9
ကက်စပီယံ
‘သတ္တိမျက်ရည်စများ”‘

အိမ်မှာ အားလုံးက ကိုယ်လမ်းကိုယ်ရွေးချယ်ခဲ့ကြပြီးပြီ။ “ငါယုံကြည်ရာ ငါလျှောက်တယ်” လို့ပြောတဲ့ အဖေ့စကားကို ကျနော် အမီပြု အားမွေးနေခဲ့သလိုပဲ။ တဖက်ကလည်း “အဖေ့ကို ကယ်ဖို့ ထိုင်စောင့်နေမယ့်အစား၊ နောက်လူတွေ အဖေ့လို မဖြစ်ဖို့ ငါကြိုးစားမှာ” ဆိုတဲ့ မမရဲ့စကားကိုလည်း ထောက်ခံအားကျနေမိတယ်။
အဖေက သူယုံကြည်တဲ့လမ်းစဉ်၊ သူလိုချင်တဲ့ ပန်းတိုင်အတွက် ထောင်ထဲကို ဝင်ရဲခဲ့ပြီ။ အဖေ မရှိတော့တဲ့နောက် အိမ်မှာ အမေဟာပါရမီဖြည့်ဖက်ပီပီ မမနဲ့အတူ ကျနော်တို့အိမ် ထမင်းဆိုင်လေးမှာ ထမင်းဟင်းအရောင်းမပျက်ခဲ့ဘူး။ အပြုံးမပျက် အဆုံးထိရှေ့ဆက်မယ့် အမေ့ကို မြင်ရတာဟာ ရောင်နီကို မြင်ရဖို့ ယုံကြည်ချက်ပိုဖြစ်ထွန်းစေခဲ့တယ်။ Sasha Alex Sloan ရဲ့ Kids သီချင်းကို နားထောင်မပြတ်တဲ့ ကျနော်ကတော့ အမေနဲ့မမဘေးမှာ ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာ။ အဖေလုပ်ခဲ့သလို CDM ကျောင်းဆရာဘဝကို ရွေးချယ်ခဲ့ပေမယ့် အဖေ့လိုတော့ ကျနော်က ရဲရဲ မတောက်ဝံ့တဲ့ ကျောင်းဆရာပါ။
ဒီလိုနေ့တွေနဲ့ပဲ ဖေ့စ်ဘုတ်မှာ #savemyanmar လို့ ရေးလိုက်။ #prayformyanmar လို့ hashtag နဲ့ post တင်လိုက်ရင်း၊ YouTube ကနေ ဝင်ငွေစီးဆင်းအောင်လို့ ဝတ္ထုတွေ၊ သီချင်းတွေနားထောင်ရင်း၊ ညညနေ့နေ့ click ရင်းနဲ့ အနာဂတ်ပျောက်ရောဂါဟောက်ပက်နဲ့ စီဒီအမ်ကျောင်းဆရာဘဝကို အခန်းထဲက သင်ဖြူးဖျာပေါ်မှာ ဟိုဒီလူးလိမ့်လို့ဖြတ်သန်းနေခဲ့တယ်။
တနေ့တော့ မမက သူ့သူငယ်ချင်းကောင်းတွေနဲ့ အဆက်သွယ်ရပြီး ချိတ်မိသွားတယ်။ ကျနော်အကြောင်းကို သိနေလို့လားတော့ မသိဘူး။ ဝင်ပါလို့ မတိုက်တွန်းဘူး။ မောင်နှမချင်း အရင်လို အကြံပြုတာမျိုးတောင် မလုပ်ခဲ့ဘူး။ ဒါမှမဟုတ် အမေ့ကို ကျနော်နဲ့ပဲ စိတ်ချထားခဲ့ချင်လို့လား မသိဘူး။
“ငါ သွားမယ် သားငယ်။ ငါနင့်အပေါ် တာဝန်မကျေခဲ့တာရှိရင် ငါ့ကို ခွင့်လွတ်ဟာ”
