4
စိမ်းသစ်
‘သတိရလို့ရေးတဲ့စာ’
သားကြီးရေ . . . . ကိုယ်မင်းကို သိပ်သတိရတာပဲ။ ဒီနေ့ည မိုးတွေသိပ်ရွာတာပဲကွာ။ ကိုယ်နားကြပ်လေးတပ်ရင်း see you again ကိုနားထောင်နေမိတယ်။ ကိုယ်ကြေကွဲမိပေါ့။ ဘာကြောင့်မှန်းမသိဘဲ။
မိုးတွေရွာနေတဲ့ကြားက ညနေစောင်း ထမင်းမစားခင်ကတည်းက ကိုယ်မင်းကို သိပ်သတိရနေတာကွ။ ယောက်ျားချင်း သတိရစရာလားလို့ ပတ်ဝန်းကျင်ကပြောလည်း ကိုယ်ဂရုမစိုက်ပါဘူးကွာ။ သတိရခြင်းမှာ ယောက်ျား၊ မိန်းမ၊ လိင်ခွဲခြားခြင်းမရှိဘူးဆိုတာ၊ ဘာသာစကား၊ ဖြစ်တည်မှု၊ အတားအဆီး ဘာအဟန့်အတားမှ မရှိဘူးဆိုတာ မသိတဲ့သူတွေကို ကိုယ်ဂရုမစိုက်ပါဘူးကွာ။
မင်းကိုကိုယ် သိပ်သတိရတယ်။ တခါက မင်းနဲ့ကိုယ် စစ်သင်တန်းကို တူတူတက်ခဲ့ကြတယ်။ ပင်ပန်းခက်ခဲမှုတွေကို တူတူဖြတ်ကျော်ခဲ့ကြတယ်။ ခုတော့ မင်းကိုယ့်နားမှာ မရှိတော့ဘူးပေါ့။ မရှိတော့ဘူးပေါ့ကွာ။ သင်တန်းကာလ မင်းအိမ်နဲ့ ဖုန်းခိုးပြောတယ်ဆိုတော့ ကိုယ်ရင်တွေထိတ်သွားခဲ့တာ မင်းမသိဘူးမလား။
မင်းရှေ့တန်းထွက်တုန်းကတော့ ကိုယ်အရမ်းကြီး မစိုးရိမ်မိပါဘူး။ ဒါကတော့ အမှန်ကိုဝန်ခံတာပါ။ ဘာလို့ဆို ကိုယ်တို့က စစ်သားတွေလေ။ အချိန်တိုင်းအလုပ်များနေကြတာ။ တခုမဟုတ်တခုတော့ အလုပ်ကရှိတယ်မဟုတ်လား။ ဒါကြောင့်ကိုယ်မအားတာရော တခြားစိတ်ချရတာရောကြောင့် ကိုယ်သိပ်စိတ်မပူဘူးပြောတာပါ။
ခုရက်ပိုင်း ကိုယ်ပိုပြီးအထီးကျန်လာတယ်။ အထီးကျန်စိတ်ကို ကိုယ်မနည်း တားဆီးနေရတယ်။ ဟိုတုန်းက ကိုယ့်နားမှာရှိနေကျသူတွေ အခုကိုယ့်နားမှာ မရှိတော့ဘူးလေ။ ကိုယ်ပျော်ပျော်ရွှင်ရွှင် နေခဲ့ဘူးတဲ့ ရဲဘော်ဘဝကို သိပ်လိုချင်တယ်။ ပြန်သတိရတယ်။ သင်တန်းတုန်းက မင်း မွန်သီချင်းတွေ ထွက်ဆိုတော့ ကိုယ်တို့ရယ်ခဲ့ကြတယ်လေ။ ဒီကောင် ဘာကောင်မှန်းမသိပါဘူးကွာလို့ ကိုယ်တို့ပါးစပ်တွေကနေပြောခဲ့ပေမယ့် ကိုယ်တကယ်ဝန်ခံရရင် ကိုယ်တို့သိပ်ကိုပျော်မိ၊ သဘောကျမိလို့ပါ။ ဂီတအနုပညာနဲ့ ဝေးကွာနေတဲ့ကာလတွေမဟုတ်လား။
ကြွေသောရွက်ဝါ ပြန်မဆက်၊ လှသောအိပ်မက် ပြန်မမက်တဲ့။ ကိုယ်ကြားဖူးတယ်။ မင်းအကြောင်းသတင်းကြားတဲ့နေ့က ကိုယ်အရူးတပိုင်းကိုဖြစ်သွားတာပဲ။ ကိုယ်သိပ်အံ့ဩသွားတာလေ။ အဲ့နေ့ညနေ သတင်းကြားကြားချင်း ပျော်ရွှင်နေတဲ့ ကိုယ့်စိတ်တွေ ကြက်ပျောက်၊ ငှက်ပျောက်ကို ပျောက်သွားတာပဲ။ ကိုယ် see you again သီချင်းကို ထပ်တလဲလဲ နားထောင်တယ်။ ညနေဟာ တိတ်ဆိတ်နေတယ်။ အဲ့ရက်ပိုင်းတွေဟာ ကိုယ်ဘဝအတွက် နွမ်းကြေစရာချည်းပဲ။
ခရီးသွားရင်းနဲ့ ခရီးကပြန်လာပြီးနောက်ပိုင်း အခုလိုဖြစ်သွားတာပဲလို့ ကိုယ့်ရဲဘော်ပြောတုန်းက ကိုယ်ထမင်းစားနေရင်း သိပ် စိတ်မကောင်းဖြစ်မိတယ်။ ကျောင်းသားသမဂ္ဂ ဥက္ကဌ တယောက် နှစ်ဆယ်ကျော်လူငယ်တယောက် အခုစိတ်ကျန်းမာရေးကုသမှု ခံယူနေရတယ်တဲ့။ shit . . . . ။
ဒါဘယ်လိုခေတ်ဆိုးခေတ်ပျက်ကြီးလဲ။ မင်းမျက်နှာကို မြင်ယောင်နေတယ်။ မင်းပြုံးနေတာတွေ။ မင်းသွန်သင်ခဲ့တာတွေ ငါအခုထိ မှတ်မိတုန်းပဲ။ ကျော်ဟိန်းဆိုတဲ့ အကိုရေဘယ်သွားမလို့လဲ ဆိုတဲ့သီချင်းကို ကိုယ်နားထောင်ရင်းလည်း မျက်ရည်ကျမိတယ်။ မင်းကငါ့အကိုပဲ။ မင်းကငါ့သူငယ်ချင်းပဲ။ မင်းကသိပ်ချစ်ဖို့ကောင်းတဲ့ကောင်ပါကွာ။ တခါတုန်းက ဆရာစိုးကြီးရယ်၊ မင်းရယ်၊ ကိုယ်ရယ်၊ တခြားရဲဘော်တွေရယ် အရက်စုသောက်ကြတော့ မင်းက မင်းexကို တူနှစ်ကိုယ်တိုင်းပြည်၊ မောင့်မျက်ရည်ဝိုင်းတွေနဲ့ ပြန်ချော့တာလေ။ မင်းကိုယ်တို့ရုံးကို အတွဲလာတွေ့တာ နောက်ဆုံးနေ့လေ။ ကိုယ်မှတ်မိတယ်။ မင်းနဲ့သူ့ကြားတည်းကနေ ကိုယ်ဝင်ဖျန်ဖြေပေးတာလေ။ မှတ်မိသေးလား။ ကိုယ်တော့ တကယ်သတိရတယ်ကွာ။
မိုးစက်မိုးပေါက်တွေ မြေပေါ်ကို စီးကျနေတယ်ကွ။ ရွာပစေ၊ ရွာပလိမ့်စေကွာ။ ကိုယ့်ရင်ထဲကအပူတွေကို ငြှိမ်းပေးနိုင်တာပေါ့။ ကိုယ်မိုးရေထဲ ထွက်ထိုင်ချင်တဲ့ဆန္ဒ အာသီသဖြစ်နေတယ်။ ကိုယ်သိပ်လွမ်းနေတာကိုး။ သတိရနေတာကိုး။ စောက်ရမ်းကိုသတိရနေတာကိုး။ ကိုယ်မင်းကိုသတိရတိုင်း ဆေးလိပ်ကို ခပ်ပြင်းပြင်းပဲ ဖွာနေမိတယ်။ တခါတရံ ပျော်ပွဲ၊ ရွှင်ပွဲတွေ တွေ့တဲ့အခါတိုင်း၊ ကိုယ်တို့လူတွေပြန်စုံတဲ့အခါတိုင်း၊ အထိမ်းအမှတ် အခမ်းအနားတွေ ရောက်တဲ့အခါတိုင်း မင်းရယ်၊ အောင်ကြီးရယ်၊ ဂျိုကြီးရယ်ကို စောက်ရမ်းသတိရတာပဲ။
မင်းတို့လိုကောင်တွေကြတော့ ဘာကြောင့်မရှိရတာလဲ။ ဒီလိုနေ့မျိုးတွေမှာ မင်းတို့မှမရှိရင် ဘယ်ကောင်တွေ ရှိရမှာလဲ။ စစ်က ကိုယ်တို့အားလုံးကို တကွဲတပြားစီဖြစ်အောင်၊ ကိုယ်တို့ဘဝတွေကို စုတ်ပြတ်သတ်အောင် ကိုယ်တို့ကိုကွဲကြေသွားအောင် မွချေလိုက်တာပဲ။ ကိုယ်စစ်ကို တကယ်မုန်းတယ်။ ခါးခါးသီးသီးကိုမုန်းတယ်။
ကိုယ်ကြောက်တယ်။ တကယ်ကို ကြောက်တာပါ။ ရက်ရက်စက်စက် မှောင်မှောင်မည်းမည်း နက်နက်နဲနဲကို ကြောက်တာပါကွာ။ ကိုယ်တကယ်ပြောတာ။ ကိုယ်အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ သွားနေရတယ်။ ဒီလိုအချိန်တွေမှာ မင်းတို့ရှိရင် သိပ်ကောင်းမှာပဲ။ ခေတ်ကြီးပြန်ကောင်းတဲ့အခါ ကိုယ်မင်းကို ကျန်းကျန်းမာမာ မြင်စေချင်သေးတယ်။ မင်းရုန်းကန်ခဲ့တဲ့ခေတ်ကြီးကို ကိုယ်တို့၊ မင်းတို့ အနိုင်ယူလိုက်နိုင်ပြီဆိုတာ မင်းကိုမြင်စေချင်သေးတယ်။ မင်းအဲ့အချိန်အထိ အသက်ရှင်နေရမယ်နော်။
ဟိုကောင်တွေကိုလည်း မြင်စေချင်သေးတယ်။ ဒါပေမဲ့လွန်သွားပြီလေ။ ကိုယ်ဒီခေတ်ကြီးကိုအနိုင်ယူမှာ။ အနိုင်ယူကိုယူဦးမှာ။ အပိုင်သိမ်းကိုသိမ်းဦးမှာ။ ကိုယ်တို့ရဲ့လူသားဆန်တဲ့စိတ်တွေနဲ့ အနိုင်သိမ်းဦးမှာ။ မင်းတို့လို၊ ကိုယ်တို့လိုလူတွေရဲ့ဘဝတွေကို ချနင်းဖို့ ကြိုးစားတဲ့ကောင်တွေကိုလည်း ကိုယ်အမှုန့်ကြိတ်ဦးမှာ။
ကိုယ်စောက်ရမ်းအထီးကျန်တယ်ကွာ။ တော်လှန်ရေးမှာလည်း စစ်ပွဲမှာလည်း ကျင့်ဝတ်ရှိတယ်ဆိုတာကို ကိုယ်သက်သေပြဦးမှာ။ တလောကလုံးက၊ တကမ္ဘာလုံးက စကြဝဠာတခုလုံးက ကိုယ်တို့ရဲ့လှုပ်ရှားမှုကြီးကို အသိအမှတ်ပြုအောင်လုပ်ဦးမှာ။ ကိုယ်တို့ကြိုးစားခဲ့သမျှ အရာထင်ရမှာ။ ဒါမှ မင်းတို့အတွက် ကိုယ်တာဝန်ကျေမှာပေါ့။
သူငယ်ချင်းရေ၊ သားကြီးရေ မင်းနာမည်အပြည့်အစုံကိုပဲကို ခေါ်တာလေ။ မင်းလည်းကိုယ့်နာမည်အရင်းကိုပဲ ခေါ်တာလေ။ ကိုမှုတ်က မင်းနာမည်အရင်းခေါ်လို့တဲ့။ ကိုယ့်ကို ဆူဖူးတယ်လေ။ သူငယ်ချင်းတွေဆိုတာ နာမည်အရင်းမခေါ်ဘူးလို့ ပြောဖူးတယ်လေ။ ဒါပေမဲ့ ကိုယ်တော့မင်းနာမည်အရင်းပဲခေါ်မှာ။ သားကြီးရေ မင်းအဆင်ပြေရဲ့လား။ မင်းနေမှကောင်းရဲ့လား။ မင်းဒီအချိန်ဘာလုပ်နေလဲ ကိုယ်သိချင်မိတယ်။ ဒါတွေသိချင်တာ ကိုယ်မလွန်ဘူးမလား။ ကိုယ်ထုံနေပြီ။ ကိုယ်နှလုံးသားရော၊ ကိုယ့်ဘဝရော၊ ကိုယ့်ဦးနှောက်ရော၊ ကိုယ်အနာဂတ်ရော ထုံနေပြီ။ ဒါပေမဲ့ကိုယ်ကြိုးစားဦးမှာ။ ကိုယ့်ရဲဘော်တွေအတွက်၊ တော်လှန်ရေးအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတရားအတွက် ကိုယ်ကြိးစားဦးမှာပါ။ ကိုယ်ကတိပေးပါတယ်ကွာ။ ဂရုစိုက်ပါသားကြီးရေ။ ဒီစာကိုလည်း မင်းမြင်ပါစေကွာ။
၁၈၊ ဇွန်၂၅
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
