သမိုင်း‌ဟောင်းကို ပြောင်းလဲဖို့

by The Call

⁨”သမိုင်း‌ဟောင်းကို ပြောင်းလဲဖို့”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ​ကျော်​​ဇောခိုင်

သြဂုတ် ၁၃ ရက်နေ့ရက်စွဲနဲ့ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Nationwide Revolutionary Alliance – NRA) ကို ဖွဲ့စည်းတည်ထောင်တယ်လို့ ကြေညာချက်တခု ထုတ်ပြန်လာတာ တွေ့ရတယ်။

‘NRA’
ကြေညာချက်တွေမှာ တွေ့ရတတ်တဲ့အတိုင်း ရည်မှန်းချက်တွေ မူဝါဒတွေ ပါရှိပေမယ့် အဓိက ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီး အမြန်ဆုံး စစ်အနိုင်တိုက်နိုင်ရေးလမ်းစဥ်ကို ချမှတ် အကောင်အထည်ဖော်ဖို့ဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး ရုန်းကန်လှုပ်ရှားမှုသမိုင်းတလျှောက် တချိန်လုံးပြောလာခဲ့ကြတဲ့ တော်လှန်ရေးတပ်‌ပေါင်းစုတခု စုစည်းပြီး စစ်အာဏာရှင်ကို တိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့ရတယ်။

NRA ရဲ့ ဖွဲ့စည်းပုံကိုကြည့်တော့ ကော်မရှင် ၄ ခုရှိပြီး နိုင်ငံရေးကော်မရှင်၊ စစ်ရေးကော်မရှင်၊ ဘဏ္ဍာရေးကော်မရှင် နဲ့ နိုင်ငံခြားရေးကော်မရှင်ဆိုပြီး အစဥ်လိုက် ဖော်ပြထားတယ်။ ဒီတော့ NRA ရဲ့သဘောထားမှာ နိုင်ငံရေးကို စစ်ရေးနည်းတူ (တနည်း စစ်ရေးထက်ပိုပြီး) စစ်အနိုင်တိုက်ရေးလမ်းစဥ်မှာ အရေးပါတယ်လို့ ခံယူထားထားတဲ့သဘောလို့ မှန်းဆကြည့်နိုင်တယ်။ ဒီမှာ ထူးခြားတယ်လို့ မဆိုသာပေမယ့် နိုင်ငံရေးနဲ့ နိုင်ငံခြားရေးကို ခွဲခြား ဖော်ပြထားမှုဖြစ်တယ်။ နိုင်ငံခြားရေးဟာ နောက်ဆုံးနေရာမှာ ဖော်ပြထားတဲ့အတွက် နိုင်ငံတကာ သံတမန်ဆက်ဆံရေးအရေးပါမှုကို ချန်လှပ်မထားပေမယ့် ပြည်တွင်းနိုင်ငံရေးနဲ့ စစ်ရေးဟာ ဦးစားပေးဆိုတဲ့ သဘောထားမျိုးအဖြစ် ယူဆထားပုံပေါ်တယ်။ တဆင့်တက်ကြည့်ရရင် နိုင်ငံခြားရေးဟာ ဘဏ္ဍာရေးကော်မရှင်ကိုလည်း အထောက်အပံ့ဖြစ်ဖို့ နိုင်ငံတကာရောက် မြန်မာတွေရဲ့ ထောက်ခံပံ့ပိုးမှု ရရှိဖို့ကိုလည်း ရည်ရွယ်ထားတဲ့သဘောမျိုး ဖြစ်နိုင်တာတွေ့ရတယ်။