လို့ပဲပြောပြီး မြေပြင်မှာ စစ်မျက်နှာဖွင့်ဖို့ ဝင့်ဝင့်ကြွားကြွားနဲ့ပဲ တော်လှန်ပွဲကို သိက္ခာအလှတရားရှိရှိ ထွက်သွားခဲ့တယ်။ ဟိုမှာရောက်သွားတဲ့ မမ သတင်းကို ကျနော် သူငယ်ချင်းတွေကတဆင့် ပြန်ပြန်ကြားရတာပေါ့။ မမက ဟင်းချက်ကောင်းသတဲ့။ သေနတ်ပစ်တာသိပ်တော်သတဲ့။ အတိုက်အခိုက်အသတ်အပုတ် သိပ်ကျွမ်းကျင်သတဲ့။ ကျနော် မမြင်ဖူးခဲ့တဲ့ မမအကြောင်းကို ကြားနေခဲ့ရတယ်။ အားကျစရာပါပဲ။ ကျနော် အတုမယူရဲပေမဲ့ပေါ့။ ကျနော့်မှာ မမလောက်မှ သတ္တိမရှိဘဲလေ။
ကျနော်က မမသွားပြီးတဲ့နောက်မှာလည်း အိမ်မှာပဲ သင်ဖြူးဖျာပေါ်မှာ အလူးလူး အလိမ့်လိမ့်။ အမေ့ကို ဆိုင်ထဲမှာ ပိုပြီး ကူညီပေးတာကလွဲပြီး ပြောင်းလဲမှု ကြီးကြီးမားမားမရှိ။ နွေဦးထီတွေ ထိုးလိုက်၊ click လိုက်၊ တိတ်တိတ်ဆိတ်ဆိတ် မီးဖွဖွတောက်။ ကိုယ့်လူတွေထိပြီတဲ့ဟေ့လို့ ကြားရင် ယူကျုံးမရ၊ မျက်ရည်က အလိုလိုကျ၊ ကြိတ်ငို။ ဝမ်းနည်းကြောင်း ပိုစ့်တွေတင်။ ဆက်ပြီးတော်လှန်ချင်စိတ်တွေ တဖွားဖွားဖြစ်၊ အားမွေး။ အားမရဘူး။ တကယ်ကိုအားမရဘူး။ တော်လှန်ရေးမှာ ကျနော့်ရဲ့ ပါဝင်မှုက မလုံလောက်သေးဘူးလို့ဘဲ အာသီသမပြည့်မဝနဲ့တွေးနေ၊ ခံစားနေခဲ့ရတယ်။ တော်လှန်ရေးထဲ မြင့်မြတ်စွာကျဆုံးသွားတဲ့သူရဲကောင်းတွေ အကြောင်းကြားရရင် စိတ်ကမလုံဘူး။ ငါဟာတော်လှန်ရေးမှာ ဘာမှအသုံးမကျသေးပါလား လို့ပဲ အဆုံးသတ်တွေးမိတယ်။ မမကတော့ အဆက်သွယ်ရတိုင်း ပြောပါတယ်။
“နင် CDM လုပ်လိုက်ပြီဆိုကတည်းက တော်လှန်ရေးမှာ ကြီးကြီးမားမားပါဝင်လိုက်ပြီ သားငယ်ရဲ့။ မအလနဲ့ သူ့အပေါင်းအပါကောင်တွေကို ပထမဆုံး သွေးပျက်အောင် ခြိမ်းခြောက်နိုင်ခဲ့တာ နင်တို့ CDM တွေကြောင့်ပဲ။ နင်တို့က တနိုင်ငံလုံးကို တပ်လှန့်ပစ်လိုက်နိုင်တဲ့ သူတွေပါဟာ”
အားတွေလည်း ပြန်ရှိလာပါရဲ့။ အားတော့မရသေးဘူး။ တာဝန်ကျေတယ်လို့လည်း မခံစားရဘူး။ ဒီအာသီသကြီးဟာ တော်လှန်ရေးထဲ ကိုယ်တိုင်ကိုယ်ကျ မပါရမချင်း ပြေပျောက်သွားမှာမဟုတ်ဘူး။ ဒါကို ကျနော် တနေ့တော့ သိသွားတယ်။ သိသိချင်းနေ့မှာပဲ စိတ်က နေရာတကျဖြစ်သွားတယ်။ ကိုယ့်လိပ်ပြာကိုယ်လုံနိုင်တော့မယ်။ ရှေ့ရေးတွေ သေချာတွေးပြီးတာနဲ့ သူငယ်ချင်းတွေကို ချိတ်ဆက်လိုက်တယ်။ ဒါပေမယ့် အမေ။
