
“သုဝဏ္ဏသျှံ ထမ်းလာသော ရွှေအိုး”

စာအုပ်အမည် – ကဗျာပေါင်းချုပ်
ရေးသားသူ – မင်းသုဝဏ်
ထုတ်ဝေသူ – The Key Collection
ပုံနှိပ်မှတ်တမ်း – တတိယအကြိမ် ဖေဖော်ဝါရီ၊ ၂၀၂၅
အုပ်ရေ – ၅၀၀
တန်ဖိုး – ၅၀,၀၀၀
မျက်နှာဖုံး – မုတ်သုံ
စာမျက်နှာ – ၉၂၃
‘သပြေညို’
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြည်မှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါ ကို။ ။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
ကဗျာဆရာ မင်းသုဝဏ် ၁၁၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အထူးထုတ်စာအုပ် ထွက်ပေါ်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရပါတယ်။
မြန်မာစာပေလောကမှာ ကဗျာရေးဖွဲ့သူထဲက မေဂျာကြီး ၄ ဦး (4 Major Poets) ထဲက တဦးဖြစ်သူ ဆရာမင်းသုဝဏ်ရဲ့ တသက်တာရေးဖွဲ့ခဲ့သမျှ ကဗျာလက်ရာများကို တလုံးတည်း တစည်းတည်းဖြစ်အောင် ကြိုးပမ်းစုစည်းထုတ်ဝေဖြစ်တဲ့အပေါ် ဂုဏ်ယူလို့ မဆုံးနိုင်အောင်ပါပဲ။
အခုလို စာအုပ်ဖြစ်အောင် ကြိုးစားပမ်းစား ရှာဖွေဖော်ထုတ် စုစည်းခဲ့သူ ဆရာဒလဘန်း (ဆရာမင်းသုဝဏ်ရဲ့သား) နဲ့ ထုတ်ဝေသူ ကိုစိုင်းနွံနွတ်တို့ကို ရေရေလည်လည် အမှတ်ပေးလိုက်ရပါတယ်။ ကျေးဇူးအထူးတင်ပါတယ် နောင်တော်တို့၊ ညီတို့ခင်ဗျား။
၁၉၈၀ ပြည့်လွန်နှစ်တွေက ဆိုဗီယက်သံရုံး ယဉ်ကျေးမှုဌာနက ပြုလုပ်ကျင်းပပြသတဲ့ ပြပွဲတွေ၊ ရုပ်ရှင်ပြတာတွေ၊ စာအုပ်ပြပွဲတွေကို ရောက်ခဲ့ရ လေ့လာခဲ့ရဖူးပါတယ်။ အဲဒီမှာ ဆိုဗီယက်စာပေထဲက ရှေး ရှရှားစာရေးဆရာဂန္ဓဝင်တွေဖြစ်ကြတဲ့ ဂေါ်ကီတို့၊ အန်တွန်ချက်ကော့ဖ်တို့၊ တူရာဂေညက်တို့ရဲ့ အနုစာပေလက်ရာများကို တဦးချင်းစီအလိုက် စုစည်းပြီး ထုတ်ဝေထားကြတဲ့ ဂေါ်ကီ Complete၊ ချက်ကော့ဖ် Complete၊ တူရာဂေညက် Complete ဆိုတဲ့စာအုပ်တွေကို လေ့လာကြည့်ရှုခဲ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားကြတဲ့ စာအုပ်တွေကို လဟာပြင်ထဲ ခင်းကျင်းပြသထားတာမို့ ကိုင်တွယ်ကြည့်ရှုခွင့် ရခဲ့ပါတယ်၊ သိပ်ကို သဘောကျခဲ့ပါတယ်။
အခု ဆရာမင်းသုဝဏ်ရဲ့ ကဗျာပေါင်းချုပ်စာအုပ်ကို မြင်တွေ့ရတော့ ယခင်က အတွေ့အကြုံဟာ ဖြတ်ခနဲ ခေါင်းထဲ မျက်စေ့ထဲ ပြန်မြင်ယောင်လာပါတယ်။ ဒါပဲ။ ဒါမှ သားအစစ်။ ရွှေအိုးထမ်းလာတဲ့ သားအစစ်။ ဖခင် ဆရာမင်းသုဝဏ်ရဲ့ ရွှေအိုးကို သားဖြစ်သူ ဒလဘန်းက ထမ်းလာခဲ့ပါပကောလား။ တာဝန်ကျေလှတဲ့ သားမြတ်သားကောင်း။ ဖခင်ရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍကို ပြည့်စုံအောင် ဖြည့်စွက်ပေးခဲ့တဲ့သူ။ ကျနော် ကျေနပ်နှစ်သက်လှစွာနဲ့ ဂုဏ်ယူ Salute ပေးလိုက်ပါတယ်။
ကျနော်က ဆရာဇော်ဂျီရဲ့ အရေးအသားများကိုသာ ကိုးကား ကောက်နုတ် ဖော်ပြ ညွှန်းဖွဲ့ပြီး ရေးသားလေ့ရှိပါတယ်။ ဆရာဇော်ကို ဖီလော်ဆော်ဖာလို့လည်း ယူဆထားသူဖြစ်ပါတယ်။
ဒီတကြိမ်မတော့ ဆရာမင်းသုဝဏ် Complete ကို စာအုပ်အညွှန်းရေးချင်စိတ် တားမရအောင် ဖြစ်ရပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ လီယာမင်းကြီး ဘာသာပြန်ကို ထွက်ထွက်ချင်း ဝယ်ယူဖတ်ရှုပါတယ်။ သူငယ်ချင်း မိတ်ဆွေများကို ငှါးရမ်းပေးပြီး ဖတ်ရှုစေခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် ခဏခဏ ပြန်ဖတ်ပါတယ်။ ဟိုက္ကူကဗျာကတော့ ဆရာမင်းသုဝဏ်က ကျနော့်ဖခင်ကို လက်ဆောင်ပေးထားလို့ အိမ်မှာရှိနေပြီး မကြာမကြာ ပြန်ဖတ်ရတဲ့ စာအုပ်ပါ။ တခြားဘာသာပြန်ဆရာများ ပြန်ဆိုတာက မူရင်းတူနေရင်းလည်း တိုက်ဆိုင်ကြည့်ရတဲ့ ပြဌာန်းစာအုပ်ဆိုပါတော့။
ဆရာဒလဘန်းကို ကျနော် အဝေးကသာ မြင်ဖူးတာပါ၊ မသိကျွမ်းပါ။ ဆရာ ခေါင်းလောင်းဘောင်းဘီ ဝတ်ထားတဲ့ ပုံကို ဆိုရှယ်မီဒီယာတွေမှာ တွေ့ဖူးပြီး သမ္မတရာထူးတာဝန် တာဝန်ထမ်းဆောင်စဉ် တည်ကြည်ရင့်ကျက်တဲ့ မျက်နှာထားနဲ့ ပုံတွေလည်း တွေ့ရတာ မနည်းခဲ့ပါ။ နောက်ဆုံး ICC က အလိုရှိသူစာရင်းမှာ ပေါက်နေခဲ့တာကိုလည်း နားလည်စွာ စာနာမိပါတယ်။ သူ့မှာ ဘာတာဝန်မှ မရှိဘူးလို့လည်း လက်ခံ သဘောပေါက်ထားပါတယ်။
အခု ကဗျာပေါင်းချုပ်စာအုပ်ဖြစ်ဖို့ ဆရာဒလဘန်းရဲ့ ကြိုးပမ်းမှု၊ အချိန်အများကြီးပေးပြီး ဖတ်ရှု သုတေသနပြုကာ အစွမ်းကုန်ကြဲခဲ့တာကို အလွန်အမင်း ကျေနပ်အားရဖြစ်ရပါတယ်။ ဆရာဒလဘန်းဟာ ဖခင်ကြီးရဲ့ ကဗျာရွှေအိုးကို ထမ်းလာတဲ့ တမန်တော်တဦးပါပဲ။ စာအုပ်မျက်နှာဖုံးကိုလည်း သဘောကျ နှစ်ခြိုက်လှကြောင်းပါခင်ဗျာ။ ပန်းချီမုတ်သုံ လက်စွမ်းပြထားတာက ဆရာဝဏ်ရဲ့ ကလောင်အမည်ယူထားတဲ့ သုဝဏ္ဏသာမ ဇာတ်တော်ကို သူရေးနေကျ စတိုင်နဲ့ ဖွဲ့နွဲ့ရေးချက်က ပြောင်မြောက်လှပါတယ်။ (တလောက ဘန်ကောက်မှာ အနုပညာတက္ကသိုလ်မှာ တတ်ရောက်ပညာသင်ယူနေတဲ့ သူ့သမီးက တင်ဆက်မှု Performance တခု အစုလိုက် ပြုလုပ်ရတဲ့အခါ သုဝဏ္ဏသာမဇာတ်တော်မှ ပါဠိကအဖြစ် သရုပ်ဆောင်တာကို ဆိုရှယ်မီဒီယာက ရုပ်သေပုံတွေမှာ တွေ့လိုက်ရသေးတယ်။ တိုက်ဆိုင်မှုပေါ့လေ။)
အိမ်ကသမီးငယ်ကလည်း စာအုပ်လက်ဆောင်ရတော့ တကြည့်ကြည့်နဲ့ပေါ့၊ လက်ကမချဘူး။ ဒီစာအုပ်ကိုကျနော် မြတ်နိုးလိုက်တာများ ခေါင်းအုံးပြီးကိုအိပ်ပါတယ် မိတ်ဆွေများ။
စာအုပ်ပေးတဲ့ ကိုစိုင်းကို ကျေးဇူးတင်တယ်။ ဒီလိုစာအုပ်မျိုး များများထုတ်ဝေနိုင်ပါစေကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
သုဝဏ္ဏသျှံဇာတ်တော်မှာ နောက်ဆုံးနိဂုံးက သားရွှေအိုး ထမ်းလာခြင်းပါပဲ။ မျက်စေ့နှစ်ကွင်း အလင်းမရတဲ့ မိဘနှစ်ပါး မျက်စေ့အမြင် ပြန်လည်ရရှိလာပြီး မြားဒဏ်ရာနဲ့ အဆိပ်သင့်နေတဲ့ သား သုဝဏ္ဏသာမက အကောင်းပကတိဖြစ်လျက် ရွှေအိုးကိုထမ်းရွက်လာရင်း မိဘနှစ်ပါးရဲ့ ကျောင်းသင်ခန်းကို အရောက်လှမ်းလာတယ်။
သိပ်ကိုလှပတဲ့ Happy Ending ပျော်ရွှင်စွာ ဇာတ်သိမ်းခြင်းပါပဲ။ ဗုဒ္ဓစာပေကျမ်းဂန်များထဲက နက်ရှိုင်းလွန်းလှတဲ့တင်စားမှုနဲ့ မြင့်မြတ်လှတဲ့ လူသားတို့ ဒါန၊ သီလ၊ စာရိတ္တ၊ ပါရမီ၊ စွန့်လွှတ် အနစ်နာခံမှုတို့ကို ဖော်ကျူးတဲ့ ပြောင်မြောက်လှတဲ့ ဇာတ်သိမ်းပါပဲ။ ရင်နဲ့အမျှ ခံစားရပြီး အဆုံးသတ်က ကျေနပ်နှစ်သိမ့်မှုကို ရရှိပြီး တကယ့်ကို ပီတိဖြစ်ရတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဇာတကတပုဒ်က အသည်းနှလုံးကို သိမ်းယူ စိုးပိုင်သွားတော့တယ်။
ဇာတ်သိမ်းကောင်မွန်ပြီး ပျော်ရွှင်တဲ့ဇာတ်များကို ကိုယ်တိုင် ပါဝင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်တောင်း ဆန္ဒပြုလိုက်ပါတယ်။
Be the first to comment