ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး

“ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး”
◼️နွေအလင်း (CDM)
“ဖိုးတေ” … ဒီစစ်ရှောင်စခန်းမှာ ဖိုးတေကို သူ အချစ်ဆုံး။ “ဖိုးတေ” ဟု အလွယ်ခေါ်သော်လည်း သူ့အမည်ရင်းမှာ “မောင်ကျော်မင်းသန့်” … အမြဲ ရယ်ရယ်ပြုံးပြုံးနဲ့ အလွန်ချစ်မွှေးပါသော ကလေးလေး။
မိဘတွေက မရှိရှာတော့။ လူနေအိမ်များသို့ အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သော လက်နက် ကြီးကျည်ကြောင့် မိဘနှစ်ပါးလုံး ဆုံးပါးကွယ်လွန်ခဲ့လေပြီ။ တဦးတည်းသော အမမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွင် ဆေးမှူးဆိုတော့ “ဖိုးတေ” က ဒီစစ်ရှောင်စခန်းမှာပဲ သူ့အဒေါ်နှင့် အတူနေသည်။
အဲ့ဒီစစ်ရှောင်စခန်းမှာပဲ သူနဲ့ ဖိုးတေနဲ့ စတွေ့လေသည်။ “ဆရာလေး” ဟု အားရပါးရ ခေါ်သံတွေကြားမှာ သူက “နာ” ပေါင်းများစွာနှင့် ပြည့်စုံခဲ့ရပြီ။ စစ်ရှောင်မိသားစုများ၏ အထွေထွေအခက်အခဲများ၊ ကျန်းမာရေးပြဿနာများနှင့် ချို့တဲ့သော ပညာရေးဆိုင်ရာများကို သူ တတ်နိုင်သလောက် ဖြေရှင်းရင်းနှင့်ပင် ပညာရေး CDM တဦးမှသည် လူမှုကူညီရေး နာယကအဖြစ်သို့။ သို့သော် သူ ဒီစစ်ရှောင်မိသားစုများအတွက် ကူညီရသည်ကို ပျော်မွေ့နေသည်ပဲလေ။
“ဖိုးတေ” က စကားအရမ်းတတ်သည်။ ၃ တန်းကျောင်းသား အရွယ်နှင့်မလိုက်အောင် ယဉ်ကျေးသိမ်မွေ့မှုလည်းရှိသည်။ ဆရာ/ဆရာမများရှေ့ရောက်လျှင် လက်လေးပိုက်၊ ခေါင်းလေးငုံ့၍ ကျောခိုင်းသွားလျှင်တော့ တထည်တည်းသော ပုဆိုးက ဖင်အပေါက်လေးနှင့်။ ဖိုးတေ တယောက်တည်းမဟုတ်၊ ကျောင်းသားတွေအကုန်လုံးက အထဲမှာ ရောင်စုံဘောင်းဘီများနှင့်။ တချို့ကလည်း ညဝတ်ဘောင်းဘီသေးနံ့ ထောင်းထောင်းနှင့်ပင် ကျောင်းလာကြသည်။ အခြားလည်း ဝတ်စရာများမရှိ၊ စစ်ဘေးရှောင်ဘဝက အဝတ်အစားရော အနေအထိုင်ပါ ဆင်းရဲလှသည်။
“ဖိုးတေ သား မမကိုချစ်လား” ဆိုတော့ နှပ်ချေးတွဲလဲကို ရှုံ့ခနဲ ရှိုက်သွင်းရင်းက ခေါင်းခါပြသည်။ “မမက သားဆီလည်း အကြာကြီးနေမှ ပြန်လာတာ၊ ပြန်လာပြီးရင်လည်း ခနလေးနဲ့ ပြန်သွားတာ မချစ်ပါဘူး” … သူ့အဖြေ။
တခါတခါတော့ စိတ်ကူးပေါက်သလို မေးခွန်းလေးတွေ မေးတတ်သည်။ “ဆရာလေးတဲ့ မမလုပ်နေတဲ့ တော်လှန်ရေး ဆိုတာ ဘာလဲဟင်” တဲ့။ “သားရေ တော်လှန်ရေးဆိုတာလေ၊ သားအဒေါ်ကို သားချစ်တယ်မလား။ အေး အဲ့ဒီလိုမျိုး သားချစ်တဲ့လူတွေကို လက်နက်အားကိုးနဲ့ သေနတ်ကြီးတွေနဲ့လေ အနိုင်မကျင့်နိုင်အောင် ခုခံတွန်းလှန်တာကို တော်လှန်ရေးလို့ခေါ်တယ် ဖိုးတေရဲ့။ လူဆိုးတွေကို သေနတ်နဲ့ပစ်တာပေါ့ကွာ” ဆိုတော့ “သားလည်းကြီးလာရင် တော်လှန်ရေးလုပ်မယ်” တဲ့။
တတန်းတည်း ကျောင်းသားတွေအထဲမှာလည်း ဖိုးတေက လူချစ်လူခင်အပေါဆုံး။ စာအတော်ဆုံးကလေး။ အတန်းထဲမှာ ဘုရားရှိခိုးလျှင်လည်း သူ့အသံကအကျယ်ဆုံး။ ပထမဆုကိုလည်း ခနခနရသည်။ ဖိုးတေ၏ အကျင့်တခုကတော့ အဆော့မက်ခြင်းဖြစ်သည်။ ကျောင်းလွှတ်ချိန်ပြီးကတည်းက လွယ်အိပ်ကို ဘုတ်ခနဲပစ်ချပြီး ထွက်ဆော့သည် မှာ ညမှောင်သည်အထိ။ ညမှောင်စပျိုးချိန်ဆို သူ့အဒေါ်က တုတ်တချောင်းနှင့်လိုက်ရှာပြီး ဆော်ပလော်တီးနေကြ။ ညမှောင်စပျိုးချိန်တွင် စီခနဲ အော်ငိုသံကြားလျှင် ဖိုးတေ။
သူတို့စစ်ရှောင်စခန်းအတွက် အနွေးထည်၊ အခြေခံစားသောက်ကုန်များနှင့် ကလေးကစားစရာများပါ အလှူရှင်တဖွဲ့က ထောက်ပို့လှူဒါန်းလာသည်။ သို့သော် နယ်မြေအခက်အခဲကြောင့် လမ်းတဝက်အထိပဲရောက်သည်။ လမ်းတဝက်အထိ သူတို့ သွားယူရမည်ဖြစ်သည်။ သွားရမည့်ခရီးကလည်း အလှမ်းဝေးသည်။ အသွားတွင် တနေကုန်ခရီး အပြန်တွင်တော့ နေ့တဝက်ကျော်ကျော် ပြန်ရမည်။
“မနက်ဖြန်နှင့် သန်ဘက်ခါ ကျောင်းပိတ်သည်”ဟု ကြေညာသောအခါ ဖိုးတေတို့အုပ်စုက လက်ခုပ်လက်ဝါးတီးကာ ကကြလေသည်။ တနေကုန် ဆော့ရတော့မည် မဟုတ်ပါလား။ စစ်ရှောင်စခန်းတွင် နေ့ခင်း ရရာအလုပ် ထွက်လုပ်ကြသဖြင့် လူကြီးများက စခန်းတွင်မရှိ။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ကျန်ခဲ့သည်။ ဖိုးတေတို့အုပ်စုကတော့ ဗိုလ်လုပ်မင်းမူနေမည်သာ။ “ဒင်းတို့တော့ နေနှင့်ဦး” ဟု စိတ်ထဲကတွေး၍ အိမ်စာပေးကာ ကျောင်းဆင်းလိုက် သည်။
နောက်နေ့မနက်အစောပိုင်း ခရီးသွားခါနီးတော့ ဖိုးတေရောက်လာသည်။ လက်ထဲတွင် ဆီတွေရွှဲနင့်နေသော မုန့်ဆီကြော်က တဘက်၊ ဝက်ဝံရုပ်ကတဘက်။ မနက်စောစော ဆော့ရန်ဖြစ်ပေလိမ့်မည်။ “သား ဘာလဲ” ဆိုတော့ “သားဝက်ဝံရုပ်လေးက ဟောင်းနေပြီ၊ မကောင်းတော့ဘူး။ ဆရာလေးပြန်လာရင် ဝက်ဝံရုပ်လေး ဝယ်ခဲ့ပေးပါ ဆရာလေး” တဲ့။ ကိုတတ်ပ က။”အေးအေး ဝယ်ခဲ့မယ်နော် သား” ဟုပြောရင်း ခရီးထွက်ရန်ဆက်ပြင်တော့ ကျေနပ်သောအမူအရာနှင့် တွန့်လိမ် ကခုန် ထွက်သွားသည်။
လမ်းကလည်းကြမ်း၊ နေကလည်းပူနှင့် တကိုယ်လုံး ကိုင်ရိုက်ထားသလိုနေသည်။ ညတည်းသည့်အိမ်မှာအိပ်၊ မအိပ်ခင် တစ်ခါတည်း ပစ္စည်းများထုတ်ပိုးပြီး အဆင်သင့်လုပ်ထားလိုက်သည်။ မနက်စောစော အပြန်ခရီးကို စတင်ခဲ့သည်။
ညကလည်း အိပ်မက်မကောင်း။ အခုလည်း ဆိုင်ကယ်က ဘီးပေါက်ပြန်သည်။ အနီးဆုံးရွာသို့ တမိုင်ခွဲခန့် တွန်းရမည်။ ချွေးတရွှဲရွှဲနှင့် အားစိုက်တွန်းနေစဉ် “ဝီး” ကနဲအသံနှင့် ခေါင်းပေါ်ဖြတ်ပျံသွားသော ဂျက်ဖိုက်တာတစီး။ ဦးတည်ရာက စစ်ရှောင်စခန်းဘက်။ “ဘုရား ဘုရား မဖြစ်ပါစေနဲ့” စိတ်ထဲက ကြိတ်ဆုတောင်းနေရင်း စိုးရိမ်စွာ လှမ်းနေမိသည်။
ဆိုင်ကယ်ကျွတ်လဲ၍ အပြီးသတ်ချိန်၊ ပစ္စည်းများကို ထုပ်ပိုးပြီးချိန်တွင် ခရီးသွားဆိုင်ကယ်တစင်း အနားသို့ရောက် လာသည်။ “ကံဆိုးလိုက်တာဗျာ၊ စစ်ရှောင်စခန်းကိုမှ ကြဲသွားတာတဲ့ တော်တော်သေကုန်တယ်ပြောတယ်” သူ့ရင်မှာ ဝုန်းကနဲ။ “ဘယ် စစ်ရှောင်စခန်းလဲဗျ၊ ××××× စခန်းလား” ထိတ်လန့်တုန်ရင်စွာ သူမေးလိုက်သည်။ “ဟုတ်တယ် အဲ့စခန်း။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရောဗျို့” ကျန်သည့်စကားများ သူဆက်၍မကြားတော့။ ဆိုင်ကယ်ပေါ်တက်ပြီး တရမန်းကြမ်း မောင်းထွက်ခဲ့သည်။
မျက်လုံးထဲတွင်လည်း ဘာမှမမြင်တော့။ မျက်ရည်ပူများနှင့် အမြင်တွေ ဝေဝါးလာသည်။ ရင်ထဲတွင်လည်း နာကျည်းခံပြင်းစိတ်များနှင့် လုပ်ရက်လေခြင်းဟု တွေးတောရင်း ဆိုင်ကယ်ကို သူ့တသက်တွင် တခါမှ မမောင်းဖူးသည့် အမြန် နှုန်းဖြင့် မောင်းနေမိသည်။
ဝေးဝေးမှပင် မြင်ရပါပြီ။ မီးခိုးဖြူများက အူ၍။ စစ်ရှောင်စခန်းလေးက မီးငြိမ်းစပြုပြီ။ ပြိုလဲနေသော သစ်သား၊ ဝါး အစအနများနှင့်။ လူတွေကလည်း ဆူညံပွက်ပွက် သွက်သွက်လှုပ်ရှား ပြေးလွှားနေကြသည်။ သူ လူအုပ်ကြီးနှင့် မလှမ်းမကမ်းတွင် ဆိုင်ကယ်ကိုရပ်၍ ပြေးလာခဲ့သည်။ သူ့ကလေးငယ်များ ဘေးမှကင်းပါလေစ။
“အမလေး ဆရာလေးရဲ့။ ဖိုးတေရေ နင့်ဆရာလေး ပြန်လာပြီလေ ထကြည့်ပါဦးလား သားရဲ့” ဖိုးတေအဒေါ်၏ ငိုကြွေးသံများကြားတွင် သူရင်ထဲတွင် မခံစားနိုင်တော့။ သနားစရာ ကလေးငယ်များ။ ဖိုးတေအပါအဝင် ကျောင်းသားကျောင်းသူ ခုနစ်ဦး၊ လူကြီး ငါးဦး၊ အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် ကြွေလွင့်ရသည်။ အချို့ ကိုယ်အင်္ဂါအစိတ်အပိုင်းမှာ အစရှာ၍ပင်မရတော့။ အတတ်နိုင်ဆုံး စုစည်း၍ သင်္ဂြိုလ်ရသည်။
ဖိုးတေ၏ နောက်ဆုံးခရီးအတွက် ဝက်ဝံရုပ်အသစ်လေးတခု ထည့်ပေးလိုက်သည်။ တပည့်ဖြစ်သူ တမလွန်ဘဝ သာယာလှပဖို့ ဆုမွန်ကောင်းတောင်းရင်း သူငိုနေမိသည်။ ဖိုးတေဘဝသစ်မှာတော့ စစ်ပွဲတွေ ကင်းပါလိမ့်မည်။ ချိုးငှက်တွေ တွန်ပါလိမ့်မည်။ ငြိမ်းချမ်းသာယာပေလိမ့်မည်။
အခုတော့ … သွားနှင့်ပေဦးတော့ ဖိုးတေရေ …
About The Call 352 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*