6
နွယ်ငြိမ်းညိမ်
‘လေးနှစ်စာ အကြွင်း’

သမိုင်းသစ် စတော့
တစ်နယ်တစ်ကျေးမှာ ခရီးလွန်နေတဲ့
ကလေးမလေးဟာ
ကိုယ့်မြို့ ကိုယ့်အရပ်ကို ပြန်ချင်လွန်းလို့
တောင်ပံတွေကို ချင်ခြင်းတက်မိတာ
လွန်ခဲ့တဲ့ လေးနှစ်က။
အဲ့ကတည်းက တောင်ပံတွေကို
ပြန်မထုတ်ဖြစ်တော့တာ
လေးနှစ်တောင် တိုင်ခဲ့ပေါ့။
အိမ်ရှေ့ရောက်လာတဲ့ သမိုင်းသစ်နောက်
ကောက်ကောက်ပါသွားလိုက်တာ
ဒီနေ့ထိကို
တော်လှန် ဆားတစ်မှုန် မပါရင်
မစားတတ်တာနဲ့
တော်လှန် လေထုကိုပဲ
ရှူရှိုက်ချင်ရတာနဲ့ ….။
ဘာတွေ အဖတ်တင်လဲလို့
အရင်းစစ်ကြည့်ရင် ….
စိတ်ဓါတ် ပြိုဆင်းမှုတွေ
ဒွိဟ တစ်ပုံတစ်ပင်နဲ့
ပင်ပန်း နွမ်းလျနေတဲ့
ခန္ဓါနဲ့ စိတ်တစ်ခု။
ကံကောင်းထောက်မစွာ
ကံဆုံခဲ့ရတာက
လက်ရုံးရည် နှလုံးရည် ပြည့်ဝသူတွေ
ဆရာကောင်း သမားကောင်းတွေနဲ့
ချစ်စရာကောင်းတဲ့ ကလေးတွေ။
ဒီခေတ်ကျပ်မှာ
အထူးတလည် ကျေးဇူးတင်ရမှာက
စိတ်အာဟာရ ပေးကမ်းသူတွေပဲ။
ရွက်သစ်ပင်မှာ စာမျက်နှာတွေ
ချိတ်ဆွဲနိုင်ခဲ့ပြီး
အဖွဲ့အစည်းတစ်ခုမှာလည်း
လုပ်အားတွေ ထည့်ဝင်နိုင်ခဲ့တယ်။
ခြေရာ၊ လက်ရာတွေ
ပေပွနေတဲ့
လုပ်လက်စ အလုပ်တွေဟာ
တော်လှန်ကျောင်းသားတွေအတွက်
ရည်စူးတယ်။
အနာဂတ် နိုင်ငံတော်
ရှာပုံတော် ဖွင့်ရင်း
ငါ့ကိုယ်ငါလည်း ပြန်ရှာခဲ့ရ။
ငါ့ကိုယ်ငါလည်း ပိုရှာတွေ့ခဲ့ရ။
တော်လှန်ရေးက
ငါ့ကို ဆွဲထားတာ မဟုတ်ဘဲ
ငါက တော်လှန်ခြင်းကို
စွဲနေခဲ့တာ။
အငွေ့ပြန်သွားတဲ့ ခုနှစ်တွေအကြောင်း
မှတ်စုတွေထဲမှာ
ပြန်ရှာဖတ်တဲ့အခါ ….
အစိမ်းရောင် မြို့ပြက
အပြာရောင်ကို သဘောကျတဲ့
အနီရောင် ကလေးမလေးဟာ
လက်သေးသေးလေး
ဦးနှောက်သေးသေးလေးနဲ့
နှလုံးသားကို ပုံပြီး
တော်လှန် အလင်းတစ်ပွင့်အဖြစ်
ကြွင်းကျန်ခဲ့တယ်။