ဖွဲ့စည်းပုံအရ တော်လှန်ရေးအတွက် လိုအပ်တဲ့ အခန်းကဏ္ဍတွေကိုသာ ထည့်သွင်းထားတာတွေ့ရလို့ ကျစ်ကျစ်လျစ်လျစ်နဲ့ လိုတာကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ဦးတည်ထားတဲ့ သဘောလည်း ကောက်ယူနိုင်တယ်။ အချိန်အခါအရ ကြည့်မယ်ဆိုရင် စစ်တပ်ဘက်က စကစကိုဖျက်သိမ်း၊ စစ်ကော်မရှင်အသစ်ဖွဲ့ပြီး ရွေးကောက်ပွဲကို ဇွတ်စီစဥ် လာချိန်၊ စစ်မှုထမ်းအင်အားတွေကို ရှေ့တန်းတင်ပြီး သိမ်းပိုက်ခံနယ်မြေတွေကို ပြန်လည် တိုက်ခိုက်ထိုးဖောက် လာချိန်၊ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှု အကြီးအကျယ်ရခဲ့ကြတဲ့ ရှမ်းမြောက်ညီနောင်တွေအပေါ် တရုတ်က ဖိအားပေးပြီး နယ်မြေတွေ ပြန်လည်လွှဲပြောင်းပေးဖို့ တွန်းအား‌ပေးလာတဲ့အချိန် (တနည်း ရှမ်းမြောက်ဒေသမှာတော်လှန်ရေး အီပြီး ရပ်တန့်သွားချိန်) တွေအားလုံးနဲ့ တိုက်ဆိုင်နေတာကို တွေ့ရမှာဖြစ်တယ်။

NRA ပြောရေးဆိုခွင့်ရ ဦးသန်းစိုးနိုင်ရဲ့ အင်တာဗျူးကို နားထောင်ကြည့်တဲ့အခါ တော်လှန်ရေး သားလျှောလာမှာ စိုးရိမ်လို့ စစ်အနိုင်တိုက်ရေးလမ်းစဥ် မလွဲမသွေ လိုအပ်လာတယ်၊ တော်လှန်ရေးအင်အားစုတွေ၊ အီးအေအိုတွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတယ်၊ NUG နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်၊ တော်လှန်ရေးအပေါ်လက်ဝါးကြီးအုပ်ထားတာတွေကို လက်မခံဘဲ ဆန့်ကျင်သွားမယ်၊ NUG အပြောင်းအလဲမလုပ်တာကို ဝေဖန်သွားတာ တွေ့ရပြီး NUG နဲ့ ထိပ်တိုက်တိုးတာမျိုးတွေ ရှိခဲ့ရင်လည်း မိတ်ဘက်ပဋိပက္ခအဖြစ် ဖြေရှင်းသွားမယ်ဆိုတာတွေ ပါရှိတဲ့အတွက် NRA ရဲ့ရပ်တည်ချက်၊ ရည်ရွယ်ချက်၊ လက်ရှိ တော်လှန်ရေးပေါ် အမြင်နဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာလည်း ဖြစ်တယ်။

‘အတိုက်အခံနိုင်ငံရေး၊ တော်လှန်ရေးနဲ့ အစိုးရ’
စစ်အာဏာရှင်အစိုးရ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ အတိုက်အခံ နိုင်ငံရေးပါတီတရပ်နဲ့အတူ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ (နောက်ဆုံး စစ်အာဏာရှင်စနစ်ကို မှန်မှန်ကန်ကန် ဆန့်ကျင်တဲ့ ပြည်သူတယောက်အဖြစ် ရပ်တည်နိုင်ဖို့အထိ) ဆိုတာ ခက်ခဲကြမ်းတမ်းမှာဖြစ်တယ်။ ဒါပေမယ့် ပါတီအနိုင်ရလို့ အတိုက်အခံ နိုင်ငံရေးသမားတယောက်၊ ဒါမှမဟုတ် နယ်မြေထိန်းချုပ်နိုင်လို့ တော်လှန်ရေးသမားတယောက်ဟာ အစိုးရတရပ်ရဲ့ (နယ်မြေအုပ်ချုပ်ရေးတခုရဲ့) အစိတ်အပိုင်းတခုကို ကူးပြောင်းသွားရတဲ့အခါမှာ သူ့ရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတည်ဆောက်ရေး ရုန်းကန် တော်လှန်ရေးအမြင်တွေဟာ အနည်းနဲ့အများ ပြောင်းလဲသွားရဖို့ရှိနေတယ်။

အထူးသဖြင့် ကြားကာလ အချိန်အခါတခုမှာ နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးသမားတွေဟာ ဒီအလှည့်‌အပြောင်းမှာ နိုင်ငံရေးအရ ကျဆုံးသွားနိုင်တဲ့ အခြေအနေတွေကို ဖြတ်သန်းရဖို့ ဖြစ်တတ်တယ်။ ဒါဟာ ဖောက်ပြန်သွားတယ်လို့ ဆိုလိုချင်တာမျိုးမဟုတ်ဘဲ အစိုးရတရပ်ရဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတခုရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကိုင်တွယ်ဖြေရှင်းရတာ ပိုပြီး ရှုပ်ထွေး ကျယ်ပြန့်လာလို့ဖြစ်တယ်။

လက်ရှိ တော်လှန်ရေးမှာ စုစည်းမှုအတွက် အကျပ်အတည်းတခု ရှိတယ်ဆိုရင် အဲဒီအထဲမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ အစိုးရအဖွဲ့ဆိုတဲ့ မတူညီတဲ့ အထိုင်တွေပေါ်ကနေ ကိုယ့်ဘက်ကိုယ်ကြည့်ပြီး အခြေအနေတွေကို သုံးသပ်နေကြတာဟာ အကြောင်းအချက်တခု ဖြစ်နေဖို့ရှိတယ်။

‘သမိုင်းအဆက်ပြတ်မှု’
၈၈ အရေးတော်ပုံရဲ့ အကျိုးဆက်အဖြစ် စစ်အာဏာရှင်ဟာ အတိတ်သမိုင်းကနေ ခွဲထွက်နိုင်ဖို့ ကြိုးစားရာက ၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်တွေမှာ အချိုးအကွေ့နဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ကတော့ အလှည့်အပြောင်းကြီးတခုဖြစ်တယ်။ သမိုင်းဟာ ချိုးကွေ့သွားရုံတင်မက ပြတ်တောက်သွားခဲ့ရတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်နိုင်တယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ မျိုးဆက်အရ၊ နိုင်ငံရေးအရ၊ သမိုင်းအရ၊ တိုက်ဆိုင်မှုတွေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်တဲ့ လူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးဆီကို ဦးတည်လာခဲ့တာဖြစ်တယ်။ ဒီသဘောကို လက်မခံနိုင်ရင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတို့၊ စစ်တပ်ရဲ့ နိုင်ငံရေးဦး‌ဆောင်မှုမှာ ပါဝင်ဖို့တို့၊ ၂၀၂၁ မတိုင်မီ လွှတ်တော်အခင်းအကျင်းတို့ကို ပြန်လည် မြင်ယောင် လွမ်းမောနေကြဦးမှာဖြစ်တယ်။ တော်လှန်ရေးဟာ အတိတ်နဲ့ လမ်းခွဲ ပြတ်တောက်ခဲ့ပြီဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝါအသစ်နဲ့ အဟောင်းအကြား ပြန်လည်ချိန်ဆပြီး ဟန်ချက်အသစ်ကို ရှာဖွေနေချိန်ဖြစ်တယ်။ ဒီဟန်ချက်မရသမျှ စုစည်းညီညွတ်မှုဟာ ဖြစ်ပေါ်လာဖို့ မလွယ်နိုင်တာ တွေ့ရတယ်။

‘သမိုင်းကြောင်းနဲ့ ပထဝီဝင်ဒေသ’
နိုင်ငံတနိုင်ငံမှာ ပထဝီဝင်ဟာ ပေးထားချက် (တည်ငြိမ်မှု တနည်း ရုပ်လက္ခဏာ သဘာဝ) ဖြစ်ပြီး သမိုင်းဟာ ဖြတ်သန်းမှု (ရုန်းကန်လှုပ်ရှားမှု တနည်း စိတ်ဝိညာဥ်) ဖြစ်တယ်။ ခုအချိန်ဟာ ပထဝီဝင်ပေးထားချက်တွေက လှုပ်ခါနေပြီး သမိုင်းဟာ ၁၉၆၂၊ ၂၀၁၅ တို့နဲ့အဆက်ပြတ်သွားချိန်ဖြစ်တယ်။ ဆိုလိုတာက တည်ငြိမ်တဲ့ ပထဝီဝင်တခုကို ရဖို့ဆိုတာ သမိုင်းသစ်ကို ဖန်တီးမှသာ ဖြစ်နိုင်မယ်။

စစ်တပ်၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ခံအစိုးရ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစု၊ ဘယ်အထိုင်ပေါ်ကပဲဖြစ်ဖြစ် အတွေးအခေါ်အဟောင်းတွေနဲ့ သမိုင်းဟောင်းထဲက နိုးထဖို့ဖြစ်တယ်။ မဟုတ်ရင် ရှည်ကြာတဲ့ တော်လှန်ရေးတရပ်ကို အားလုံး ရင်ဆိုင်ကြရဖို့ရှိတယ်။

Related Posts

Leave a Comment