8
ညီလင်းအိမ်
“လျှို့ဝှက်တေးသွား”
သီချင်းတပုဒ်ရဲ့ သံစဉ်တွေထဲမှာ မှော်ဆရာတပါး ကိန်းဝပ် ပုန်းအောင်းလျက်သားရှိနေပါတယ်။ ကျနော်တို့တွေဟာ အလီဘာဘာ ဖွင့်ခဲ့သော ဂူတံခါးကြီးအတွက်ဆို အဘရာကာဒါဘရာ လို့ အသံထွက်ရသလို၊ တရုတ်ရိုးရာဝိညာဉ်ပုံပြင်ထဲမှာတော့ မကောင်းဆိုးဝါးတွေ လာရောက် ရန်ပြုလို့ရှိရင် ဟိုဆေးဖော်လိုမီ လို့ ရွတ်ကြရသလို။တချို့အရာတွေကတော့ အဲဒီလို ဂါထာမန္တရားတွေ ရွတ်ပြီး လှုပ်နိုးမရ။ မျက်ဝန်းကလေးထဲက ငွေ့ရည်ပုလဲနဲ့ အစဉ်သဖြင့် မှောင်အတိကျခံနေရတဲ့ နှလုံးသား အခန်းကလေးတခု ရှိနေရပါတယ်။
ကျနော်တို့ ကမ္ဘာကြီးပေါ်မှာ အချစ်ရဲ့ ချိုမြိန်တဲ့ စိတ်ခံစားချက်တွေကို ဘဝတလျှောက်လုံး စိုးစိမျှ မခံစားကြရတော့ဘဲ သေဆုံးတိမ်းပသူတွေ ဘယ်လောက်များ ရှိခဲ့ကြမလဲ။ အချစ်မှော်ဆရာက သူ့အလှည့်ရောက်ခါမှ အိပ်ရေးမဝလို့ ခဏ အိပ်ပျော်နေတာတို့၊ ပလက်ဖောင်းက ခုံတန်းကလေးပေါ်မှာ သတင်းစာဖတ်ကောင်းနေတာမို့ အဲဒီလူတယောက်ရဲ့ အလှည့်ရောက်မှ ကျော်သွားမိတာတို့။ ကျနော်တို့ ကမ္ဘာကြီးထဲက လူသားရပ်ဝန်းထဲမှာတော့ ထိုသို့ဖြစ်ပေါ်ရခြင်းကို အချစ်ကံခေတာ၊ ဆုံရမယ့်ကံမပါကြလို့ ဝေးရတာ စလို့ ကြံဖန်ခေါင်းစဉ်တပ်ပြီး ဖြေသိမ့်ကြရပါတယ်။ဒါပေမယ့် ဘယ်လိုဖြေသိမ့်ဖြေသိမ့် အချစ်ရဲ့ အက္ခရာကြီး မတိမ်ကောမပပျောက်ဖို့ စောင့်ရှောက်ပေးရတဲ့ မှော်ဆရာတွေအဖို့မှာတော့ စိတ်မလုံတာတွေ ဖြစ်ပုံရပါတယ်။ ဒါ့အတွက် တခုခုကို ဖန်ဆင်းပေးဖို့ စိတ်ဆန္ဒရှိပုံ ရပါတယ်။ ကျနော် အထက်က ဆိုခဲ့သလို လွယ်လင့်တကူတော့ မရနိုင်ဘူး။ စင်စစ်ကို ဘဝတလျှောက်လုံးမှာ ကြေကွဲနာကျင်မှုတွေနဲ့သာ အတိပြီး ဖြတ်သန်းကြရသူတွေ ဖြစ်နေမှသာ ယင်းဆုလာဘ်ကလေးကို ရနိုင်တန်ရာမယ်။
Xiaoyu ဆိုတဲ့ မိန်းကလေးကို မြင်ရတိုင်း တိမ်ရိပ်တွေပြည့်နေတဲ့ ညနေမှုန်ရီရီ၊ ဘယ်တော့မှ ပွင့်လန်းတာမရှိတဲ့ နေထိပန်း၊ နောက်ကျိနေရတဲ့ စမ်းချောင်းသွယ်ကလေးရဲ့ နေ့တဓူဝ စီးဆင်းရမှုများ။ ကျောင်းမှာစာတော်ပေမယ့် အထူးသဖြင့် ပီယာနို တီးခတ်မှုအနုပညာမှာ အတော်ဆုံး ဖြစ်ပေမယ့် ထုံးစံအတိုင်း လူချစ်လူခင်မများဘဲ သက်တူရွယ်တူ ကျောင်းသားအဖော်တွေအကြားမှာ ချိုးနှိမ်ခွဲခြားတာပဲ ခံနေရရှာတဲ့ ကောင်မလေး။ ပန်းနာရင်ကြပ်လို ရောဂါမျိုးက ဖြစ်နေရှာသေးတယ်။ မုဆိုးမ မိခင်ကြီးနဲ့အတူ ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းနေရရှာသူ။ ဒီကောင်မလေးခမျာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘဝကြီးကပေးတဲ့ အရာတွေက အတိဒုက္ခချည်း သက်သက် ဖြစ်နေရတယ်။
တကယ်တော့ သူမရှ်ိနေတဲ့ ကာလက 1970 ခုနှစ် ဝန်းကျင်၊ တိုင်ဝမ်က ဂီတကျောင်းကလေးထဲမှာ ။ တနေ့မှာတော့ ပီယာနိုခန်းထဲက Secret ဆိုတဲ့ ခေါင်းစဉ်နဲ့ နုတ်စ်တခုကို တွေ့ရှိခဲ့ပြီး တီးခတ်လိုက်မိတယ်။ ဒါဟာ သနားကြင်နာတတ်တဲ့ မှော်ဆရာကြီး စောင့်နေတဲ့ကာလပေါ့။ ဒီကောင်မလေးရဲ့ သိုဝှက်နာကျင်မှုတွေ၊ ရင်ကွဲနာသက်သက်ပဲ ခံစားရတဲ့ ဆင့်ကဲ ကာလတွေအတွက် သူလုပ်ပေးလို့ရသမျှကို လုပ်ပေးလိုတာမျိုးပေါ့။ ဒါကြောင့် Secret တေးသွားထဲမှာ မှော်ဆန်တဲ့ အရာတွေကို ထည့်ပေးထားလိုက်တယ်။ နာကျင်ရတဲ့ ခံစားချက်တွေက သူ့ရဲ့ မှော်စွမ်းအင်ကို သက်ဝင်လှုပ်နိုးစေလိုက်ပြီးတော့ အနာဂတ်တနေရာဆီကို တွန်းပို့လိုက်စေတာပဲ ဖြစ်တယ်။
သက္ကရာဇ်အားဖြင့် တွက်ရေသော် 1999 ခုနှစ်။ဂီတကျောင်းကလေးဆီကိုပဲ Ye Xianglun လို့ အမည်သညာရှိတဲ့ လူငယ်လေးရောက်လာတယ်။သူကလည်း ဂီတမှာ ထူးချွန်တဲ့ လူငယ်လေး ရောက်တာနဲ့ ချက်ချင်းပဲ ပီယာနိုခန်းထဲသွားပြီး တီးခတ်တော့တာ။ ရုပ်ချောမွန်ရည်တဲ့ လူငယ်လေး ဖြစ်တော့ ကျောင်းရောက်ရောက်ချင်းမှာပဲ စပြီးခင်မင်ရတဲ့ ကျောင်းသူလေးက ချက်ချင်း နှစ်လိုဟန်ပြပါတယ်။ ဒါပေမဲ့ သူတွေ့လိုက်တာက ပြိုတော့မဲ့ မိုးတွေညို့နေတဲ့ မိုးတိမ်မျက်ဝန်းတွေနဲ့ ကောင်မလေး။ ဆိုင်းမဆင့် ဗုံမဆင့်ပါဘဲ ဒီခန်းမကြီးထဲမှာ ပေါ်လာတာ။ သူ့မှာ ချက်ချင်းပဲ အကြည့်တွေကို လွှဲမပစ်နိုင်တော့။ နှလုံးသားနှုတ်ငုံတော်ဦး ပွင့်ဖူးခြင်းလို့ပဲ တင်စားရတော့မှာ။ ကောင်မလေးကလည်း သူ့ကို ပြုံးပြပါတယ်။
သူ့အတွက်တော့ ဂီတကျောင်းကို တက်ရောက်ရခြင်းအတွက် ပိုမိုအဓိပ္ပါယ်ရှိပြီလို့ပဲ ဆိုရမလားပေါ့။ အမြဲတစေ ညှိုးငယ်နေတဲ့ မျက်နှာကလေးရှိပေမယ့် အဲဒါလေးကိုပဲ သူ့မှာ စွဲလမ်းတွယ်ငြိရတာမျိုး ဖြစ်မှာပါပဲ။ ပိုပြီးနီးစပ်စေတာက ဒီကောင်မလေးကလည်း သူ့လိုပဲ ဂီတပညာမှာ ထူးချွန်နေတာ။ အဲသလိုနဲ့ ကျောင်းတက်ရတဲ့ ရက်တွေက ချိုမြိန်ရတဲ့ နေ့စွဲတွေ ဖြစ်လာစေတယ်။ အဲဒီမှာ ကောင်မလေးက သူ့ကို တီးပြတဲ့ Note က Secret လို့ အမည်သညာရှိတဲ့ စာအုပ်အဟောင်းကြီးနဲ့ ။ ကောင်မလေးကတော့ ဒီသီချင်းကို ခန်းမထဲက ပီယာနိုအဟောင်းကြီးနဲ့ ဘယ်တော့မှ မတီးဖို့ ပြောတာပါ။
ဘာပဲဖြစ်ဖြစ် သူကတော့ သီချင်းခေါင်းစဉ်လိုပဲ လျှို့ဝှက်မှုတွေ ပြည့်နေတဲ့ ကောင်မလေးကို သံယောဇဉ် ဖြစ်နေပါပြီ။ သူမနဲ့ စက်ဘီးအတူတူ စီးကြရင်း ညနေအိုကြီးထဲမှာ ပျော်ရွှင်မြူးတူးနေကြတယ်။ အတူတူထိုင်ပြီး ညနေဆည်းဆာချိန်တွေကို ငေးမောကြပါတယ်။ အမှောင်ရိပ်တွေသာ ကဲနေတဲ့ သူမရဲ့ အိမ်ရှေ့ကို လိုက်ပို့ရတော့လည်း ရင်ထဲမှာ ဟာတာတာကျန်ရတဲ့ အလွမ်းတွေနဲ့ အိမ်ပြန်ရတဲ့ အချိန်တွေ ဆိုပါတော့။
လိုက်ဖက်ညီလှတဲ့ သူတို့နှစ်ယောက်ကို မြင်ရတာက အင်မတန်မှ ကြည်နူးဖွယ်ရာ ကောင်းလှတယ် ။ အချစ်ကပေးတဲ့ စိတ်လက်ကြည်နူးမှုဆိုတာဟာ ကမ္ဘာပေါ်က ရတတ်တဲ့ စိတ်ခံစားမှုတွေထဲမှာ အပြည့်ဝဆုံး အချိုမြိန်ရဆုံး အခိုက်အတန့်တွေ မဟုတ်ပါလား။ ဒါပေမဲ့လည်း ပေါ့လေ။အချစ်မှော်ဆရာကြီး ဝင်လုပ်ပေးလို့ မရတဲ့ ပြဿနာတွေလည်း ရှိလာတတ်တာပဲ။
Ye Xianglun ဆိုတဲ့ကောင်လေးက သူမကို ပီယာနို ခန်းမထဲကို လာဖို့ ပြောခဲ့တယ်။ ဒီအချိန်မှာ ရောက်လာပြီး အနမ်းပန်းခြွေတဲ့ ကောင်မလေးက သူမ မဟုတ်။ ကျောင်းကို ရောက်ရောက်ချင်း သိကျွမ်းခဲ့ရတဲ့ ကောင်မလေး။ တိမ်ညိုမလေးက ဒါကို မြင်ပြီး ထွက်ခွါပြေးတော့တယ်။ ဒါဟာ သူတို့ကြားထဲက ကွေကွင်းရခြင်းနဲ့ ချစ်ခြင်းမေတ္တာ ထုထည်ကို အားပြိုင်ရခြင်း ဖြစ်လာတယ်။
Ye Xianglun အနေနဲ့ ကျောင်းထဲက သူတွေကို မေးမိတဲ့ အချိန်မှာ သူ့ချစ်သူကောင်မလေးဆိုတာ ဘယ်တုန်းကမှ ရှိမနေခဲ့ဘူးတဲ့။ သူ့ကိုတောင် တယောက်တည်း စကားပြော၊ တယောက်တည်းပြုံးနေခဲ့လို့ ကြောင်နေသလားတောင် ထင်နေကြတာမျိုးလေ။ သူ အဲလိုကနေ ကောင်မလေးအိမ်ကို ပြေးလိုက်တော့လည်း ရှာမတွေ့တော့ မိခင် ဖြစ်သူက သူ့သမီးဖြစ်တဲ့သူ ကျောင်းထွက်သွားပြီ ဆိုတဲ့အကြောင်းနဲ့ ကျန်းမာရေး မကောင်းတဲ့သူမို့ ထပ်လာမရှာဖို့ ပြောပြီး နှင်ထုတ်လိုက်တယ်။
ဒါဆိုရင် ကောင်မလေးက မကျွတ်လွတ်နေတဲ့ ဝိညာဉ်မလေး ဖြစ်နေတာလား။ သူအဖြေမရှာနိုင် ။ ငါးလကြာလို့ ဘွဲ့နှင်းသဘင်ကျတော့မှ ကောင်မလေးက တခေါက်ပေါ်လာပြန်တယ်။စတိတ်စင်ပေါ်ကနေ ဟန်တောင်မဆောင်နိုင်တော့ပဲ ဆင်းပြေးတယ်။ ချစ်ရသူက မတော်တဆ မှားယွင်းခဲ့တဲ့ အဖြစ်အပျက်ကို ခွင့်မလွှတ်နိုင်ရှာသေး၊ ပြန်လည် ပျောက်ကွယ်သွားတယ်။
တကယ်တော့ ဒါတွေ အားလုံးက 1979 မှာတင် လက်ရှိ 1999 အကြားမှာ တပြိုင်နက်တည်း ဖြစ်နေတာ ဖြစ်တယ်။ ဆိုလိုချင်တာက မိန်းကလေးဘက်ကအမြင်နဲ့ မြင်လိုက်တဲ့ အခါမှာ သူမက အနှစ်နှစ်ဆယ်ရှိတဲ့ ကာလဆီကို ရောက်ရှိသွားနေတာ ဖြစ်တယ်။
အခြားသောသူတွေကတော့ သူတို့ ကမ္ဘာထဲမှာက အချိန်တွေထဲမှာပဲ ရှင်သန်နေကြပေမဲ့ ကောင်မလေးက Secret ကို တီးရင်းကနေ ချစ်ရသူကောင်လေးကို ရှာတွေ့ခွင့်ရခဲ့တာ။ ဒါကလည်း အံ့အားသင့်စရာပဲ။ Ye Xianglun တယောက်တည်းကပဲ ပစ္စုပ္ပန်ဖြစ်နေတဲ့ သူမရဲ့ အတိတ်ဘဝထဲကို ရောက်ခွင့်ရတာ ဖြစ်တယ်။ သူ့အနေနဲ့ အိမ်ထဲကို သွားရှာတော့လည်း အဲဒီကာလက 1979 ခုနှစ်မှာပဲ ရှိနေတာလား။ မိခင်ဖြစ်သူကတော့ သေဆုံးသွားပြီး ဖြစ်ပုံရတဲ့ သမီးကလေးကို ရှိနေသေးတယ်လို့ပဲ ပြောတာလား သေချာစွာ မမှန်းဆနိုင်။ သူဟာ ပီယာနို အဟောင်းကြီး ရှိနေတဲ့ ခန်းမကြီးကို မဖြိုချခင်အထိ ချစ်ရသူကို လိုက်မရှာနိုင်ခဲ့ရင် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။ ကောင်မလေးက နှောင်းရစ်ခဲ့သော အနှစ်နှစ်ဆယ် ကာလထဲမှာတင် သေဆုံးသွားတာမျိုးနဲ့သာ အချိန်တွေက ကန့်သတ်ပေးလိုက်တော့မှာ။
အချစ်က ဘဝကို သတ်နိုင်သလား ပရိသတ်နေရာက ကျနော်ဟာ သူနဲ့အတူပဲ 1999 ကာလထဲမှာပဲ တွေဝေ မိန်းမောလို့နေတယ်။ မှော်ဆရာရဲ့ ပီယာနိုကြီးကတော့ ဒီအဆောက်အဦကြီး ဖျက်မချသေးသရွေ့ ကောင်မလေးရဲ့ လိုအပ်သမျှကို အသုံးတော် ခံပေးနေဦးမှာပါ။
ကောင်မလေးကလည်း ဒီလို ပြောခဲ့တာကိုး။
“I always play it fast when I want to go back” တဲ့ ။
သူ့အနေနဲ့ မဆုံဆည်းတော့ဘူးလို့ဆုံးဖြတ်လိုက်ရင် ဒါတွေက ဝိညာဉ်ပုံပြင်အဖြစ်နဲ့ပဲ တခန်းရပ်ရတော့မှာ။ နောက်ဆုံးမှာ သူမအိမ်ကို ပြန်သွားခဲ့တယ်။ ကောင်မလေးကတော့ သူ့ကို စိတ်နာနေဆဲမို့ ပီယာနိုကနေ အနာဂတ်ထဲကို ပြန်မလာတာ ဖြစ်မှာပေါ့။ မမြင်ရတော့။ အခန်းထဲကို ဝင်ရှာလိုက်တော့ သူ့ရဲ့ဖခင်ဖြစ်သူ ကျောင်းဆရာနဲ့ အတူရိုက်ထားတဲ့ပုံကို တွေ့လိုက်ရတော့တယ်။
သူအိမ်ကို ပြန်ပြေးတယ်။ ဖခင်ဖြစ်သူကို မေးလိုက်ချိန်မှာ ဖခင်က မယုံနိုင်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက ဒီကလေးမလေးကပဲ သမီး အနာဂတ်ကို ရောက်တဲ့အကြောင်း ပြောပြခဲ့တာလေ။ သူကတော့ အဲဒီတုန်းက ကောင်မလေး အနေနဲ့ စိတ်ကျန်းမာရေးချို့ယွင်းတာကနေ ဖြစ်တယ်ပဲ အောက်မေ့ပြီး သူ့အမေကိုတောင် စိတ်ပူပြီး ပြောပြခဲ့သေးတယ်။ အခု သားဖြစ်သူက အဆက်အစပ်မရှိ မေးလာချိန်မှာတော့ ကလေးမလေးက ရင်နင့်ကြေကွဲစွာနဲ့ သူ့ကို Secret Music Note ဖိုင်ကြီးပါ ပေးခဲ့တဲ့ အကြောင်းကို ရှင်းပြလိုက်ပါတယ်။
Ye Xianglun တယောက်အခြေအနေကို နားလည်သွားခဲ့ပြီ။ ချစ်သူဖြစ်တဲ့ ကောင်မလေးက အချိန်ယန္တရားနဲ့အတူ သူ့ဆီကို ရောက်လာခဲ့တယ်ဆိုတာနဲ့ ပြီးတော့ သူမနဲ့ ဆုံရဖို့ဆိုရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလထဲကို ပြန်သွားဖို့ နည်းလမ်းတခုသာ ရှိတော့တယ်။
ဘာလဲဆိုတော့ ယခု ဖြိုချနေပြီဖြစ်တဲ့ ပီယာနိုအဟောင်းကြီးရှိရာ နေရာကို အပြေးသွားပြီး လျှို့ဝှက်သော တေးသွား နုတ်စ်ဖိုင်ကို အလျင်အမြန် တီးခတ်ဖို့ ဖြစ်ပါတယ်။ ကျောင်းထဲမှာလည်း ဆောက်လုပ်ရေး အလုပ်သမားတွေကနေ ယင်းနေရာကို ကရိန်းတွေ ဘူဒိုဇာတွေနဲ့ ဖြိုဖျက်နေကြပြီလေ။
အချိန်တွေ မီပါဦးတော့မလား။
ကျနော်တယောက် ရုပ်ရှင်ပြီးသွားချိန်မှာတော့ လျှို့ဝှက်တေးသွားက ပီယာနိုသံတွေဟာ နားထဲမှာ စွဲထင်ပြီး ကျန်ရစ်သွားခဲ့တယ်။ ပြီးတော့လည်း တိုင်ဝမ်း Pop စတား Jay Chou ကို အတော်လေး အံ့အားသင့်သွားတယ်။ တကယ်ဆို ဒီဘဲက အဆိုရှင်အဖြစ်ပဲ သူတို့ဆီမှာ လူသိများ ထင်ရှားတဲ့သူ။ မင်းသားရယ်လို့လည်း တိုးဝင်နေဆဲကာလ။ ဒီလိုမျိုးမှာ သူက ခု ရုပ်ရှင်အတွက် မင်းသားအဖြစ်ရော၊ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာနေရာမှာပါ အလုံးစုံ တာဝန်ယူခဲ့တယ်။သူကတော့ ရုပ်ရှင်ပလော့ပ်သွားက ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝကို အခြေခံသလားမေးတော့ တချို့ဟာတွေက ဟုတ်မှန်ပေမဲ့ ဒီလိုမျိုး လှပတဲ့ အချစ်ပုံပြင်မျိုး မရရှိခဲ့ပါဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ ကျောင်းသားဘဝက ပီယာနိုတီးခဲ့ရတာတွေ၊ ပြီးတော့ ရုပ်ရှင်ထဲက ချစ်ရသူကောင်မလေးရဲ့ ဂီတကျောင်းကို စတင်တက်ရောက်တဲ့ နေ့စွဲဟာ သူ့မွေးနေ့ကို ပြန်လည် ထည့်ဝင်ထားတာ ဖြစ်တယ်။
ရုပ်ရှင်က ပြီးပြည့်စုံလွန်းလှတာမို့ ကျနော်ဟာ ဆွံ့သေပြီး ကျန်ရစ်ရပြန်ပါတယ်။ နဂိုကလည်း ကျနော်တယောက်အနေနဲ့ အချိန်ခရီးသွား ဇာတ်လမ်းတွေကို နှစ်သက်သူတယောက်လည်း ဖြစ်လို့ နေမှာပေါ့။ Jay Chou ထည့်ဝင်ပြတဲ့ သူမနဲ့အတူတူ ငေးကြည့်ကြတဲ့ ဆည်းဆာရိပ် မြင်ကွင်းတွေ၊ ပီယာနိုကို တီးခတ်ကြပုံတွေနဲ့ အချိန် ယန္တရားချိတ်ဆက်ပေးမှုမှာ ကီး သော့ချက်တခုအဖြစ် ပီယာနိုကြီးနဲ့ ဂီတနုတ်ဖိုင်ကို ထည့်ဝင်ထားပုံကလည်း လှပလွန်းလှတဲ့ ဖော်ပြမှုပဲ။
ကျနော့်မှာ Jay Chou ရဲ့ ဇာတ်ကောင်နဲ့အတူတူ လက်တွေ့ဘဝကြီးပါ မေ့ပျောက်သွားရပြီး အချိန်ရဲ့ စက်ဝန်းကြီးထဲမှာ မျောပါသွားရတာကို ကြည်နူးနှစ်သက်လို့ မဆုံးပါဘူး။ အဓိက မိန်းမောရတဲ့ အချက်ကတော့ ဇာတ်ကောင်ဟာ တယောက်တည်းနဲ့ပဲ လူဆိုးအများကြီးကို အပြေးအလွှား ဖိုက်တင်ချရင်း ကယ်တင်ရမယ့် ကောင်မလေးရဲ့ ရင်ဘတ်က ချိန်ကိုက်မိုင်းကို တစက္ကန့်အလိုမှာတင် ရပ်တန့်နိုင်သွားတဲ့ ရင်မသည်းဖို ဖီလင်ထက် ဒီထဲက သူ့ရဲ့ အသောနှင်စွာနဲ့ စန္ဒရား ခလုတ်တွေကို တီးခတ်ပြနေတဲ့ မြင်ကွင်းက မိမိပါ လိုက်ပါတီးခတ်ရသလို ခံစားရတာ။ ပိုလို့ သည်းတထိတ်ထိတ် ဖြစ်ခဲ့ရတာလေ။
စဉ်းငယ်မျှ တီးခတ်တာ နောက်ကျတာနဲ့ ချစ်ရသူက ဘယ်တော့မှ မြင်ရမှာမဟုတ်တော့တဲ့ အတိတ်အိုအိုကြီးထဲမှာ ကျန်ခဲ့တော့မှာဖြစ်ပြီး ကျနော်တို့က ပန်းစည်းကလေးကို ကိုင်ရင်းပဲ သူမ အုတ်ဂူကလေးရှိရာကို သွားရရုံပဲ ရှိတော့မှာ။
ကျနော်တို့၊ ခင်များတို့ရော အဲသလို အဖြစ်မျိုး ဖြစ်မှာကို ခံနိုင်ကြမှာလား။ ပြီးတော့ရော ဒီလို Secret နုတ်ဖိုင်နဲ့အတူ တယောက်ယောက်ကို ရှာဖို့ မှော်ဆရာက အခွင့်အရေးပေးခဲ့ရင်ရော အနာဂတ်ကိုပဲ ခရီးဆက်ချင်ကြလား။ အတိတ်မှာပဲ ပျောက်ရှခဲ့ရသူတွေကို လိုက်ရှာကြမှာလားပေါ့ ။
ရုပ်ရှင်ရည်ညွှန်: – Secret Movie ( 2007)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
