက်တည်းမှာ အောက်မြန်မာပြည်ကို ထိန်းချုပ်ထားနိုင်ဖို့ဟာ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း တရုတ်ဟာ သဘောပေါက်ထားပြီးသားဖြစ်တယ်။ တရုတ် စွမ်းအင်လုံခြုံရေး၊ မြန်မာ့ သယံဇာတ တွင်းထွက်တွေကို ထုတ်လုပ်ရယူနိုင်ရေး၊ ပထဝီနိုင်ငံရေးနဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွင်းတွေရဲ့ ကုန်သွယ်ရေးမှာ တရုတ်ဟာ စစ်တပ်အတွက် ထောက်ပံ့ခဲ့ရသမျှကို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြန်ထေနိုင်ဖို့၊ အမြတ်ထုတ်နိုင်ဖို့ဖြစ်တယ်။ ဒါက တရုတ်ပေါ်လစီကို စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့ တည်ငြိမ်ရေးအဖြစ် ပုံဖော် ဖိအားပေးဖို့ တွန်းပို့ခဲ့တယ်။

မန္တလေးတိုင်းကိုကြည့်ရင် တိုင်းတခုလုံးနီးပါးဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိတယ်။ မန္တလေးမြို့ရဲ့မြောက်ဘက်မှာ ခု စစ်တပ်လက်ထဲ ပြန်ကျသွားတဲ့ စဥ့်ကူးနဲ့ သပိတ်ကျဥ်း၊ မတ္တရာတို့ဟာ တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်း (ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ) တို့နဲ့ မြစ်ရှေ့နောက် ဆိုင်ထားကြတဲ့ အနေအထားဖြစ်တယ်။ ဒီတော့ စစ်ဟာ စစ်ကိုင်းထဲမှာ ဆက်လက် ရုန်းကန်နေရဦးမယ့်သဘော တွေ့ရတယ်။

တော်လှန်ရေးတပ်တွေဟာ မန်းတောင်ဘက်မှာ ဧရာဝတီရဲ့အနောက်ဘက် ပခုက္ကူခရိုင်နဲ့ အရှေ့ဘက် မြင်းခြံခရိုင် စုစည်းမိကြဖို့ လိုမှာဖြစ်သလို အမြဲလို မြင့်တက်နေလေ့ရှိတဲ့ အမ်း-ပဒါန်းလမ်းက စစ်အရှိန်ဟာ ရခိုင်ရိုးမကို ပြန်တက်သွားမလား၊ မင်းဘူးထိ ဆင်းလာ၊  ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး မကွေးထဲ ဝင်ရောက်နိုင်မလားဆိုတာက တော်လှန်ရေးရဲ့ အချိန်ကာလကို သက်ရောက်ပါလိမ့်မယ်။

‘ရေရှည်တော်လှန်ရေးအမြင်’
၂၀၂၄ သြဂုတ်နောက်ပိုင်း တရုတ်ပံ့ပိုးမှုနဲ့ ၂၀၂၅ နှစ်ဝက်လောက်ကစပြီး စစ်တပ်ဘက်က အလှည့်အပြောင်း လုပ်နိုင်လာတဲ့အချိန်မှာ တော်လှန်ရေးဘက်တော်သား အများစုနဲ့ စစ်ရေးလေ့လာသူတွေဟာ တော်လှန်စစ်ကို ရေရှည်အမြင်နဲ့ ပြောင်းလဲသုံးသပ်လာကြတာ တွေ့ရတယ်။ ရေရှည်တော်လှန်စစ်ဟာ ရှေ့မှာ အဓိကအခက်အခဲ ၂ ခုကို ကြုံတွေ့လာရဖို့ရှိတယ်။

တခုက တော်လှန်ရေးဘက်ကိုဖြစ်တယ်။ အဲဒါက စစ်ဒဏ်၊ လူထုအကျပ်အတည်းနဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူကို စစ်ပွဲတွေနဲ့အတူ ဘယ်လိုဖော်ဆောင်မလဲ ဆိုတာပါပဲ။ နောက်တခုက အယောင်ပြရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ယူနီဖောင်းချွတ် အစိုးရဆီကို တရုတ်ကပေးမယ့် ဖိအားဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထည့်သွင်းရမယ့် ရွေးကောက်ပွဲလွန် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမူနဲ့ ဖော်ဆောင်မလဲ ဆိုတာဖြစ်တယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment