7
နွယ်ငြိမ်းညိမ်
‘လူတယောက်နဲ့ အခန်းတခန်း’
“ဒုန်း” ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ဝင်ဆောင့်မှုတခုကို ခံစားလိုက်ရတယ်။ အဲ့နောက် ငါ့ခန္ဓာကိုယ်ရဲ့ အသေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟိုမျော ဒီလွင့်၊ ဟိုရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်နေကြတယ်။ ငါ့ရဲ့ အခြေခံ ပင်မ အုတ်မြစ်ဖြစ်တဲ့ သဲမှုန့်လေးတွေ ကြောက်လန့်တကြားနဲ့ ဆောက်တည်ရာမရ၊ ဦးတည်ရာမဲ့ တွန်းထိုးနေသံကို အတိုင်းသား ကြားနေရတယ်။
ခံစားနေရတယ်။ ငါ့ရဲ့ အတွင်းသားတွေ နာကျင်တယ်။ အတွင်းကြေဆိုတာ ဒါမျိုး ပြောတာ ထင်ပါရဲ့။
အဆိုးလောကဓံ ရိုက်ချက်တွေကို ဒီလပိုင်းတွင်းမှာ တတောင်ပြီး တတောင်၊ တချီပြီး တချီ ကျော်ဖြတ်ပြီး ဖြစ်ပေမယ့် မဆုံးနိုင်သေးဘူးဘဲ။ ဂုဏ်ထူးမှတ်များနဲ့အတူ၊ ထိခိုက်အနာတရကင်းစွာ ကျော်လွှားနိုင်ခဲ့ခြင်း မဟုတ်ပေမယ့် ကိုယ်စွမ်းသလောက်တော့ ကိုယ် ကြိုးစားခဲ့ပါတယ် ဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် တပ်အပ် အာမခံနိုင်ပါတယ်။ စဥ်းစားကြည့်လေ။ ငါဟာ (၇.၇) နဲ့ (၆.၂) ရစ်ချက်စတာစကေးရှိတဲ့ အပြင်းစား ငလျင်ရိုက်ချက်နှစ်ဆင့်ကို အံကိုကြိတ်၊ မာန်ကိုတင်းလို့ ကြံ့ကြံ့ခံနိုင်ခဲ့တယ်မို့လား။ မျက်နှာတချက် မပျက်၊ သွေးတစက် မထွက်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ငါဟာ ငါ့ခန္ဓာကိုယ်၊ ငါ့အရိပ်အာဝါသအောက်မှာ မှီတင်း နေထိုင်တဲ့ ကောင်မလေးတယောက် ခိုကိုးရာမဲ့ မဖြစ်သွားအောင်တော့ ငါ့ရဲ့ ကိုယ်ခံအားကို အဆုံးစွန်ထိ ဖြန့်ကျက်ပြီး မပြိုလဲအောင်၊ မယိုင်နဲ့အောင် ထောက်ကန်ထားနိုင်ခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့၊ အတွင်းသား ထိခိုက် ဒဏ်ရာ အနည်းငယ်နဲ့ အပြင်ပိုင်း အက်ကြောင်းဒဏ်ရာအချို့သာ ရခဲ့တယ်။ ငါ့ရဲ့ အရေပြားပေါ်မှာ ပက်ကြားအက်သော မြေကြီးလို အလျားလိုက်၊ ဒေါင်လိုက်အနေအထားများ ရှိတဲ့ ကန့်လန့် အစင်းကြောင်း၊ အက်ကွဲကြောင်းမျိုးစုံ စွန်း ထင်းလာတယ်။ နဂိုမူလက တခုနဲ့ တခု အံဝင်ခွင်ကျဖြစ်ကာ ထိကပ် အချိုးကျနေတဲ့ နံရံထောင့်စွန်းများဟာ ကွာဟသွားတယ်။ နောက်ပြီး ငါ့ရဲ့ ကျောဘက် နံရံပြင်ကျယ် ထိပ်နား၊ တဖက်ထောင့်မှ နောက်တဖက်ထောင့်ဆီထိ အက်ကြောင်းရာကြီးတခု ပေါ်လာတယ်။ ငါ့ရဲ့ ဝင်ပေါက် ဒါမှမဟုတ် ငါ့ရဲ့ ပါးစပ်ပေါက်အထက်နား မြင့်မြင့်မှာ ရှိတဲ့ အရေပြားဟာ အပေါ်ယံ အရေခွံဖြစ်တဲ့ အင်္ဂတေဆေးတွေ လုံးဝ ဖွာလန် ကွဲအက်သွားလို့ ငါ့ရဲ့ အတွင်းသား အုတ်နီခဲ စီစီရီရီလေးတွေ ထွက်ပေါ်လာတယ်။ ကံကောင်းသွားတာက အုတ်နီခဲ တခုနဲ့ တခုကို မြဲမြံစွာ တွဲချည်နှောင်ထားတဲ့ အရွတ်ဆိုင်းတွေ ပြုတ်ထွက်မသွားတော့ အုတ်နီခဲများ အလုံးလိုက် ပြုတ်ကျလာတာမျိုးတော့ မရှိခဲ့ဘူး။
ငါဟာ အိမ်ရဲ့ နောက်ဖက်အကျဆုံးနဲ့ လမ်းမနဲ့ အဝေးဆုံးနေရာမှာ တည်ရှိလို့ အသံဗလံတွေကြောင့် တုန်ခါရတာမျိုး နည်းတယ်။ အခြေအနေတော်တော်များများမှာ ငါဟာ တည်တည်ငြိမ်ငြိမ်၊ ရိုးရိုးကုပ်ကုပ်၊ မားမားမတ်မတ် နေနိုင်ခဲ့တယ်။ အခု ဒီတခေါက် ငလျင်အကြီးအကျယ် လှုပ်တော့မှ ငါ့ရဲ့ သမာဓိ၊ သတ္တိ၊ သတိနဲ့ ပစ်တိုင်းထောင်လို ရုန်းပြန်နိုင်စွမ်း အရည်အချင်းတွေဟာ စာမေးပွဲစစ်ခံလာရတယ်။ မေးခွန်းထုတ်ခံလာရတယ်။ ခက်ခဲ ကြမ်းတမ်းတဲ့ မိုးထဲ လေထဲမှာ ထိခိုက်ဒဏ်ရာ မရအောင် နေနိုင်တာက အောင်မြင်မှု မဟုတ်ဘဲ ဒဏ်ရာ အမာရွတ်များကို အသိအမှတ်ပြု လက်ခံ၊ ဆေးထည့်၊ ကုသပြီးနောက် ရှေ့ဆက် လျှောက်လှမ်းနိုင်တာမျိုး၊ ရပ်တည် ရှင်သန်နိုင်တာမျိုးကသာ အောင်မြင်မှုအစစ် မဟုတ်လား။
ငါဟာ ဘယ်အတိုင်းအတာအထိ တောင့်ခံထားနိုင်မလဲဆိုတာ ငါ့ကိုယ်ငါ အသေအချာ မသိဘူး။ ငါဟာ ဝုန်းခနဲ၊ ဗိုင်းကနဲတော့ မပြိုလဲသွားလောက်ပါဘူး။ ကောင်မလေး ဖွင့်နေကျ “အားလုံးကို ကျော်ဖြတ်ရမယ်” သီချင်းလေးလိုပဲ သံသရာဆန်သော စိန်ခေါ်မှုများကို အောင်နိုင်ပြီးရင်တော့ ကျီးလန့်စာ စားနေရသလို အဖြစ်မှ ကင်းဝေးရကောင်းပါရဲ့။ နွေမိုးဆောင်း၊ အကောင်းအဆိုးတွေ ကြုံရမယ်။ ငိုချင်းတွေ ကျော်လွန်ပြီးသွားရင်လည်း ပြုံးရယ်ရခြင်း နေ့ရက်တွေ ရောက်လာဦးမှာပေါ့။ နောက်ပြီး ကောင်မလေးရဲ့ ခံယူချက်အတိုင်းပဲ ရှေ့အဝေးကြီးကို မျှော်မောမနေဘဲ တရက်ချင်းစီကို ပျာယာမခတ်၊ မပူမလောင် ဖြတ်သန်းသွားနိုင်ခြင်းသည်ပင် ငါ့ရဲ့ တနေ့တာ အောင်မြင်မှု သေးသေးလေးတွေပဲမဟုတ်လား။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
