3
လင်းလက်နွေဦး
‘ဝင်တိုက်မိတဲ့ခလုတ်က အချစ်တဲ့’
ကျောပိုးအိတ်လေးချ၊ မီးဖိုချောင်ထဲ တကုတ်ကုတ် အလုပ်ရှုပ်နေတဲ့ အမေ့ဆီ သွားနှုတ်ဆက်လိုက်ပါတယ်။ အမေက ကျနော့်အကြိုက် လက်ဖက်သုတ်နေတာကိုး။ အမေ ကမ်းပေးတဲ့ လက်ဖက်သုတ်လေး တဇွန်းတောင် မစားရသေးဘူး၊ ဖုန်းခေါ်သံ ကြားလိုက်ရတယ်။
“နန္ဒ၊ ရောက်ပြီဆို” ငယ်ကတည်းက ရင်းနှီးဆုံးသူငယ်ချင်းကြီး အသံ ကြားလိုက်ရတယ်။ ရွာငယ်ဇနပုဒ် ဆိုတော့ကား ‘အပ်’ကျတာကအစ သိနိုင်တယ် မဟုတ်လား။ ခဏနေတော့ ဆိုင်ကယ်် တဖုန်းဖုန်းနဲ့ လက်ဖက်ရည် သောက် လာခေါ်ပါတော့တယ်။ အမေက မျက်စောင်း တထိုးထိုးနဲ့ ” ဒီကလေးတွေကတော့ တကယ်ပါပဲ၊ ငါ့သားမျက်နှာ ဝအောင်တောင် မကြည့်ရသေးဘူး”လို့ မြည်တွန်လိုက်ပါတော့တယ်။
တကယ်တော့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ ငယ်ပေါင်းတွေ စုံညီနေပြီ။ တယောက်တပေါက် ခွန်းကြီးခွန်းငယ် တဝါးဝါးတဟားဟား။ ကျနော်တို့ ဝင်လိုက်တော့ သူငယ်ချင်းတယောက်က ထိုင်ခုံတွေ ဆွဲယူချပေးပါတယ်။ သူတို့အထဲမှာ ရွာမှာကျန်ခဲ့တဲ့ ရွာမြဲကြီးတွေ တယောက်နှစ်ယောက်လောက်ပဲ ပါတယ်။ ကျန်တဲ့ကောင်တွေက အမေနဲ့ ရွာကို သားမောင် လွမ်းတဲ့ကောင်တွေချည်းပဲ။ သင်္ကြန်တန်ခူး အခါတွင်းလောက်တောင် ရွာနား မကပ်နိုင်တဲ့ကောင်တွေတောင် ပါတယ်။ ကျနော်လည်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း တချို့နှစ်တွေ နှစ်နှစ် သုံးနှစ်ပေါင်းပြီးမှ အမေ့ဆီ ပြန်လာနိုင်ပါတယ်။
‘မောင်ကြည်’ပြောသလို ဝန်ထမ်းကံ အတော်ညံတာလည်း ပါပေမပေါ့။ ကချင်၊ ကချင်ပြီးတော့ ကယား၊ ကယားပြီးတော့ ရခိုင်… အမေကတော့ အားပေးရှာတယ်၊ အစိုးရစရိတ်နဲ့မို့ သွားနိုင်တာ သွားသာ သွား တဲ့။ ငယ်တုန်း စေလိုရာစေ သွားသာ သွားကွာ၊ အသက်ကြီးမှ ရွာပြန်ကပ် ဆိုသူတွေ၊ လူပျိုလူလွတ်ဘဝမို့ နောက်ဆံတင်းစရာ မလိုဘူး အားပေးသူတွေ၊ မင်းအမေက အငယ်မလေးနဲ့ အေးဆေးပါကွာ မင်းတို့သားနှစ်ယောက်က ရာထူးရာခံကြီးတွေ ဖြစ်အောင် ကြိုးစားစမ်းပါ တိုက်တွန်းသူ တွေကလည်း မနည်းလှ။
ခုတော့ မျှော်လင့်ချက်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ပေးဆပ်ခဲ့သမျှတွေ သဲထဲရေသွန်ရပေါ့။ အကိုကြီးကလည်း ပြန်တမ်းဝင် စီဒီအမ်။ ကျနော်ကလည်း ကျန်းမာရေးဝန်ထမ်း စီဒီအမ်။ ညီမလေးကလည်း ပညာရေးဝန်ထမ်း စီဒီအမ်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ခဲ့တဲ့ ကျနော့်အမေကလည်း ဟိုးအရင်ကတည်းက မိဘဆွေမျိုးတွေ စကားနားမထောင်ခဲ့တဲ့ စီဒီအမ် ဆိုတော့၊ ဖိုးစီတို့အိမ်ကလေးပဲပေါ့။ အဘ အမေကြီးက ကြီးကြီးတို့က အမေ့ကို တပင်လဲ တပင်ထူဖို့ အမြဲတိုက်တွန်းခဲ့တာကိုး။
