
‘သေနတ်နဲ့ပစ်လို့မသေတဲ့ငါတို့ခေါင်းတွေ’

တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့
မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး
ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ်
မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။
ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ
ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား
မင်းတို့သေရဲလားလို့မေးပြီးပြီ
ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ်
မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက်
ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး ဒုန်းစိုင်းလာနေပြီ
ဒီလမ်းတွေလွန်ရင် ပန်းတွေပွင့်တော့မှာ
ကောက်ပဲသီးနှံတွေဖွေးဖွေးလှုပ်တဲ့နေ့တွေထပ်မမြင်ချင်တော့ရင်
မင်းလက်ညိုးက ထရေဂါကိုဆွဲညှစ်ချလိုက်
ငါတို့ကတော့ ဘယ်တော့မှမသေနိုင်တဲ့လူသားတွေ
မင်းတို့လုပ်သမျှ မင်းတို့ခံရမယ်
ငါတို့ကိုတချက်ပစ်ရင် မင်းတို့အသဲတခါကွဲမယ်
နတ်ဘုရားတွေမရှိတဲ့ငါတို့ဘက်မှာ ချစ်ခြင်းမေတ္တာပဲရှိတယ်
ကဲ ဘာလိုသေးလဲ အနာဂတ်မိုးကောင်းကင်မှာ တိမ်မည်းတွေပြည့်နေပြီ
အပြင်းအထန်ရွာချဖို့ ငါတို့လာနေပြီ
သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေဆီ ငါတို့လာနေပြီ။
၂၀၂၄ ဒီဇင်ဘာ
Be the first to comment