31
ပန်းတော်ဆက်
‘လိပ်ပြာလုံခဲ့တယ်’
သွားသတိ လာသတိ
စားသတိ…အိပ်လည်း သတိနဲ့..
အပ္ပမာဒ တရား မှာ ဘဝတွေခါးလိုက်ပုံများကွယ်…
ဒီနှစ်တွေမှာ ကိုယ်လည်းဘဲ
ကိုယ့် ကို ကိုယ် မကြာခဏ ပြန်စမ်းစမ်း ကြည့်..
လွမ်းမိတယ်….
နေ့မြင် ညပျောက် ဘဝများ
ဘယ်တော့များ တံခါးခေါက်သံကြားမလဲ…
ကျောပိုးအိတ် ထဲ အသက်ကို ထည့်လွယ်ထားတဲ့ မိုင် များ…
ကြိုးပြေသွားတဲ့ ပုတီးစေ့ တွေလို
ဘဝတွေ လွင့်စင် ပြုတ်ထွက်
အဝေးပြေးလမ်းမတွေဆီ
ညှော်နံ့ထွက်နေ တဲ့ လူအုပ်ကြီးထဲ
ကိုယ် တိုင် တိမ်မြုတ် ပျောက်ဆုံးသွားပြန်တယ်…
သွေးနွေးတယ်…။
လှိုင်း ရဲ့ ဂီတ ကို ချစ်တယ်….။
ခံစားမှု ကျောရိုးတစ်ခုပဲရှိတယ် ဆိုပေမယ့်…
ရေလိုက် ငါးလိုက် ဘဝ မျိုးတော့
အသက် မရှင်လိုဘူး….။
ဆန် ချိန်တန်ရင် သူပုန်ဆန်မယ်
ကိုယ်ဟာ ဘယ်တုန်း က မှ လှေကြုံ မစီးတတ်ခဲ့…
အပေါင်းသင်းမက်တယ်…။
အပျော်အပါး ခုံ မင်တယ်….။
တစုံတယောက်ကို အမြဲထိုင် လွမ်းနေရရင်…
ကိုယ့် ကို ပြန် တွေ့ ရသလိုမျိုး
လက္ဘ်ရည်ဆိုင်မှာ အလွမ်းတွေ ထိုင်ဖွာရင်း…
လူငယ်ဘဝကို ပြာလိုကြွေခဲ့တယ်…
ကိုယ့်စီးကြောင်း နဲ့ ကိုယ်
ကိုယ်ပင်လယ် နဲ့ ကိုယ်
ကိုယ်ပိုင်ရွက် မှ မရှိရင် ခက်ရချည့်
သစ်ရွက်လှေလို မျောသွားမှာပေါ့…
အချစ်ဆိုတဲ့ ဒဏ်ခံကြိုးလေးမှ မရှိရင်လည်း
စကြာဝဠာ ထဲ ကြယ်တံခွန်လို လွင့်မျောသွားမှာ ပေါ့ကွယ်…
ခေါင်မိုးကမလုံ
အသက် လည်း မလုံံခြုံ
ဘာတစ်ခုမှ မလုံ တဲ့ဘဝများ…
ဘာလို့များ ခြိမ်းလို့ငြိုး
” ကြမ္မာမိုးစွေ ရလဲ…”
အသက်တစ်ခုလုံး ပေးခဲ့ပြီဘဲ
ဘဝတစ်ခုလုံး ရွှဲစို စေဦးတော့….
“လိပ်ပြာ ကို တော့ လုံ ခဲ့ မယ်…”။
19.11.2024
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