စီဒီအမ် နုချိန်တုန်းက ကျနော်၊ အကိုကြီးတို့ဟာ မနက်တိုင်း လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရှေ့ရေးတောင် မတိုင်ပင်ဖြစ်။ နွေဦးတော်လှန်ရေးဟာ စီဒီအမ်ဝန်ထမ်းထုကြီးနဲ့အတူ အလံထူနိုင်မယ်ပေါ့။ အကိုက သူငယ်ချင်းတွေနဲ့အတူ လူထုသပိတ်တွေမှာ ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ကျနော်ကတော့ နယ်ကျဉ်းလိမ့်မယ်၊ မလုပ်ချင်ဘူးလို့ ငြင်းလေ့ရှိပါတယ်။ ဖေ့ဘုတ်ပေါ်မှာတောင် Low Profile နဲ့ တိတ်တိတ်လေး နေတယ်။ သတင်းလေးဘာလေး ကြည့်၊ နိုင်ငံတကာရဲ့ သဘောထားတွေ ဝင်ဖတ်၊ သူငယ်ချင်းတွေကို ဝေမျှ၊ ဒီလောက်ပါပဲ။
ဒီနောက် သပိတ်တွေ ဖြိုခွင်းခံရတဲ့ သတင်းတွေ၊ ကျည်အစစ်နဲ့ ပစ်ခတ် နှိမ်နင်းတာတွေ၊ ခေတ်ဆိုးအဖြစ် ပြောင်းသွားအောင် လက်နက်မဲ့ ပြည်သူတွေရဲ့ ဦးခေါင်းကို ပစ်ခတ်တာတွေ ကြားလာရတယ်။ သပိတ်ခေါင်းဆောင်တွေ၊ နာမည်ကြီးတွေ၊ ဆယ်လီတွေကို ဖမ်းဟယ်ဆီးဟယ် ဖြစ်လာတယ်။ ကျနော်တို့ ရွာမှာလည်း သပိတ်ခေါင်းဆောင် တယောက် အဖမ်းခံရပြီ။ ကျန်တဲ့ခေါင်းဆောင်တွေလည်း ရှောင်ကြရပြီ။ သပိတ်ထဲ တက်ကြွလွန်းသူ သူငယ်ချင်း ဆရာဝန်မိသားစုလည်း ပြေးရပြီ။ ရှေ့ဆုံးက အမြဲလိုက်တဲ့ ဦးဇင်းနှစ်ပါးလည်း အောက်ပြည် ကြွသွားလေပြီ။ နောက်ဆုံးက လိုက်ပေးနေကြ လူမှုရေးကားလည်း ရဲစခန်းထဲ တပတ်လောက် အိပ်လိုက်ရတယ်။
ဒီနောက် EROs တွေ ရောက်သွားတဲ့ လူငယ်တွေ လေးစားစရာ။ ချိတ်ပိတ်ခံလိုက်ရတဲ့ အိမ်တွေ၊ လုပ်ငန်းတွေ သနားစရာ။ ၅၀၅(က)နဲ့ ဆွဲစိခံရတဲ့ တော်လှန်ရေးသမားတွေ အများကြီး။ အိမ် ချိတ်ပိတ်၊ လူ ဝရမ်းထုတ်တော့ မိသားစုဝင်တွေပါ ထွက်ပြေးနေရပေါ့။
ကျနော်တို့ လက်ဖက်ရည်ဝိုင်းလေ၊ လူမစုံတော့။
တခါတလေ လက်ဖက်ရည် နပ်မမှန်တော့။
အကိုကြီးက ကားစပါယ်ယာလိုက်။ ဆိတ်မွေး ဆိတ်ကျောင်း။ စက်ရုံ ညစောင့်။ ကားဂိတ်စာရေး။ မှတ်ပုံတင်ကိစ္စနဲ့ အိမ်ပြန်ရောက်။ ခု ရွာတောင်ဘက် ခြံထဲမှာတင် ဝက်မွေးနေရ။
ညီမလေးက အိမ်ဆိုင်ဖွင့်ထားပြီး အိန္ဒြေရနေပြီ။
ကျနော်လည်း တခုခု လုပ်သင့်ပြီ။ အမေက ‘ငတ်မသေပါဘူးကွယ်’ ဆိုပေမယ့် လတွေ နှစ်တွေ ထိုင်စားနေရတော့ အားနာလာတယ်။ ဒါတောင် သားသမီးတွဲလျောင်းကောင်တွေလို စားအိုးမကြီးလို့။ မောင်ကြည် ပြောသလို အမျိုးတွေရွာသွားပြီး GP ထုရအောင်လည်း ဟိုမှာ ဒီမှာ နန်းစီဒီအမ်တွေ။ တချို့စီတွေလည်း နေရာဦးထားပြီးသား။ သူပြောပေးတဲ့ စက်ရုံမှာလည်း ကိုယ်က စိတ်မပါ။ စက်ရုံထဲက ပြန်အထွက်ကို ခေါင်းစခေါင်းဆုံး နေ့တိုင်းအစစ်ခံနေရမှာကို ဘဝင်မကျလှ။
နောက်ဆုံး မောင်ကြည် ဆက်ပေးတဲ့ ဘော်ဒါဆောင်တခုမှာပဲ အဆောင်မှူး လုပ်ဖို့ပါပဲ။ ဆရာမရှိတဲ့ မအားတဲ့အချိန် အတန်းထိန်း ဝင်ပေးရမယ်တဲ့။ သူ ပြောတဲ့လိပ်စာအတိုင်း အိုးဝေငှားသွားပါတယ်။ “ခင်ဗျား ပြောတဲ့လိပ်စာဆို ဒီဘော်ဒါဗျ”ဆိုကာ အိုးဝေဆရာက ဟွန်း သုံးလေးချက် ဆက်တီးလိုက်ပါတယ်။ ရည်ရည်မွန်မွန် အမျိုးသမီးတယောက် ထွက်လာပါတယ်။ “အော်… ကလေးမိဘထင်တယ်၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ၊ အဆောင်ထဲထိတော့ ဝင်ခွင့်မရလို့ပါနော်”တဲ့။
ဓာတ်သိ အိုးဝေသမားက တဟီးဟီး ရယ်နေပါတယ်။ ကျနော့်မှာ မျက်နှာ မထားတတ် ဖြစ်သွားတယ်။ ဖုန်းနဲ့ ဆက်သွယ်မိတ်ဆက်ထားတဲ့ဆရာမကြီး ထွက်လာမှ အဆင်ပြေသွားပါတယ်။ ထိုသူမကလည်း စစ်ကိုင်းတိုင်းက ကျောင်းဆရာမလေး တယောက်။ စီဒီအမ် အချင်းချင်း ဆိုတော့ ပွင့်လင်းဖော်ရွေမိကြပါတယ်။ ရိုးသားသူ၊ စိတ်ဓာတ်ခိုင်မာသူ၊ ခုထိ ထောက်ပို့နေသူ၊ တတ်စွမ်းသမျှ တော်လှန်နေသူလေး။ ကျနော် ရှက်ရပါတယ်။ သူကတော့ ခင်မင်လေးစားလျက်။
CDM Signal အဖွဲ့ကနေ လွတ်မြောက်နယ်မြေအတွက် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူလာပါတယ်။ Zoom Meeting တွေ တက်ပြီး ဆွေးနွေးရပါတယ်။ ရောက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ကြိုးစားမှုတွေ၊ ခံယူချက်တွေ၊ လွတ်လပ်မှုတွေက အားကျစရာ။ အခက်အခဲတွေကို ရင်ဆိုင် အနိုင်ယူရတဲ့ ပျော်ရွှင်မှုဟာ ပြည့်စုံတဲ့ ပျော်ရွှင်မှုပဲ မဟုတ်လား။
“ဆရာမ ကျနော် လိုင်းပေါ်ကနေ လျှောက်လိုက်ပြီ”
သူမ မျက်လုံးလေးတွေ ဝိုင်းသွားတယ်။ အံ့ဩ ဝမ်းသာ နွမ်းလျ … ဘာမှန်းမသိ။
“ကရင်နီကို… ဆရာမ၊ အားလုံးစီစဉ်ပြီးပြီ၊ လမ်းကြောင်းတွေလည်း ဆွဲပြီးပြီ”
ဆရာမလေး ချာကနဲ လှည့်ထွက်သွားပါတယ်။ ကျနော့်ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်ဆိုတာ သူမလည်း သိပါတယ်။ သူမဟာ ကျနော် တိုက်မိတဲ့ တခုတည်းသော ခလုတ်ဆိုပေမယ့် ဆူးငြှောင့်တခုတော့ မဟုတ်ပါဘူး။
ဒါကို သူရော ကျနော်ပါ သိထားကြပါတယ်။
November, 2025.
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