အမေ့ကို ကျနော် မပြောပြချင်ဘူး။ မပြောပြရဲဘူး။ ပြောလို့လည်း မထွက်ဘူး။ တပတ်ကျော်လာတဲ့အထိ ဘယ်လိုအစပျိုးလို့ပြောရမှန်း မသိဘူး။
“သား နေကောင်းရဲ့လား” လို့ အမေက မေးနေပြီ။ ကျနော် အသိမပေးရဲဘူး။ ပြောနိုး၊ ပြောနိုး ပြောမထွက်ဘူး။ အမေ ခွင့်မပြုဘူးလို့ ပြောလေမလား။ အဲ့လိုလည်း မကြားချင်ဘူး။ တဖက်မှာလည်း အမေခွင့်မပြုဘဲနဲ့ မသွားချင်ပြန်ဘူး။ ကျနော့်ရဲ့ဒွိဟက ကျနော့်ကို အသက်ရှုမဝ ဖြစ်စေပြန်တယ်။
အမေက ဘုရားရှိခိုးပြီးတိုင်း ကျနော့်ကို ဆုံးမတယ်။ အဖေနဲ့ မမအကြောင်း ပြောတယ်။ အမေ့လွမ်းစိတ်ကို ကျနော်ထပ်တူခံစားပေးလို့ရတယ်။
ဒီစိတ်ကြောင့်ပဲ အမေ့ကို ကျနော် ပစ်မထားရက်ပြန်ဘူး။ ကျနော် အိပ်ရာထဲလှဲရင်း တွေဝေနွံထဲမှာ တအိအိနဲ့။
“သားငယ်”
“………….”
“သား”
“ဗျာ အမေ။ ဗျာ”
“မင်းအစ်မ ဖုန်း။ မင်းအစ်မ ဆီက ထင်တယ်”
အမေက ဘုရားခန်းထဲကနေ လှမ်းခေါ်တယ်။ အလောတကြီးနဲ့ပဲ။ ကျနော်လည်း အတွေးနွံထဲကထွက်၊ လူးလဲထပြီး အမေ့ဆီသွားတယ်။ မမနဲ့ ကျနော်တို့ အဆက်သွယ်ပြတ်နေတာ ကြာလှပြီ။ ဒါ…မကောင်းဘူး။ Video Call ကို ဖြေဖို့နှိပ်လိုက်ပြီးတဲ့အထိ စိတ်ထဲမှာလေးကန်နေခဲ့တယ်။ ဘုရား… ဘုရား… မမများ ကတိမ်းကပါး….။ မတွေးနဲ့။ မတွေးနဲ့။
ဟော… မမကို တွေ့ပါပြီ။ မမရယ် ပိန်သွားလိုက်တာ။ ကျနော် လွတ်ခနဲ ပြောမိတယ်။ မမက အသားတွေ ညိုလို့ လောင်လို့။ မျက်နှာကနွမ်းရော်ရော်နဲ့။
“ငါတို့ ဒီတခါလည်း နိုင်ပြန်ပြီ သားငယ်ရဲ့”
အသံဖျော့ပေမဲ့ အင်အားတွေ ပါလှချည်ရဲ့။ အမေနဲ့ ကျနော်တို့သားအမိ လက်ဖဝါးချင်းဆုပ်ညှစ်ပြီး တိုးတိုးတိတ်တိတ် ပျော်ကြတယ်။ အပြုံးတွေ မဖုံးဖိနိုင်တော့ဘူး။ တို့တော်လှန်ရေးရဲ့ အောင်ပွဲဟာ မဝေးတော့ဘူး။ ဆက်လျှောက်။ ဆက်လျှောက်ကြမယ်။
“ဒါပေမဲ့ အမေ၊ သမီး… သမီးလေ”
အမေက ငိုတယ်။ ကြိုသိလို့ ငိုနေသလိုပဲ။ ကျနော်က မသိဘူး။ မမလည်း ငိုချလိုက်ရော၊ ကျနော် ဘာမှမသိသေးဘဲ မျက်ရည်တွေကျလာတယ်။ မမရဲ့ ဖုန်းကင်မရာက မမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဆီ ရောက်သွားတယ်။ အဲ့ဒီမှာ မမက သူတမင်တကာခြုံထားပုံရတဲ့ စောင်ထူကြီးကို ဖယ်လှပ်လိုက်တယ်။
အို…မမ။ မမရယ်။ မမ ခြေထောက်တွေ။
ဒီတော့မှ ရင်တွေစို့ရတယ်။ မမရယ် မမ တာဝန်တွေကျေနေလိုက်တာဗျာ။ မမရဲ့ မရှိတော့တဲ့ ခြေနှစ်ဖက်က ဘယ်အတိုင်းအတာထိ တော်လှန်ရေးတာဝန်ကျေပြခဲ့သလဲ မတိုင်းဆပြတတ်တော့ဘူး။
မမက အိမ်မပြန်လာတော့ဘူးလို့ပြောတယ်။ ဘယ်ပြန်လို့ဖြစ်မလဲ။ ကျနော်လည်း မပြန်စေချင်ဘူး။ မမကို သူငယ်ချင်းကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေက အားမငယ်အောင်ထားလိမ့်မယ်ဆိုတာ အကြွင်းမဲ့ယုံလို့ရနေတာပဲ။ ကျနော် မပြန်စေချင်ဘူး။
ဒါပေမဲ့ အမေ။ အမေက မမနဲ့ ဖုန်းပြောပြီးကတည်းက ကျနော်မသိအောင် ကြိတ်ငိုနေတာ ခဏခဏပဲ။ ကျနော်တို့သားအမိ ညစာလည်း မစားဖြစ်တော့ဘူး။ ကျနော်ကလည်း အမေ မကြားရအောင် အသံတိတ်လှုပ်ရှားရင်း အခန်းထဲမှာ တယောက်တည်း အလုပ်များနေခဲ့တယ်။ အလိုအပ်ဆုံး ပစ္စည်းတွေ ကျနော် ထုပ်ပိုးရမယ်လေ။
ကျနော် ထပ်မငိုတော့ဘူး။ သတ္တိကြောင့် နှလုံးသွေးက နွေးနေတယ်။
“ငါ ပေးရတာ အသက်ဆိုရင်တောင် ကိစ္စမရှိဘူး။ ခြေနှစ်ဖက်ဆုံးရှုံးရတာက ငါ့ကို အရှိန်ပြတ်အောင် မလုပ်နိုင်ပါဘူးဟာ။ ငါတော်လှန်ရေးမှာ အသုံးကျနေသေးတယ် သားငယ်ရဲ့”
ပြုံးနေတဲ့ မမပါးပေါ်မှာ မျက်ရည်တွေနဲ့ပေါ့။ ဒါကို သတ္တိမျက်ရည်လို့ပဲ ကျနော် ကင်ပွန်းတပ်လိုက်တယ်။ အဲ့ဒီသတ္တိဟာ ဖုန်းဖန်သားပြင်ကတဆင့် ဖုန်းကိုင်ထားတဲ့ လက်ထဲကနေတဆင့် ကျနော့် နှလုံးသွေးထဲကို အင်တိုက်အားတိုက် လှုပ်ခုန်ဝင်ရောက်ခဲ့ပြီးပြီ။
ကျနော် ဒီနေ့ညထွက်မယ်။ ချိန်းဆိုထားတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ အတူ သွားတော့မယ်။ အမေကတော့ ကျနော့်ကို လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ တော်လှန်ရေးရဲ့ တထောင့်တနေရာက ကျနော့်ကို ပို လိုအပ်နေလိမ့်မယ်။ မမတို့တောင် တယောက်ကျ တယောက်တက်နဲ့ ခရီးဆက်နေကြချိန်မှာ ကျနော်ကလည်း နိုင်ရာဝန်ထမ်းလိုက်ရမှ ကျေနပ်တော့မှာပါ။
ကဲ… အခု အမေ့ကို ဘယ်လိုနှုတ်ဆက်ရမလဲ။
နှုတ်မဆက်ဘဲ စာချန်ထားရင်လည်း တယောက်ယောက်ဖတ်မိပြီး အမေ့ကို စစ်လားဆေးလား လုပ်မှာ ပူတယ်။ ကိုယ်တိုင် ဖွင့်ပြောနှုတ်ဆက်ဖို့ကလည်း အမေ့ကို …။
နောက်ဆုံးတော့ အကောင်းဆုံးဖြစ်မယ့်လမ်းကို ကျနော် တွေ့သွားတယ်။ အခုတော့ အမေငိုလို့ မောပြီး အိပ်နေရစ်ပါစေ။ ကျွန်တော်ထွက်ခဲ့မယ်။ အမေ့ကို ဟိုဘက်ရောက်မှ ဆက်သွယ်မယ်။
“သား”
တွေးနေဆဲ အမေက ကျနော့်အခန်းဝမှာ ရောက်လာတော့ ကျနော်အိုးတိုးအမ်းတမ်းနဲ့ ခြေမကိုင်မိလက်မကိုင်မိ။ အထုပ်အပိုးတွေကိုလည်း ဖွက်ချိန်မရ။ တင်းထားတဲ့ မျက်ရည်တွေက ချက်ချင်းကျ။
“အမေ”
“သား၊ သားဘာလုပ်နေသလဲဆိုတာ အမေ မသိဘူး ထင်နေသလား”
“ကျနော်”
“လွန်ခဲ့တဲ့ တပတ်ကတည်းက အမေ သတိထားမိပြီးပြီ။ အမေရိပ်မိပါတယ်သားရဲ့”
အမေ့လေသံက ငြိမ်တယ်။
စိတ်လှုပ်ရှားမယ်လို့ ကျနော် ထင်ခဲ့တာတွေနဲ့ လွဲနေတယ်။ ဒါပေမဲ့ အမေ ကျနော့်ကို ဘယ်လိုများဆုံးဖြတ်မလဲ။
“ဟိုလေ… အမေရယ်”
“အမေ့ကို မနှစ်သိမ့်ပါနဲ့ သား၊ သား တနေရာသွားတော့မယ်ဆိုတာ အမေသိတယ်။ သား ဘယ်ကိုသွားမှာလဲသာ ပြော”
အမေက ကျနော့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ကျနော်နဲ့မျက်လုံးချင်းဆုံပြီး ပြုံးတယ်။ အမေ့အပြုံးက အေးကြည်တယ်ဆိုပေမဲ့ အမေ့ဆုံးဖြတ်ချက်ကို ကျနော် ဝေခွဲမရဘူး။ ကျနော် ဟင်းခနဲ သက်ပြင်းချပြီးမှ အမေ့ကို အကြောင်းစုံပြောပြရတော့တယ်။
“အမေ့သား ကျနော်က မမလိုတော့ သတ္တိမရှိပါဘူး”
ကျနော်အမေ့ကို ရင်မဆိုင်ရဲတော့လို့ ခေါင်းငုံ့မိသွားတယ်။ အမေက ကျနော့်ပခုံးပေါ် သူ့လက်ဖဝါးနွေးနွေးပျော့ပျော့လေး တင်လိုက်တယ်။
“သား၊ ဒီမယ်။ အမေ ပြောမယ်။ အမေ့ကိုကြည့်စမ်း။ အမေ့မှာသားအဖေလည်း မရှိတော့ဘူး။ သားအစ်မလည်း မရှိတော့ဘူး။ သားပဲရှိတော့တာ။ သားသိရဲ့လား။ သားကို အမေ အဆုံးရှုံးမခံနိုင်ဘူးကွယ်”
အမေ စကားဆက်မထွက်။ ကျနော် ငိုချင်လာပြန်ပြီ။
ကျနော် ရက်စက်လိုက်တာ။ ဘယ်လိုကြောင့်များ အမေ့ကို တယောက်တည်း ချန်ထားရစ်ခဲ့ဖို့ ကျနော် ဆုံးဖြတ်မိရတာလဲ။ အမေ့လက်တွေကို ကျနော် ထွေးဆုပ်အုပ်ကိုင်လိုက်တယ်။ အမေက အဲ့ဒီအခါမှ ဆက်ပြောတယ်။
“သားသိလား။ သားက အမေပိုင်တဲ့သားဆိုပေမဲ့ တော်လှန်ရေးကပိုင်တဲ့ လူငယ်တယောက်ဆိုရင်လည်း မှန်တယ်။ သွားပါ။ ကျည်ဆံတွေအစား သားလက်နက်အဖြစ် မြေဖြူတွေကို ကိုင်ပစ်လိုက်စမ်းပါ။ သားရဲ့ရွေးချယ်မှုကို အမေကျေနပ်တယ်”
ဟူး…။ ကျနော့်ရင်ထဲ စို့တက်လာတဲ့ အလုံးကြီး ဟုပ်ခနဲ လွင့်ပျောက်သွားတယ်။ အမေ မတားဘူးပေါ့နော်။
“ဒီနိုင်ငံက သားကောင်းမိခင်တိုင်းက အမေ့လိုပဲ နာကျင်နေကြမှာ အမေသိတယ်သား။ ဒါပေမဲ့ သူတို့မှာလည်း အမေ့လိုပဲ မျှော်လင့်ချက်တွေရှိနေကြတယ်။ တနေ့မှာ ဘယ်မိဘကမှ သူတို့သားသမီးကို စစ်မြေပြင်ထဲကို ပို့စရာမလိုတော့တဲ့ တနေ့ကိုပေါ့။ ဒါကို သားတို့ကပဲ စွမ်းဆောင်ပေးနိုင်မှာ။ သွားပါ သား။ ကြိုးစားပေးခဲ့စမ်းပါ။ စစ်သားဆိုတာ စစ်ပွဲပြီးအောင် တိုက်ကြရသတဲ့။ အမေ့သား ကျောင်းဆရာကြီးကလည်း တပည့်တွေရဲ့ အမှောင်ထုကို ခွင်းလို့ ပညာအလင်းဆုံးရောက်တဲ့အထိ တိုက်ပွဲဝင်ပေးလိုက်စမ်းပါ”
အမေရယ်။
“ကဲ…ကဲ။ ဒီတခါလည်း သား မမလိုပဲ သားကိုလည်း အမေမှာလိုက်ဦးမယ်။ ရန်သူကို မုန်းတဲ့စိတ်ထက် ပြည်သူအားလုံးနဲ့ ထိုက်တန်တဲ့ လွတ်လပ်မျှတမှုကို ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားပါ။ ဒါ အမေ့မှာတမ်းပဲ”
ကျနော် ပြောစရာစကားတွေပျောက်ရှလျက်။ ဟုတ် အမေ… ဟုတ်အမေနဲ့တင် ရှေ့မဆက်နိုင်ခဲ့။ ကတိပေးပါတယ်အမေ။ အဖေဟာသူ့ဘဝကို ပေးခဲ့ပြီ။ မမကလည်း သူ့ခြေထောက်တွေကို အဆုံးခံပေးခဲ့ပြီ။ ကျနော်လည်း ကျနော့် သတ္တိခွန်အားကို ပေးတော့မယ် အမေ။ အဲ့ဒီနယ်မြေက ကျောင်းတွေမှာ လေယာဉ်တွေက ဗုံးလာကျဲကြသတဲ့။ ကျနော် မကြောက်ပါဘူး။ သေကံပါရင် သေရမှာ မလွဲဘူး။ မသေခင်တော်လှန်ရေးထဲ ဘာမှ မလုပ်ခဲ့နိုင်မှာပဲ ကျနော် ကြောက်တာပါ။
တရားမျှတခြင်းဆိုတာ အလိုလိုရောက်လာတတ်တာမှ မဟုတ်တာဘဲ။ ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ဝံ့သူတွေရဲ့ အနိုင်ရအောင်ပွဲတွေကြောင့်ပဲရ ရှိလာမျိုးပါ။ ကဲ အမေရေ။ အမေက ကျန်းမာဖို့နဲ့ အသက်ရှင်သန်ဖို့ပဲ ဂရုစိုက်ပေးပါ။ ကျနော်တို့က အမေ့ဆီ တရားမျှတမှုတွေ ပြန်ယူလာခဲ့ပါ့မယ်။
ဒီကြားထဲမှာ ကျနော့်ကို သတိရရင် အမေငိုပါ။ အမေ့ကိုလွမ်းရင်လည်း ကျနော် ငိုမှာ အမေ။ ဒါပေမဲ့ ငိုလို့ကျတဲ့ မျက်ရည်ဟာ သတ္တိမျက်ရည်တွေပဲ ဆိုတာကိုတော့…။