သပြေညိုဟာ အောင်ပွဲနဲ့ အတူရောက်လာတယ်

by The Call
55 views
◼️နေဘုန်းလတ်
“ငါ့မြေးရေ အဖွားနမ်းဦးမယ်နော်”
သပြေညိုဟာ
အမေအိုရဲ့ အနမ်းနဲ့အတူရောက်လာတယ်
“ချစ်တယ် အကိုကြီး”
သပြေညိုဟာ
ကညာပျိုတို့ရဲ့ ရယ်သံနဲ့အတူရောက်လာတယ်
“အောင်မြင်ပါစေ အောင်မြင်ပါစေ”
သပြေညိုဟာ
ပြည်သူတွေရဲ့ အပြုံးချိုချိုတွေနဲ့အတူ ရောက်လာတယ်
သပြေညိုဟာ
လမ်းကြိုလမ်းကြားတွေထဲကနေ ပြေးထွက်
လမ်းမကြီးတွေထက်မှာ အဓိပ္ပါယ်ရှိရှိလန်းပွင့်လို့
သူ့ခေါင်းမှာလည်း သပြေညို
ကိုယ့်ခေါင်းမှာလည်း သပြေညို
သူတို့ရင်ခွင်ကနေထွက်သွားတဲ့ သားသမီးတွေကို
မြို့ကလေးနဲ့ မြို့သူမြို့သားတွေက “သူရဲကောင်း” တွေလို ကြိုကြတယ်
အောင်စည် အောင်မောင်းတွေတီး
အောင်ပြီ အောင်ကြောင်းတွေဟစ်
ဒါဟာ …
ငါတို့ထုဆစ်ချင်ခဲ့တဲ့
နိုင်ငံတော်အသစ်ရဲ့ စမှတ်လို့
အားလုံးက ယုံကြ ကြည်ကြ
ကြည်ကြည်လင်လင် ယုံမှတ်ကြတယ်
အာဏာရှင်နှင်ပွဲ ဘယ်လိုဝင်နွှဲခဲ့ကြောင်းတွေ
သူသူကိုယ်ကိုယ် ပြန်ပြောကြ
သပြေညိုကမ်းတဲ့ အောင်ပွဲလမ်းမှာ
အချင်းချင်း အပြစ်တင်ခြင်းတွေမရှိ
အချင်းချင်း ချစ်ခင်ခြင်းတွေအတိပြီးတယ်။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment