သိဂ်ရာသီမှာ ရွာတဲ့မိုး

ညီလင်းအိမ်

by The Call
“သိဂ်ရာသီမှာ ရွာတဲ့မိုး”
◾️ ညီလင်းအိမ်
ကျနော့်ကို ကေစီနီမာအမာခံဖန်တဦးက ခင်ဗျားအနေနဲ့ ကေစီနီမာရုပ်ရှင်တွေကို ခံစားဖို့ရာအတွက် ဘယ်ခေတ်ကို သွားချင်သလဲ လို့ မေးရင် 98/99/2000 ကျော် ပတ်ချာလည်လို့ပဲ ဖြေရမယ် ထင်ပါတယ်။ အဲဒီအချိန်တုန်းက ကေစီနီမာကို ဆက်လက်ဦးဆောင်ကြမယ့် ဒါရိုက်တာကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေ၊ နောက် ရုပ်ရှင်ကားကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်နေတဲ့ အချိန်။ ကေစီနီမာ လှိုင်းလုံးကြီးက ပါဝါအားကောင်းကောင်းနဲ့ ရိုက်ခတ်လာတဲ့အချိန်လို့ တင်စားရမှာပဲ။ ယခု ကျနော် ညွန်းဖွဲ့ခံစားလိုတဲ့ Christmas In August ရုပ်ရှင်ကလည်း ယင်းကာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ပြောင်းလဲဆန်းသစ်လာပြီ ဖြစ်တဲ့ ရုပ်ရှင်အဆင့်အတန်း တခုကို ပြဆိုနိုင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကြောင်းမှာ အင်မတန်မှ နူးညံ့လှပလွန်းတဲ့ ဇာတ်အိမ်ကလေးကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြသွားတယ်။ ပြောရမယ်ဆို အချစ်ဝတ္ထုကောင်းကောင်းတပုဒ်ကို စကားလုံးအဖြစ် ခံစားနေရတာမျိုးကနေ မျက်ဝါးထင်ထင် မြင်ရတဲ့ အဖြစ်မျိုးပေါ့။ ကြည့်နေရင်းနဲ့ မိမိဘာသာ စကားလုံးတွေကို လိုလို မြင်လာစေနိုင်တယ်လို့ပြောချင်တာပါ။ ဇာတ်ကြောင်းက ဘာမှကြီးကြီးမားမား မရှိ။ မြို့ငယ်ကလေးတခုက သက်လတ်ပိုင်း လူရွယ်တယောက်ရဲ့ ဇာတ်ကြောင်းပဲ။
လူ့ဘဝကြီးဆိုတာ ဆန့်ကျင်ဘက် အရာတွေနဲ့ ဖွဲ့စည်းထားတာလို့ ဆိုကြပါတယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကံကောင်းခြင်း၊ ကံဆိုးခြင်း စလို့ပေါ့။ ဥပမာဆိုရရင် မိုးတွေချည်း ခြိမ့်ခြိမ့်သဲ ရွာနေတဲ့ ကောင်းကင်ကြီးပဲ ရှိတာမှ မဟုတ်တာ။ တိမ်စင် လမင်းသာတဲ့ ညမျိုးလိုလည်း ရှိရမှာပေါ့။ တချို့လူတွေရဲ့ ဘဝတွေမှာတော့ လမင်းသာတဲ့ ညတွေပဲ အမြဲပိုင်ဆိုင်ရတာ အားကျစရာဖြစ်ပါတယ်။ ဒီဓာတ်ပုံဆရာလေး ခမျာကတော့ လူဖြစ်လာရတာက ဝေဒနာတွေ သက်သက်ကိုပဲ ခံစားပိုက်ထွေးဖို့ ဖြစ်လာခဲ့ရသလားလို့ မှတ်ထင်ရလောက်အောင် သူ့ဘဝမှာ အရာရာ ကံဆိုးခဲ့ရတာပဲ။ မိခင်ဖြစ်သူကလည်း သူ့အသက်ငယ်ငယ်မှာပဲ တိမ်းပါးသွားခဲ့ရတယ်။ တကယ်ဆို သူလို ဘာဒေါသ မောဟ လောဘရယ်မှ မရှိ။ လူ့လောကကြီးကို အမြဲတမ်း အပြုံးကလေးတွေ၊ အကောင်းမြင်စိတ်တွေ အပြည့်နဲ့ပဲ ကြည့်တတ်တဲ့သူဟာ သူ့ကိုတော့ လောကကြီးက ကံကောင်း ပျော်ရွှင်မှုတွေကို ပြန်လည်မပေးစွမ်းခြင်း အဖို့က ဘယ်လောက်တောင် နာကျင်စရာကောင်းလွန်းတဲ့ လူဖြစ်ရမှုလဲ။
သူဟာ ဒီဖခင်မုဆိုးဖိုကြီး၊ အစ်မမိသားစုနဲ့အတူပဲ ဘဝကို ဖြတ်သန်းနေတာ။ ဓာတ်ပုံ စတူဒီယိုလေး တခု ထူထောင်ထားပြီး အဲဒီလုပ်ငန်းနဲ့ အသက်မွေးတယ်။ ဒီလိုနဲ့ လူ့ဘဝကြီးက လူ့သက်တမ်း သုံးပုံတပုံလောက်ပဲ သူ့ကို နေထိုင်ခွင့်ပြုတယ် ထင်ပါတယ်။ သူမှာ သွေးကင်ဆာလို ရောဂါရှိနေပြီ။ ယင်းဝေဒနာနဲ့ပဲ လူ့ဘဝကြီးထဲမှာ သိပ်ပြီး မရှင်သန်ရတော့ဘူး ဆိုတာကို သိနေပြီးသား။ အဲဒါတွေကြောင့်ပဲလားတော့ မပြောတတ်ဘူး။ ငယ်ချစ်ဦးနဲ့လည်း ဝေးခဲ့ရ။ သူမကို နှစ်ပေါင်းအတော်ကြာ ဝေးလွင့် ကွဲကွာပြီးမှ ပြန်တွေ့ရတော့ သူမက အိမ်ထောင်လည်း ကျပြီးပြီ။ သူကတော့ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ဒါထက်ဆိုးတဲ့ အခြေအနေကြီးကိုပဲ ပိုင်ဆိုင်ထားပြီးပြီ။ ဘဝမှာ ဘယ်လို အဆိုးတွေလာဦးမလဲ။ သူ့ကို အဲလို မြင်ရတော့ ပိုလို သနားပြီး ဂရုဏာပို ဖြစ်ရတယ်။
ရောဂါရင့်မှည့်လာပြီးနောက် သူတိမ်းပါးသွားတဲ့အခါမှာ ချန်ရစ်ခဲ့ရမယ့် သူ့ရဲ့ ကြွင်းကျန်အမှတ်တရများအတွက်လည်း အများကြီး ရည်ရွယ်ထားလိုရင်း မရှိပါ။ English စာ မဖတ်တတ်သော ဖခင်ကြီးအတွက် စက်ပစ္စည်းတွေ အလုပ်လုပ်ပုံကို လမ်းညွှန်စာရွက်ကလေးတွေနဲ့ ရေးပေးခဲ့မယ်။ မကွယ်လွန်ခင်မှာ ငယ်ပေါင်းဘော်ဒါတွေနဲ့ အမှတ်တရ ဓာတ်ပုံကလေးတွေ ရိုက်ခဲ့မယ်။ ဒီလောက်ပါပဲ။ ဒီလောက်နဲ့ပဲ မိမိလူဖြစ်ရမှု ဘဝအတွက် ရသလောက်နဲ့ပဲ ပျော်ရွှင်ကျေနပ်စွာ ပိုင်းဖြတ်ပြီး ဘဝထဲက ထွက်ခွာလိုက်ဖို့သာ တွေးထားတော့တဲ့ ပုံပါ။ သို့ပေမဲ့ လောကကြီးကတော့ သူ့ကို မသနားပါဘူး။ မညှာတာပါဘူး။ ဒီအခြေအနေမျိုးနဲ့ ထွက်ခွာရတော့မယ့် လူရွယ်လေးထံကို တစုံတရာကို ထပ်မံ ပို့လွှတ်ပြန်သတဲ့။ ဘာလဲဆိုတော့ အချစ် ဆိုတဲ့ အရာကြီးတဲ့။
အဲဒီကောင်မလေးက သူမအလုပ်အတွက် ရိုက်ကူးရတဲ့ ဓာတ်ပုံတွေကို သူ့ဆိုင်မှာ လာကူးရင်းနဲ့ ဆုံဆည်းမိရတာ။ ဒီလိုနဲ့ ကောင်မလေးဖြစ်သူကလည်း သူ့ရဲ့ ပြုံးရွှင်ချိုသာတဲ့ စကားပြောဆက်ဆံပုံတွေ၊ သူမကို ဘယ်နေရာမှာ တွေ့တွေ့ မဆိုင်းမတွ ကူညီပေးတတ်တာတွေ စတာတွေကြောင့် ခင်မင်မိရာကနေ ဖြေးဖြေးချင်း ငြိတွယ်လာခဲ့တယ်။ အဲဒီ ချစ်စိတ် သံယောဇဉ် စိတ်ကလေးနဲ့ပဲ နွေနှောင်းရက်ရောက်လာတိုင်း ဆိုင်ရဲ့ ခေါင်မိုးကလေးပေါ်ကို သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေကျနေတဲ့
အဲဒီလမ်းချိုးနေရာကလေးကိုပဲ နေ့စဉ်ရောက်လာတတ်ပါတယ်။
သူ့အတွက် ဘဝနှောင်းအံ့ဆဲဆဲ ကျန်ရှိရက်စွဲများထဲမှာ ဒီလိုကောင်မလေးနဲ့ ဆုံရတာ ဆုလာဘ်တခုလို့ မှတ်ယူပုံတော့ မရပါဘူး။ သူ့ကြောင့် ကလေးမလေး ခမျာမှာ သံယောဇဉ်ကြောင့် ဖြစ်ရတဲ့ နာကျင်ကြေကွဲမှုတွေ အများကြီးနဲ့ ကျန်ရစ်ခဲ့မှာကို လိုလားပုံ မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့ လက်ရှိအခြေအနေကို ဖွင့်မပြောခဲ့သလို ပိုမိုစူးနစ်တဲ့ သံယောဇဉ်သက်ရောက်မှုတွေ မဖြစ်အောင်လည်း ထိန်းသိမ်းခဲ့တယ်။ ဒါပေတဲ့လည်း ကောင်မလေးနဲ့အတူ ချစ်သူတယောက် အသွင်မျိုးထက် မိတ်ဆွေလို အကိုလို ပုံစံမျိုးနဲ့ပဲ သူမလိုအပ်သမျှကို ကူညီပေးတယ်။ အလည်သွားချင်တဲ့ နေရာကို လိုက်ပို့ပေးတယ်။ ဓာတ်ပုံရိုက်ချင်တယ် ပြောတော့လည်း ကင်မရာရဲ့ မျက်ဝန်းတွေကနေ တဆင့်ပဲ ငေးစိုက်ရင်းနဲ့သာ ပုံလှလှကလေး ထွက်လာအောင် ရိုက်ကူးပေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သူလည်း ဘာသားနဲ့ထွင်းထုထားတဲ့ လူမို့လို့လဲ။ နွေဦးရက်တွေထဲမှာ ရွက်အိုတွေ တသုန်သုန် ကြွေကျပြန်တော့လည်း ဒီကောင်မလေးကတော့ သူ့ဆီကိုပဲ မပြောင်းမလဲ ရောက်လာတတ်တာတွေ။ ပူလိုက်တာ လွန်ပါရော ဆိုပြီး ညည်းလိုက်ရင် သူ့ခမျာမှာ ချက်ချင်း ပန်ကာကလေးကို ဖွင့်ပေးလိုက်လို့။ ရေခဲချောင်းကလေးကို ကျွေးလိုက်ရလို့ ပြုံးပျော်ကြည်နူးသွားတဲ့ ကောင်မလေးကို မြင်ရတာ ဘယ်မျှ ပျော်စရာကောင်းတဲ့ နွေးထွေးမှုပါလဲ။ တညသားမှာ လမ်းတွေ အတူလျှောက်ကြတော့ ပြောဖြစ်သွားတဲ့ သရဲပုံပြင်ထဲက ရိုမီယို ဆန်ဆန် ဘဝကို ကူးသွားတဲ့ တစ္ဆေဖြူလေးတကောင်အကြောင်းကို ပြောမိလိုက်တော့ ကြောက်သွားတာလေးကို မြင်ရတာ ကြည်နူးစရာ ကောင်းလိုက်တာပေါ့။ သို့‌ပေမဲ့လည်း အဲဒီဇာတ်လမ်းရဲ့ အခြားတဖက်မှာ သူကိုယ်တိုင်လည်း များမကြာမီမှာပဲ တစ္ဆေဖြူကလေးအဖြစ်နဲ့ လူ့လောကကြီးထဲက ထွက်ခွာသွားမှာကိုတော့ ပြောမထွက်ရက်ခဲ့ပါဘူး။
ဒီလူရွယ်လေးဟာ အဲဒီလောက်အထိ စိတ်သဘောထား ဖြူစင်မြင့်မြတ်တဲ့သူ။ သူနဲ့ထိစပ်ခဲ့ရာ ဘဝတွေမှန်သမျှကို သူ့အကြောင်း ပြောကြတိုင်း ပြုံးပျော်ရွှင် နွေးထွေးစေတဲ့ အတိတ်တွေကိုပဲ ‌ပေးစွမ်းချင်ခဲ့တဲ့သူ။ ဇူလိုင် ဝသန်ရာသီရောက်လို့ မိုးတွေရွာကျလာပြီဆိုတိုင်း မိုးခြိမ်းသံတွေအကြားမှာ အထီးကျန် နာကျင်တဲ့ အတွေးတွေနဲ့ အိပ်စက်မရရှာနေတဲ့ သူ့ဘဝအမှောင်ထုတွေ အကြောင်းကိုတော့ အမြဲ ရေငုံ နှုတ်ပိတ်နေသူလေ။ နေလောင်ထားတဲ့ ပန်းစကားပွင့်ဖတ်ကလေးရဲ့ မျက်နှာကလေးနဲ့ ကြိတ်ပြီး ငိုကြွေးနေရှာတဲ့ သူ့စိတ်အတွင်းသားထဲမှာ ဘယ်လောက်အထိ ကြေကွဲနာကျင်မှုတွေ လှိုင်းထအိမ်ဖွဲ့လို့နေလေမလဲ။ ကျနော်တို့တွေပဲ သီးသန့် မြင်ရတဲ့ ဒဏ်ရာတွေ ဆိုပါတော့။
ခုလို မိုးညကြီးထဲမှာ လက်နွေးနွေးကလေး တဖက်ကို တောင့်တမှာပဲလေ။ ချမ်းတယ်ကွယ်ဆိုတဲ့ နွေးမြလိုစိတ်နဲ့ အဲဒီလက်သွယ်သွယ်ကလေးကို ကိုင်ဆုပ်လိုက်ရတာဖြစ်ဖြစ်။ ဒါမှမဟုတ် သူမကိုယ်ကလေးကို ထွေးဖက်ရင်း သိမ့်သိမ့်ကလေး နွေးလာရတာပဲ ဖြစ်ဖြစ်။ အဲဒါဆိုရင် ခုလိုမိုးညတွေဟာ ဘာလို့ ကြောက်စရာကောင်းနေတော့မှာလဲ။ ခုတော့ သူ့ခမျာမှာ အိပ်မရတော့တဲ့အဆုံး ဖခင်ကြီးအနားကို သွားပြီးတော့ပဲ အိပ်ပျော်အောင် ကြိုးစားရရှာသတဲ့။
နွေဦး ရာသီတခုက သူ့ဆိုင်ပေါ်ကလေးကနေ ဖြတ်သန်းပြီးသွားချိန်မှာတော့ မိုးတွေ တဖြောက်နှစ်ဖြောက် ရွာကျလာခဲ့ပြီ။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ရောဂါကလည်း ရင့်မှည့်လာခဲ့ပြီ။ များမကြာခင်မှာပဲ အမှည့်လွန် သစ်သီးကလေးတလုံးက ချိတ်ငင်ထားတဲ့ အညှာမျှင်ကလေးကနေ ဖြုတ်ခနဲ ကြွေသွားသလိုမျိုး သူ့ဘဝရဲ့လက်ကျန်သက်တမ်းမျှင်ကလေးကလည်း တီတီယဲ့ယဲ့ကလေးသာ ရှိနေတော့တယ်။ ဒီလို လုလင်ပျိုကြီးကို ချစ်ကျွမ်းဝင်နေရှာတဲ့ ကောင်မလေးကတော့ ယင်းအခြင်းအရာတွေကို သိမှမသိတာပဲလေ။ ပိတ်ထားတဲ့ ဆိုင်ကလေးရှိရာကို နေ့စဉ် အရောက်လာခဲ့ပါတယ်။ ကြာရှည်ကြာမျော မတွေ့ရတဲ့ အခါမှာတော့ သူမကို Ghosting လုပ်သွားတယ်ပဲ ယူဆပြီး ဆိုင်ခန်းကလေးကို ကာရံထားတဲ့ မှန်တွေကို ခဲနဲ့ ထုပစ်ခဲ့ပါတယ်။
အခြားတဖက်မှာတော့ မတိမ်းပါးခင်ကတည်းက တစ္ဆေတကောင်ဘဝကို ရောက်နေခဲ့ရပြီဖြစ်တဲ့ သူအနေနဲ့ ချစ်ရတဲ့ ကောင်မလေး မမြင်နိုင်တဲ့ နေရာကလေးကနေပဲ ခိုးကြည့်နေခဲ့တယ်။ ကောင်မလေးရဲ့ အပြုံးတွေကို မြင်ရတိုင်း သူပါ လိုက်ပြုံးတယ်။ ဒီလို အရာအားလုံးကို မြင်နေရတဲ့ ကျနော်တို့အတွက်တော့ ယင်းအခြင်းအရာတွေ အားလုံးက လောကကြီးရဲ့ အတိုင်းအထက်အလွန်သော ရက်စက်မှုလို့ မှတ်ယူလိုက်မိပေမယ့် သူ့အတွက်ကတော့ အမှောင်ညတွေထဲမှာ အနည်းငယ်လင်းပပေးသွားတဲ့ အလင်းမှုန်ရီရီ။ သဲဖုံးနေတဲ့ ကန္တာရထဲရောက်နေတုန်း တခဏတာမျှ ရွာချပေးတဲ့ မုတ်သုန်မိုး။ လမင်းမျက်နှာကလေးပေါ်ကနေ တဆင့် ပွတ်တိုက် ပြုတ်ကျပေးလာတဲ့ နှင်းစက်ငယ်များ။ နောက်ဆုံးလျှောက်ရာလမ်းရဲ့ ကမ်းပါးအနားသတ်ကို မရောက်ခင် ကွန်းခိုရာပေးသွားတဲ့ ခိုနားဆောင် နွေးမြနေရာငယ်ကလေး စလို့ အဲဒီလိုပဲ မှတ်ယူထားပုံ ရပါတယ်။
ဒီလိုနဲ့ပဲ သူဟာ မြင်ရသူတိုင်း ကြည်နူးနွေးထွေးစိတ်တွေ ကူးစက်စေနိုင်တဲ့ အပြုံးတွေကို ချန်ထားရစ်ပြီး နောက်မှာတော့ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတော့တယ်။
ရုပ်ရှင်ရည်ညွှန်း – Christmas In August Korean Movie ( 1998 )

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment