သူမတူအကျဉ်းသား (အခန်း၁၆)

■ အခန်း(၁၆)
အင်းစိန်ထောင်သို့ ပြန်ရောက်ခြင်း/
ကိုယာကွတ်ရဲ့ အဖြစ်ဆိုး
+++++++++++++++
ဒေါ်စုနဲ့ ခွဲခွာခါနီး စကားနည်းနည်း ပြောခွင့်ရလိုက်တယ်။ သူ့မှာ နောက်ထပ် ရင်ဆိုင်ရမဲ့အမှုတွေက အများအပြား။ သူကတော့ လုံးဝ တည်တည်ငြိမ်ငြိမ်ပါ။ နောက်ထပ် ထောင်ဒဏ်သုံးနှစ် တိုးတယ်ဆိုတာ သူ့အတွက်တော့ ပုံမှန် ရုံးတက်တဲ့နေ့လိုပါပဲ။ ဘာမှ ပိုပြီး ထူးခြား မနေတော့ပါ။ ကျနော်တို့ကို ဂုဏ်ယူကြောင်း၊ အာဏာသိမ်း စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူတိုင်းအတွက်လည်း ဂုဏ်ယူကြောင်း၊ မျှော်လင့်ချက် ဆက်ထားကြဖို့၊ အရှုံးမပေးကြဖို့ သူက မှာတယ်။ “ကျမတို့က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဘယ်လိုအနေအထား ဖြစ်နေပါစေ၊ ရှေ့ဘာဆက်လုပ်မယ် ဆိုတာ တွေးထားကြပါ။ အစီအစဥ်တွေ ဆွဲထားကြပါ။ ကျမတို့ လူထုတာဝန်ကို ပခုံးထမ်းပြန်ယူရမဲ့ အချိန်အတွက် ပြင်ဆင်ထားကြပါ။ ဒီအာဏာရှင်တွေ ကြာကြာမခံပါဘူး။”
.
တခြားသူတွေက သူ့ကို လက်အုပ်ချီပြီး ကန်တော့တဲ့ပုံစံ လုပ်ကြတယ်။
.
ဒေါ်စုက ကျနော့်ကိုတော့ ထပ်မှာတယ်။ ကျနော်တို့ အားလုံးရဲ့ ဇာတ်လမ်း ဖြစ်ကြောင်းကုန်စင်ကို ကမ္ဘာသိအောင် ပြောပြဖို့ မှာတယ်။ အိမ်သူ ‘ဟာ’၊ သမီးလေး ‘ဖူအောင်’၊ အဖေနဲ့ ညီမ လီဆာတို့ကိုလည်း ကျေးဇူးတင်စကား ပြောပေးပါတဲ့။ ကျနော် မြန်မာ့ယဥ်ကျေးမှုတွေ ခဏမေ့လိုက်ပြီး သူ့ကို ဖက်ပြီး နှုတ်ဆက်ခဲ့ပါတော့တယ်။
.
နေပြည်တော်ထောင်ကို ပြန်ရောက်တော့ ဒေါ်စုကို လှောင်ပိတ်နေတဲ့ သူ့ အကျဥ်းတိုက်ထဲ ပြန်ပို့တယ်။
.
.
မနက်ကျတော့ ပြောင်းရွှေ့ဖို့ အမိန့် ထွက်လာတယ်။ ကျနော်၊ ဝင်စတန်၊ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်းတို့ ထွက်ခွာဖို့ အချိန်တန်ပြီပေါ့။ ဦးစိုးဝင်းကို ကင်ဆာဆေးသွင်းဖို့ အာမခံနဲ့ အပြင်မှာနေခွင့်ပြုထားတာ သုံး၊ လေးလ ရှိပါပြီ။ ဒါပေမဲ့ စီရင်ချက်ချ အပြီးမှာတော့ အာမခံကိုလည်း ရုပ်သိမ်းလိုက်တယ်။
.
သွားရမဲ့နေရာက ရမည်းသင်းထောင်ပါ။ မန္တလေးတိုင်းထဲမှာ ရှိပြီး နေပြည်တော်ကနေ ကားနဲ့ တနာရီလောက် သွားရတယ်။ ရမည်းသင်းထောင်က အရေးကြီးတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထားဖို့ အာဏာသိမ်းစစ်အုပ်စု ရွေးထားတဲ့ ထောင်။ နေပြည်တော်နဲ့လည်း နီးသလို သူတို့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမှာလည်း ရှိတယ်။ ဝေးတာလည်း သူတို့အကြိုက်ပေါ့။ မြန်မာပြည်မှာ အစဥ်အဆက် နိုင်ငံရေးအကျဥ်းသားတွေကို ဝေးလံတဲ့ထောင်တွေဆီကို ပို့ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း နှိပ်စက်တတ်ကြတယ်။ မိသားစုတွေကိုလည်း ထောင်ဝင်စာတွေ့ရ ခက်အောင်၊ ငွေကုန်ကြေးကျ ပိုများအောင် ဒုက္ခအပိုပေးတဲ့ သဘောပေါ့။
.
.
ရှေ့ကြုံရမဲ့ ဒုက္ခတွေအတွက် ကျနော် တွေးပူနေမိတယ်။ “ငါ့ကို ဘယ်လို အခန်းမှာ ထားဦးမှာလဲ။ သာမန်ရာဇဝတ်သားတွေနဲ့များ အတူထားမှာလား။ တော်ကြာ ‘မျိုးချစ်’တစုက နိုင်ငံခြားသား သူလျှို ဆိုပြီး ဝိုင်းဆော်ရင် ဘယ်လိုလုပ်မလဲ။ ငါသယ်လာတဲ့ စာအုပ် ဆယ်အုပ်လုံးကို ခွင့်ပြုပါ့မလား။ (ဆယ်အုပ်ပဲ အများဆုံး သယ်ခွင့်ပေးတယ်။) ဒီပုံစံအတိုင်းဆိုရင် ထောင်ဒဏ်ကလည်း အပြည့်ခံရမယ် ထင်တယ်။ ငါ အဲဒီလောက်အထိ ခံပါ့မလား” စသဖြင့် တွေးနေမိတယ်။
.
ကျနော်တို့ ရမည်းသင်းကို ရောက်ပါတယ်။ မြို့အရွယ်က ခပ်ကြီးကြီးနဲ့ အကျည်းတန်တယ်လို့လည်း မဆိုနိုင်ဘူး။ ခြောက်သွေ့တဲ့ မြေပြန့်မှာ သစ်ပင်တွေ အတော်များများ တွေ့ရတယ်။ ရွှေရောင်ဘုရားတွေ ဟိုတဆူ၊ ဒီတဆူ ပြန့်ကျဲနေသလို လက်ဖက်ရည်ဆိုင်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေလည်း ဟိုနေရာ၊ ဒီနေရာမှာ မြင်နေရတယ်။ ထောင်ကတော့ မြို့လယ်ကောင်နားမှာပါ။ ပတ်ဝန်းကျင်နဲ့ ယှဥ်လိုက်ရင် အတော့်ကို ရုပ်ဆိုးအကျည်းတန်တဲ့ နေရာကြီးပါ။ ထောင်က ကိုလိုနီခေတ်က ထောင်ဖြစ်လို့ ရှေးဟောင်းအဆောက်အအုံတွေ များတယ်။ ထောင်နံရံအပေါ်မှာ သံဆူးကြိုးအပြည့် တပ်ထားတယ်။ ပြောရရင် အင်းစိန်ထောင်လိုပဲ ချောက်ချားစေတယ်။
.
ကျနော့် မိတ်ဆွေတချို့ရဲ့ မိသားစုဝင်တွေ ထောင်အပြင်ဝမှာ စောင့်နေတာကို တွေ့လိုက်ရတယ်။ ဒီမှာတော့ လူသားဆန်မှုတချို့ကို တွေ့နိုင်တယ်။ ထောင်စောင့်တွေက သူတို့ကို နှုတ်ဆက်ခွင့် ပေးတယ်၊ အစားအသောက်နဲ့ လိုအပ်တာတွေ ပေးခွင့်ပြုတယ်၊ တဦးနဲ့တဦး ပွေ့ဖက်ခွင့်တောင် ပေးတယ်။ ကျနော့်အတွက် ဘယ်သူမှ မရှိပါဘူး၊ ဒါပေမဲ့ အဲဒီအတွက် ကျနော် ဝမ်းသာမိတယ်။ အိမ်သူ‘ဟာ’ ပဲဖြစ်ဖြစ်၊ ကျနော်ချစ်ရတဲ့သူ တဦးဦးပဲ ဖြစ်ဖြစ်၊ ဒီလို နေရာဆိုးမှာ ကျနော် မတွေ့ချင်ဘူး။ နှုတ်ဆက်နေကြသူတွေကို ကြည့်ပြီး ကျနော် မျက်ရည်ဝဲမိတယ်။ ဦးစိုးဝင်းနဲ့ သူ့ရဲ့ နှစ်ပေါင်း ၅၀ လက်တွဲလာခဲ့တဲ့ အိမ်သူ၊ သူ့ရဲ့သား။ သူတို့နှစ်ဦးကို ကွန်ဖရန့်တခုမှာ တကြိမ်ဆုံခဲ့ဖူးတယ်။ ဝင်စတန်နဲ့ ခေါင်းမာပြီး သတ္တိရှိလှတဲ့ အိမ်သူ။ သူဟာလည်း မြန်မာပြည်ကနေ ဘေးကင်းရာကို ထွက်ခွာသွားပြီးမှ ဝင်စတန်နဲ့ နီးနီးနေနိုင်ဖို့ ပြန်လာခဲ့တယ်။ ဦးကျော်ဝင်းနဲ့ သူ့ရဲ့မြေးတွေ။ ဒီမြင်ကွင်းတွေကို ကြည့်ရင်း မျက်ရည်ဝဲရင်း “ဒီအဖြစ်အပျက်ကို ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာမှာ မြှုပ်နှံထားလိုက်မယ်။ ဘယ်တော့မှ ပြန်မတူးဖော်တော့ဘူး။ ခံစားချက်ကို မြိုသိပ်ထားတယ် ဆိုတာ အမြဲတော့လည်း မဆိုးလှပါဘူး” လို့ ကိုယ့်ဘာသာ တွေးနေခဲ့တယ်။ အခုလည်း အဲဒီလို တွေးနေဆဲပါ။ ဒါပေမဲ့ မနေနိုင်တဲ့ အဆုံးမှာတော့ ဒီအဖြစ်အပျက်ကို စာထဲမှာ ထည့်ရေးလိုက်ရတယ်။
.
.
ကျနော်တို့ နေရာသစ်က လူမနေရသေးတော့ အတော့်ကို သန့်ရှင်းတယ်။ အိမ်နီးချင်းအနေနဲ့ မြက်စားနေတဲ့ ကျွဲတကောင်လည်း ရှိတယ်။ နေရာသစ်မှာ နံရံရယ်လို့ မရှိဘူး။ သံတိုင် ပတ်ပတ်လည်ပဲ ရှိတယ်။ ဘာနဲ့ တူသလဲ ဆိုတော့ တိရစ္ဆာန်ရုံက လှောင်အိမ်တွေလိုပဲ။ ဒါက အပိတ်အလှောင်မခံချင်တဲ့စိတ် အတွက်တော့ ကောင်းပေမဲ့ ခြင်ကြောက်သူအတွက်တော့ မကောင်းဘူး။ နှစ်ပတ်လောက် အဲဒီလို နေရမယ် ဆိုတော့ ကျနော်တို့အတွက် အစီအစဥ် တခုခုလုပ်ဖို့ လိုတယ်။ ကျနော့်မှာ ‘ဟာ’ ပို့ပေးထားတဲ့ စာအုပ်အသစ် တအုပ်ရှိတယ်။ ‘၂၁ ရာစု အမေရိကန် ဖယ်ဒရယ် အရန်ငွေကြေး မူဝါဒ’ ဆိုတဲ့ စာအုပ်။ ဒီတော့ အဲဒီစာအုပ်ကို တယောက်တလှည့် ကျယ်ကျယ် အော်ဖတ်ကြမယ်ပေါ့။ ကျနော့်မိတ်ဆွေတွေမှာ တရားထိုင်တဲ့ အစီအစဥ်တွေလည်း ရှိတယ်။ သူတို့ တရားထိုင်တာကို ကျနော်က ကြည့်ပါတယ်။ ချီးကျူးစရာပါ။ ကျနော်ကတော့ သူတို့လို လုပ်ဖို့ အရည်အချင်းမရှိဘူးလို့ တခါတည်း ကြေညာထားလိုက်တယ်။
.
ညရောက်လာပါတယ်။ ထူးထူးခြားခြားတော့ ဘာပြဿနာမှ မရှိဘူး။ တဦး အိမ်သာတက်ရင် ကျန်သူတွေ မနိုးရလေအောင် ဂရုစိုက်ကြရတာ တခုပဲ။
.
မနက်ရောက်တော့ ထောင်ဆရာဝန် ရောက်လာပါတယ်။ ဝင်စတန်က စကားပြန် လုပ်ပေးတယ်။ “ပရော်ဖက်ဆာ ရှောင်။ ကျေးဇူးပြုပြီး ခင်ဗျားပစ္စည်းတွေ သိမ်းပါ။ ခင်ဗျားကို အင်းစိန်ထောင် ဒီနေ့ ပို့မယ်” လို့ ဆိုပါတယ်။
.
ကျနော့်ကို လွှတ်ပေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းတဲ့ လက္ခဏာပါ။ တကယ်လို့များ တရက်ပိုစောပြီး ပို့ပေးခဲ့ရင် ကျနော် အတော့်ကို ပျော်ခဲ့မိမှာ။ အခုတော့ ကျနော် မပျော်နိုင်တော့ဘူး။
.
ကျနော့်အတွက် ရှေ့မှာ ဘယ်လိုပဲ ကြုံရပါစေ၊ ကျနော် ဒီမိတ်ဆွေ သုံးယောက်ကို ခွဲရတော့မယ်။ သူတို့ဟာ ကျနော်နဲ့ ငရဲပြည်ကို အသွားအပြန် လုပ်ခဲ့ကြသူပါ။ အခုအချိန်ထိ မခွဲမခွာ အတူတူပါ။ ကျနော် သူတို့နဲ့ အတူရှိစဥ် ကျနော့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းခဲ့တဲ့ အချိန်တွေ ရှိပါတယ်။ ကျနော်လည်း ရေးခဲ့ပါတယ်။ ကောင်းကောင်း မစဥ်းစားနိုင်ဘူး၊ ကိုယ့်ဘာသာ မထိန်းသိမ်းနိုင်ခဲ့ဘူး။ သူတို့မှာ အဲဒီလို ဖြစ်တာမျိုး မတွေ့ရဘူး။ ကျနော့်ကို ကာကွယ်ပေးကြတယ်။ စိတ်ခွန်အားတွေပေးကြတယ်။ သူတို့က လက်တွေ့လည်း ကျတယ်။ ဘာသာစကားနဲ့ တခြားအားနည်းချက်တွေရှိတဲ့ ကျနော့်ကို အုပ်စုရဲ့ အားအနည်းဆုံး အဖွဲ့ဝင်လို့ သတ်မှတ်ပြီး ကာကွယ်ပေးရင်း သူတို့မှာ အလုပ်တွေ ပိုခဲ့ရတယ်။
.
သူတို့ကို ကျေးဇူးတင်လို့ မဆုံးပေမဲ့ အခုအချိန်မှာ ကျနော့်မှာ ပြောစရာ စကားမရှိဘူး ဖြစ်နေတယ်။ ကျနော့်ရဲ့ စာအုပ်တွေကိုပဲ လက်ဆောင်အဖြစ်နဲ့ တဦးချင်းစီကို ပေးခဲ့တယ်။ ကျနော် တွေ့ဖူးသမျှ လူသားတွေထဲ စွမ်းဆောင်ရည်အရှိဆုံးနဲ့ အိုင်ဒီယာတွေ အမြဲရှိနေတဲ့ ဝင်စတန်ကိုတော့ ကျနော့်ရဲ့ စီးပွားရေးပညာစာအုပ်တွေ ပေးခဲ့တယ်။ “ဝင်စတန် တနေ့နေ့မှာ ခင်ဗျား ဒါတွေကို အကောင်အထည် ပြန်ဖော်လာနိုင်ပါ” လို့ ပြောခဲ့တယ်။
.
.
ကျနော့်ကို လက်ထိပ်ခတ်ပါတယ်။ ဒါလည်း ကျနော့်အတွက် အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမဲ့ ရဲအရာရှိတယောက်နဲ့ တွဲခတ်ခံရတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။ ကိုယ့်ဘာသာတောင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တဲ့ဘဝ ဆိုတာကို သတိပေးလိုက်သလိုပါပဲ။ မပြီးသေးပါဘူး။ ခြေချင်းခတ်ဖို့ လုပ်ပါတော့တယ်။ အဲဒီအချိန်မှာ အရပ်ဝတ်နဲ့ လူတယောက်က ဦးစီးနေတာကို သတိထားမိတယ်။ သူက အထူးရဲတပ်ဖွဲ့ (Special Branch) ကပါ။ အဲဒီလူက နောက်မှာလည်း ပါလာဦးမှာ ဆိုတော့ SB လို့ပဲ နာမည်ပေးကြပါစို့။ ကျနော်က သူ့ကို “ခင်ဗျားတို့ အဲလိုလုပ်စရာ မလိုပါဘူး။ ကျနော်က အသက် ၅၈နှစ်အရွယ် ပါမောက္ခတယောက်ပါ။ ဘာအန္တရာယ်မှ ပေးနိုင်သူလည်း မဟုတ်ဘူး။ ကျနော်က ဂျေဆင်ဘွန်း (Jason Bourne) မဟုတ်ဘူးဗျ” လို့ ပြောလိုက်တယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ဂျေဆင်ဘွန်းသည် နာမည်ကြီးရုပ်ရှင်ကားများထဲမှ တိုက်ခိုက်ရေးကျွမ်းကျင်သူ သူလျှိုတဦး ဖြစ်သည်။)
.
SB က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သလို မြန်မာပြည် ပြင်ပကမ္ဘာကိုလည်း အကျွမ်းဝင်ပုံရပါတယ်။ “ခင်ဗျား ဆိုလိုတာကို ကျနော် နားလည်ပါတယ်။ အမိန့်အတိုင်း လုပ်ရတာပါ”လို့ ဆိုပါတယ်။
.
“ကျနော့်ဘဝမှာ နျူရင်ဘတ်ဆင်ခြေမျိုးကို အခုလို လေးလေးနက်နက် ပြောတာ ကြားရလိမ့်မယ် ထင်မထားခဲ့မိဘူး” လို့ ပြန်ပြောလိုက်တယ်။ ကျနော် ဆိုလိုချင်တာကို သူနားလည်ပါတယ်။ ဒါပေမဲ့ ဘာမှ ပြန်မပြောဘူး။ မျက်နှာလွှဲနေတယ်။
(ဘာသာပြန်သူ မှတ်ချက်။ ။ ဒုတိယကမ္ဘာစစ်အပြီး နာဇီစစ်ရာဇဝတ်သားများကို နျူရင်ဘတ် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတွင် စစ်ဆေးသောအခါ ရာဇဝတ်သား အများစုက “အမိန့်အရ လုပ်ရပါသည်” ဟု ဆင်ခြေပေး ခုခံပြောဆိုကြခြင်းကို ရည်ညွှန်းသည်။ )
.
ကျနော့်ကို ခြေချင်းခတ်တော့လည်း SB က မျက်နှာလွှဲထားတယ်။ ခြေချင်းတွေက စတီးနဲ့ လုပ်ထားတယ် ဆိုပေမဲ့ ‘သံ’ နဲ့လုပ်ထားသလို ခံစားရတယ်။ ခြေချင်းတွေကို ခြေမျက်စိ အထက်နားမှာ ခတ်ပြိး သံချောင်းတချောင်းနဲ့ ချိတ်ဆက်ထားတယ်။ အဲဒါကြောင့် လမ်းလျှောက်ရတာ အတော်ခက်ပါတယ်။ အဲဒီလို ခက်အောင်ပဲ တမင်လုပ်ထားတာပါ။ ဘဲတကောင်လို ကားကားပြီး သွားရတော့ ကျနော့် တင်ပါးဆုံကြောတွေက တင်းပြီး နာလာပါတော့တယ်။ ရပ်ထားတဲ့ ကားပေါ် အတက်အဆင်းလုပ်ဖို့လည်း အတော့်ကို ခက်ခဲပါတယ်။
.
.
မသွားခင်မှာ ကျနော်က အိမ်သာအခြေအနေကို မေးပါတယ်။ သူက ငါးနာရီခရီး အမြန်မောင်းမှာ ဖြစ်ပြီး လမ်းမှာ မရပ်ဘူးတဲ့။ ကျနော်ကလည်း “ကျနော့်လို ၅၈ နှစ်အရွယ် လူကြီးအတွက် မရပ်လို့တော့ မဖြစ်ဘူးလေ” လို့ ပြန်ပြောလိုက်တယ်။ “မရပ်ပေးနိုင်ဘူး။ သွားချင် အခုသွားပါ” လို့ ပြောတယ်။ သွားဆိုတော့လည်း သွားရတာပေါ့။
.
.
.
ခရီးတလျှောက်လုံး မိုးက ရွာလာပါတယ်။ ကျနော် ပျော်စရာအတွေးတွေ တွေးကြည့်ဖို့ ကြိုးစားပါတယ်။ ပြန်လွတ်တော့မယ် ထင်တဲ့ အပြန်လမ်းခရီးရဲ့ အတွေးမျိုးပေါ့။ အဲဒီအချိန်မှာပဲ ခတ်ထားတဲ့ ခြေချင်းတွေကြောင့် ပွန်းပဲ့နာကျင်နေပါတယ်။
.
ကျနော့်မျက်ခွံတွေ လေးလာပြီး အိပ်ငိုက်လာပါတယ်။ အရွယ်ကြီးလို့ မေးထောက်နေတဲ့ ကျည်ကာအင်္ကျီကို အမှီပြုပြီး ကျနော် ခဏတော့ မှေးလိုက်ရတယ်။ တအောင့်ကြာတော့ ကျနော် အိမ်သာတက်ချင်တဲ့စိတ် စဖြစ်လာတယ်။ ကျနော်တို့ ထွက်လာတာ သုံးနာရီလောက် ရှိပြီ။ မဖြစ်သေးပါဘူးလေ ဆိုပြီး စိတ်ပြောင်းအောင် ပျော်စရာတွေ တွေးမယ်ပေါ့။ ပျော်စရာမှ မဟုတ်ပါဘူး၊ ဘာအတွေးဖြစ်ဖြစ် စိတ်ပြောင်းရင် ပြီးရော။
.
ဒါပေမဲ့ မရပါဘူး။ သွားချင်စိတ်ကို ထိန်းမရတော့ဘူး။
.
SB က ရှေ့က ခရီးသည်ထိုင်ခုံမှာ ထိုင်နေတယ်။ ကျနော့်က သူ့ကို “အိမ်သာ သွားချင်တယ်” လို့ လှမ်းပြောလိုက်တယ်။ “မရဘူး။ ခင်ဗျားကို ပြောပြီးသား။ ကျနော်တို့ ရပ်လို့ မဖြစ်ဘူး”လို့ ခပ်တင်းတင်း ပြန်ပြောတယ်။
.
ကျနော်လည်း ခဏလောက် ဆက်အောင့်နေလိုက်တယ်။ ဒါပေမဲ့ မရတော့ဘူး။ အခုသွားမှကို ဖြစ်တော့မယ်။ “ကျနော် တောင်းပန်ပါတယ်။ မသွားလို့ကို မဖြစ်တော့ဘူး။ ခင်ဗျားက ရပ်လို့ မဖြစ်ဘူးလို့ ပြောတာကို နားလည်ပါတယ်။ ကျနော့်မှာလည်း ရွေးချယ်စရာ မရှိဘူး။ အဲဒီတော့ ခင်ဗျားသဘောပဲ”လို့ ပြောလိုက်ရတယ်။
.
SB က စိတ်ပျက်သလို သက်ပြင်းရှည်ကြီး ချပြီး ဖုန်းခေါ်ပါတော့တယ်။ တယောက်ခေါ်ပြီး နောက်တယောက်ကို ထပ်ခေါ်တယ်။ အဲဒီနောက် ဝေါ်ကီတော်ကီကို ကိုင်ပြီး ရှေ့နောက် ရဲကားတွေကို အမိန့်ပေးတယ်။ “ငါတို့ ရှေ့မှာ ရပ်မယ်”။
.
သူက “ဒီအမိန့်က ဟိုးအထက်ကနေကို လာတာ။ ခင်ဗျားကို ကျနော်တို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့တယ်နော်။ အထူးအခွင့်အရေးဗျ”လို့ ကျနော့်ကို ပြောတယ်။
.
.
ကျနော့်ကို ကားပေါ်ကနေ ကူချပေးကြတယ်။ SB က ကျနော့် ခြေချင်းဖြုတ်ပေးတော့ ကျနော်လည်း စိတ်သက်သာရာ ရသွားတယ်။ ကျနော့်လက်ထိပ်ကိုတော့ ဖြုတ်မပေးဘဲ ကုတ်အင်္ကျီတထည်နဲ့ ဖုံးပေးထားတယ်။ သူ့ကြည့်ရတာ ကျနော့်ကို သူတို့ ဘယ်လိုဆက်ဆံတယ် ဆိုတာ တခြားသူတွေ၊ ဒေသခံရဲတွေ၊ အမြန်လမ်းရဲတွေ မြင်သွားမှာကို တွေးပူနေသလိုပါပဲ။
.
အိမ်သာကိစ္စပြီးတော့ ရန်ကုန်ကို ဆက်မောင်းလာကြတယ်။ ဆက်မမောင်းခင် ရဲတွေက ဆေးလိပ်နဲ့ လက်ဖက်ရည် အမြန်သောက်လိုက်ကြသေးတယ်။ မိုးကလည်း ဆက်ရွာနေတယ် ဆိုပေမဲ့ ရန်ကုန်ရဲ့ အငွေ့အသက်တွေကို စပြီး မြင်လာရပါပြီ။ မြို့မြောက်ဘက်က စစ်တပ်မြေနေရာတွေ၊ ပြည်လမ်းပေါ်က စစ်သင်္ချိုင်း၊ ဘတ်စ်ကားပေါင်းစုံရပ်ပြီး မြို့နေလူထု နေ့စဥ် ဖြတ်သန်းသွားလာနေတဲ့ ကားဂိတ် စသဖြင့်ပေါ့။ လေဆိပ်ကို ဖြတ်တော့ ကျနော်အတော်ကြာကြာ လိုက်ကြည့်နေမိတယ်။
.
.
သိပ်မကြာခင်မှာပဲ ဖုန်ထူပြီး လူများတဲ့ အင်းစိန်လမ်းတွေပေါ် ရောက်လာတယ်။ နောက်တော့ အကျဥ်းထောင်စောင့်တွေရဲ့ ဂိတ်တွေကို ရုတ်တရက်တွေ့လိုက်ရတယ်။ မိစ္ဆာဂိတ်တွေ ပြန်ပေါ်လာပြီလေ။ ဒါတွေဟာ ကျနော်ရဲ့ နေ့စဥ်မြင်ကွင်း ဖြစ်လာဦးမှာပါ။
.
ကားပေါ်က ဆင်းဆင်းချင်းမှာ ကျနော် ခွေခေါက်ပြီး လဲကျသွားတယ်။ ကျနော့်ခြေချင်းကြားက သံချောင်းကြောင့် ကျနော် ကြွက်တက်ပြီး ပုံမှန်ထက်ကို အားနည်းနေတာပါ။ ကျနော် မြေကြီးပေါ်ကို မျက်နှာအပ်ပြီး ကျသွားတယ်။ ကျနော့် ကျည်ကာအင်္ကျီ၊ ထောင်အင်္ကျီနဲ့ လုံချည်ဟာလည်း ဖုန်တွေသဲတွေနဲ့ ညစ်ပေသွားတယ်။ အင်းစိန်ထောင်က ကျနော့်ကို လက်ခံမဲ့ အရာရှိတွေက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ကျနော့် ခြေချင်းတွေကို ချက်ချင်း ဖြုတ်ခိုင်းတယ်။ အဲဒီတော့မှ လိုက်ပို့တဲ့ ရဲတွေက ဖြုတ်ပေးတယ်။ ကျနော့်အပေါ် ဆက်ဆံတာကို သူများမြင်မှာစိုးလို့ ရှက်နေတဲ့ပုံမျိုး ဒီနေ့အဖို့ ဒုတိယအကြိမ် တွေ့လိုက်ရခြင်းပဲ။
.
■ ကိုယာကွတ်ရဲ့ အဖြစ်ဆိုး
အဲဒီနောက်မှာတော့ ကျနော့်ဆီကို သတင်းဆိုးကြီးတခု ရောက်လာပါတော့တယ်။ သတင်းကို သယ်လာသူကတော့ စကားပြန်တဦးပါ။ အင်းစိန်ထောင်ထဲမှာ စကားပြန်အကျဥ်းသားတစု ရှိပါတယ်။ သူတို့ထဲက တယောက်နဲ့ ကျနော်က ရင်းနှီးသွားခဲ့ပါတယ်။ သူ့က ပစ္စည်းအတုလုပ်မှုနဲ့ ထောင်ကျနေပေမဲ့ လူကတော့ လူကောင်းတယောက်ပါ။ ကျနော် သူ့ကို သဘောကျတယ်။ သူ့နာမည်ဖော်ထုတ်ပြီး ဒီစာမျက်နှာတွေပေါ်မှာ ကျေးဇူးတင်ချင်မိပါတယ်။ မဖြစ်နိုင်လို့ မဖော်ထုတ်တော့ပါ။
.
ကျနော် အင်းစိန်ထောင်ထဲ ပြန်ရောက်ပြီး တလလောက်မှာ သူ့ဆီကနေ သတင်းတပုဒ်ကို အခုလို ကြားရပါတယ်။ “ရှောင်၊ ခင်ဗျားကို ကိုယာကွတ်အကြောင်း ပြောချင်လို့ စောင့်နေတာ။ သူမရှိတော့ဘူး။ ကျနော်တို့ကို ခွဲခွာသွားပြီ။”
.
သူက အဲဒီအတိုင်း ပြောတာပါ။ သူပြောတဲ့ စကားတွေကို ကျနော် ဘယ်တော့မှ မမေ့ပါဘူး။ ခင်ဗျားတို့လိုပဲ ကျနော်က အစမှာတော့ ယာကွတ်သတင်းကို ဇာတ်ရည် မလည်ဘူး။ ကျနော့်ရဲ့ ကျေးဇူးရှင်၊ မိတ်ဆွေကောင်း ယာကွတ် ဘာဖြစ်သလဲပေါ့။ “ခင်ဗျားက သူ ထောင်ပြောင်းသွားတာကို ဆိုလိုတာလား။ ဒါမှမဟုတ် လွတ်သွားပြီးလား” လို့ ပြန်မေးလိုက်တယ်။
.
“မဟုတ်ဘူး ရှောင်။ သူ သေသွားပြီလို့ ပြောတာ။ အသ -တ်ခံလိုက်ရတယ်။ ခင်ဗျား နေပြည်တော်ကို ပြောင်းသွားပြီး တလလောက်မှာ အသ -တ်ခံလိုက်ရတယ်။ သူက စစ်ကောင်စီဘက်တော်သား တယောက်နဲ့ နိုင်ငံရေးအကျဥ်းသား ဆိုသူ တယောက် ရန်ဖြစ်နေတာကို ဝင်ဖြန်ဖြေတယ်။ တကယ်တော့ အားလုံးက တကျိတ်တည်း တဉာဏ်တည်းတွေ။ သူလည်း ဝင်ဖျန်ဖြေရော နှစ်ယောက်လုံးက သူ့ကို ဝိုင်းထိုးကြတယ်။ တခြားအပိုင်းက ထောင်စောင့်တွေလည်း ရောက်လာပြီး ကိုယာကွတ်ကို ဝိုင်းကန်ကြ၊ ဝိုင်းရိုက်ကြတယ်။ သူတို့က မတားကြဘူး။”
.
ယာကွတ်ဟာ နာရီအနည်းငယ်လောက် ဆက်ပြီး အသက်ရှင်သွားခဲ့ပါတယ်။ သူ့ကို ထောင်ဆေးရုံကို ခေါ်သွားပြီး နောက်တနေ့ မနက်မှာတော့ ဆုံးသွားရှာသတဲ့။
.
ဒီသတင်းဟာ ကျနော့်ကို အတော်ကို ပူဆွေးစေပါတယ်။ ပထမတော့ ဒီသတင်းအကြောင်းကို ထောင်စောင့်တချို့ကို မေးကြည့်တယ်။ သူတို့ကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ ကျနော် သိနေတာကို မကြိုက်တဲ့ပုံမျိုး ပြနေတာကြောင့် နောက်ပိုင်းမှာ ဘယ်သူ့ကိုမှ မပြောတော့ဘူး။
_____________________________
ဘာသာပြန် – ​အောင်မိုး ( A K Moe )
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*