
“လု လူး”ရဲခေါင်မဲမောင်
မောင်ငြိမ်းအေး၏သူငယ်ချင်း စာရေးဆရာတယောက်သည် ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေပြီး မောင်ငြိမ်းအေးက ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေပါသည်။အပတ်စဉ် တနင်္လာနေ့တိုင်း ထိုသူငယ်ချင်းဆီသို့ လမ်းလျှောက်ကာ မောင်ငြိမ်းအေးသွားလေသည်။ တောင်နှင့်မြောက် ခြားနေသည်ဆိုသော်လည်း နှစ်ယောက်စလုံးက မြို့အဝင်အစပ်နားမှာချည်းဖြစ်ကြပြီး ဘတ်စ်ကားမှတ်တိုင်အနေဖြင့် ၆ မှတ်တိုင်မျှသာ ဝေးသောကြောင့်ဖြစ်ပါသည်။
အရင်ရက်များက သူငယ်ချင်းဆီသို့သွားရာတွင် မောင်ငြိမ်းအေးတယောက် စိတ်အေးလက်အေးရှိပါသည်။ သွားသည့်အချိန်ကလည်း မနက်အစော ၆ နာရီလောက်ဖြစ်သည်။ ဆောင်းတွင်းမို့ ၆ နာရီဆိုသော်ငြား အလင်းရောင်မရှိသေးပါ။ လမ်းဓာတ်မီးတိုင်များမှ အလင်းရောင်သာရှိသည်။ ထို့ကြောင့် မောင်ငြိမ်းအေးတယောက်တည်း ဟိုတွေးသည်တွေးဖြင့် လမ်းလျှောက်သွားရသည်မှာ အရသာရှိလှပါသည်။
သို့သော် ဒီနေ့မနက် လမ်းလျှောက်သွားရာတွင်တော့ မောင်ငြိမ်းအေးတယောက် စိတ်အေးလက်အေးမရှိပြီ။ ကိုယ့်ကိုယ်ကိုယ် မလုံမခြုံ ခံစားနေရသည်။အနောက်ဘက်မှ ကားလာသံ ကြားရလျှင်ဖြစ်စေ၊ အရှေ့မှ ကားတစီးလာနေသည်ကို တွေ့ရလျှင်ဖြစ်စေ ငါ့ကိုများ တိုက်တော့မလားဟူသော အတွေးဖြင့် မောင်ငြိမ်းအေး စိုးရိမ်ထိတ်လန့်နေလေသည်။ အရင်ရက်များက အခုလိုမဖြစ်ပါဘဲနှင့် ဒီကနေ့မှ ဘာ့ကြောင့် ဖြစ်နေရတာပါလိမ့်ဟု မောင်ငြိမ်းအေး စဉ်းစားကြည့်တော့မှ တစုံတခုကို သတိရသွားသည်။
မနေ့မနက်က လက်ဘက်ရည်ဆိုင်မှာ မောင်ငြိမ်းအေးထိုင်နေစဉ်ကဖြစ်သည်။ ဘေးနားရှိဝိုင်းမှာ ထိုင်နေကြသော ကားသမားများဆီမှ စကားသံများကို မောင်ငြိမ်းအေး ကြားနေရသည်။
“ကားမောင်းရင်း လူတိုက်မိလို့ကတော့ မသေမရှင်မဖြစ်စေနဲ့ကွ”
“ဘာဖြစ်လို့လဲ”
“ဟ ဘာဖြစ်ရမှာလဲကွ၊ မသေမရှင်ဖြစ်လို့ကတော့ လျော်ကြေးပေးရတာနဲ့ ဆေးရုံစရိတ်ပေးရတာနဲ့ ပိုက်ဆံ သိန်းရာကျော် ကုန်တယ်ကွ။ ပြီးတော့ တောင်းပန်ရ စကားပြောရ သွားရလာရနဲ့ လူလည်းပင်ပန်းသေးတယ်”
“ဒီတော့”
“ဟ ဘာ ဒီတော့လည်းကွ၊ တိုက်ပြီးရင် အခြေအနေကြည့် မသေမရှင်ဖြစ်နေတယ်ဆိုရင် သေအောင်ထပ်ကြိတ်ပစ်ပေါ့ကွ”
“ဗျာ ဒါဆို သေသွားရင်ရော”
“သေသွားရင်မလုပ်နဲ့ သေအောင်ကိုလုပ်ရတာ”
“သေရင်”
“မှတ်ထား သေရင် သိန်း ၃၀ ပဲကုန်တယ်။ ထောင်က ၃ နှစ်။ ၃ နှစ်ဆိုပေမယ့် ၂ နှစ်လောက်ပဲနေရတာကွ”
“ခင်ဗျားတို့ဟာ မဟုတ်သေးပါဘူးဗျာ”
“မင်းက မနေ့တနေ့ကမှ ကားမောင်းတာကိုးကွ။ ဒါ ငါတို့ကားသမားတွေရဲ့ လုပ်ထုံးလုပ်နည်းပဲ”
ဒါ့ကြောင့် မောင်ငြိမ်းအေး ဒီကနေ့မနက် လမ်းလျှောက်သွားရာ၌ စိုးရိမ်ထိတ်လန့်နေခြင်းဖြစ်ပါသည်။ ကိုယ်ဒုက္ခရောက်မှာကိုကြောက်၍ အများ၏အသက်ကို စတေးဝံ့သည့် လူစိတ်ကင်းမဲ့နေသူများရှိနေသမျှ လူတိုင်း မောင်ငြိမ်းအေးလိုပင် စိုးရိမ်စိတ်များဖြင့် မလုံမခြုံ ခံစားနေရမှာအမှန်ပဲမဟုတ်လား။
Be the first to comment