
“အချစ်နှင့် ငြိမ်းချမ်းရေး”ဆပ်ရိပ်
ရိုမန်အင်ပါယာကြီး ကျဆုံးသွားတာ မင်းမမြင်ခဲ့ဘူး။ ပြင်သစ် လက်နက်ချတုန်းက ကိုယ်တို့ မမွေးသေးဘူး။ စစ်အေးခေတ်ကို ကိုယ်တို့ မမီခဲ့ဘူး။ ၁၅၀၀ တန် ဆင်းကဒ်တွေပုံထားတဲ့ ကစားကွင်းကြီးထဲမှာ ကိုယ်တို့လူငယ်ဘ၀စခဲ့တယ်။ လူတန်းစားတခုနဲ့ တခုနှိမ်ကြတယ်။ ဘယ်သူ့ကိုနှိမ်ရမှန်းမသိတဲ့သူတွေက အိမ်က မိန်းမနဲ့သားသမီးကို ပြန်ရိုက်ကြတယ်။ အခုတော့ ကိုယ်တို့အားလုံးဟာ ငရဲကိုလက်ပစ်ကူးပြီး ပိုကောင်းမယ်ထင်တဲ့ ကမ်းပါးဆီ သွားနေကြတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲ့ဒါကြောင့် သမိုင်းကိုသွေဖယ်ပြီး နေပြည်တော်ကို ဧရာ၀တီရဲ့ဘေးနားမှာ မဆောက်ခဲ့တာ မင်းသိလား။ ကိုယ်တို့ရောက်လာမှာစိုးလို့လေ။
ဆိုကြပါစို့။ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမလေးတိုင်းဟာ တခါကတော့ သူတို့ရဲ့အမေကို ရွှေနားကပ်ကလေး ကန်တော့ချင်ခဲ့မှာပဲ။ အခုတော့ လူတိုင်းဟာ အတောင်ကျိုးနေတဲ့ငှက်တွေလို လမ်းကို နွမ်းနွမ်းနယ်နယ်လျှောက်နေကြတယ်။ လူတွေ လမ်းတွေ လျှောက်နေကြတာ တနေရာရာကို ရောက်သွားဖို့မဟုတ်ဘူး။ တနေ့ကနေ နောက်တနေ့ကို အသက်ရှင်လျက် ရောက်ရှိသွားရုံအတွက်ပဲ။
ကိုယ်လည်းပဲ တခါတလေ ဘ၀အကြောင်း မေ့ထားပြီး တောင်ကုန်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေလိုက်တာများတယ်။ သစ်ကိုင်းကလေးတွေ လေနဲ့ယိမ်းသွားတယ်။ နေ၀င်းပြောခဲ့တဲ့ ရိုးသားတဲ့တောင်ပေါ်ရွာကလေးတခုမှာ ကိုယ်တို့အတူမွေးခဲ့တဲ့ခွေးကလေး သတ်စားခံလိုက်ရမယ်လို့လည်း ကိုယ်တို့ဘယ်သိခဲ့ပါမလဲ။ မုန်ညင်းစားပြီး နေ့တိုင်း ကျောင်းတက်နေတဲ့ကျောင်းသားလေးတွေကို တရုတ်ပြည်အလုပ်သွားမလုပ်ဖို့ ကိုယ်ဘယ်လိုတားရပါ့မလဲ။ လော်ဘီတွေ လေယာဉ်နဲ့ဗုံးကြဲခိုင်းခဲ့တဲ့ မြို့ကလေးမှာ လက်ဖက်ရည်ဆိုင်ထိုင်နေရလို့ ကိုယ်တို့ (တကယ်) လွတ်မြောက်သွားပြီလား။
ထားပါတော့လေ။ အရာအားလုံးဟာ ကံစီမံရာတော့မဟုတ်ဘူး။ တယောက်ယောက်ကတော့ မိုနိုပိုလီဆော့နေပါလိမ့်မယ်။ ကိုယ်တို့ဟာ မြေတွေအိမ်တွေ၀ယ်လိုက်၊ ထောင်တွေကျလိုက်၊ ကံနဲ့ပဟေဠိကဒ်တွေ ဆွဲထုတ်လိုက်။ ကိုယ်ကတော့ ” ရှေ့သို့လေးကွက်တိုးပါ၊ အိမ်သို့ပြန်ရောက်လျှင် နေ၀င်ချိန်ကိုကြည့်ရင်း ပြီးခဲ့သောလူငယ်ဘ၀အကြောင်း ပြန်သုံးသပ်ပါ ” ဆိုတဲ့ ကဒ်ပြားကို မျှော်နေမိတယ်။
သေချာတာတော့ ကိုယ်တို့မှာ ပြောစရာတွေအများကြီးရှိဦးမယ်။ ပြန်မတွေးချင်လို့ မပြောဖြစ်တော့တာတွေလည်း အများကြီးရှိလာမယ်။ ကြယ်တွေကြားမှာ ဖြတ်သန်းသွားတဲ့ စစ်လေယာဉ်တွေကို ကိုယ်တို့ရေတွက်ကြမယ်။ မသေသေးသရွေ့ ကိုယ်တို့ ချစ်ကြမယ်။
တကယ်လို့ အဲ့ဒီလိုမဖြစ်ခဲ့ရင်လည်း တယောက်ကို တယောက် နာကျည်းလာတဲ့ နေ့ကျရင် ကိုယ်တို့ နှစ်ယောက် ကူမင်းမှာ တွေ့ကြမယ်။ မင်းက မင်းမရှိပဲ ကိုယ်ဘယ်လိုမှ အေးအေးချမ်းချမ်းနေလို့မရဘူးလို့ပြောမယ်။ ကိုယ်ကလည်း မရရအောင် တိုက်ယူပြီး နေမယ့်အကြောင်းပြောတာပေါ့။
နောက်တော့လည်း နေဟာ ၀င်သွားတာပေါ့။ နေ့တွေဟာ ပြီးသွားတာပေါ့။ မြို့တွေဟာ ပိုပူလာတာပေါ့။ သမိုင်းစာအုပ်ဟာပိုထူလာတာပေါ့။ ကိုယ်တို့ရဲ့မြေပုံပေါ်မှာ မြက်ပင်ကလေးတွေ လာပေါက်နေဦးတော့မှာပေါ့။ ကိုယ်တို့မြေပုံပေါ်မှာ ရှုးလာပေါက်တဲ့ကလေးလေးတွေကို ကိုယ်တို့ဘယ်မြင်နိုင်ကြပါတော့မလဲ။ လူ့သမိုင်းဟာ ဒီလိုပါပဲ။
(ကဗျာခေါင်းစဉ်က ဆရာမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဆိုတာကို မှီငြမ်းသုံးထားတာဖြစ်ပါတယ်)
Be the first to comment