
“အနီစွန်းသော အဝါရောင်ပန်းများ”

လေအေးလေး တချက်ဝေ့သွားသည်။ အေးစိမ့်စိမ့် လေကြောင့် ကြက်သီးများပင် ထသွားသည်။
ပွင့်ဖတ်လေးပေါ် နားနေသည့် ပျားတကောင် တဖြတ်ဖြတ် ခတ်ကာ ပျံထွက်သွားသည်။ သိပ်မကြာ အဝါရောင်နုနု လိပ်ပြာလေးတကောင် ဝဲပျံလာသည်။ အရောင်စုံ လိပ်ပြာလေးများက ဟိုဟိုဒီဒီ ကူးလူးလျက်ရှိနေသည်။
ဘေးဘီကြည့်လိုက်သည်။ အဖြူရောင် အခိုးအငွေ့များက မြင်ကွင်းများကို ရေးရေးလေးသာမြင်ရသည်။ ကိစ္စမရှိပါ။ တပြိုင်တည်း ပွင့်လန်းကြဖို့ အသင့်အနေအထားမှာ ရှိနေကြသည်။
စောင့်ဆိုင်းနေစဉ်အတွင်း မျက်စေ့တဆုံး ရှည်လျားလှသည့် အစိမ်းပုတ်ရောင် တောင်တန်းများကြားမှ နေလုံးကြီး က တဖြည်းဖြည်း တိုးထွက်လာသည်။
ကျမတို့ သိပ် သဘောကျနှစ်ခြိုက်သော မနက်ခင်း နေရောင် ခြည် … နေရောင်ငွေ့ငွေ့ကြောင့် နှင်းထုများ အငွေ့ပျံကာ ရေမှုန်လေး ပြောင်းလဲသွားပြီး ကျမတို့အပေါ် ကျလာသည်။
ကျမတို့အားလုံး ဟေးခနဲ အော်ကာ ပျော်ရွှင်စွာ ကခုန် ပွင့်လန်းလာသည်။ ပျားတွေကလည်း ပျော်နေသည်။ လိပ်ပြာ တွေလည်း မြူးထူးနေသည်။
နှင်းမှုန်နှင်းစက်များက ကျမတို့၏ အဝါရောင်ဝတ်ရုံကို ပိုမို တောက်ပစေသည်။ ပိုမို ပွင့်လန်းလာစေသည်။ လတ်ဆတ် အေးမြကာ ရှင်သန်လာစေသည်။ တနှစ်တာ ခိုအောင်းခဲ့ရပြီး ခြောက်သွေ့နေခဲ့ရသည် မဟုတ်ပါလား …
ကျမတို့အားလုံး ဒီလိုနေ့ ဒီလိုအချိန် ရောက်လာဖို့ တနှစ်တာပတ်လုံး ရင်ခုန်စွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါလား …
တောင်တန်းကြီးတလျှောက် လမ်းဘေးဝဲယာ မျက်စေ့တဆုံး မြင်နေရသည့် အဝါရောင်တောက်တောက် ကျမနှင့် ကျမ ဆွေမျိုးများ … ကျမတို့ကို တယုတယနှင့် လာရောက်ကြည့်ရှုကြမည့် ကျမချစ်သော လူသားများ …
…
ဝုန်းကနဲ မြည်ဟည်းပြီး တုန်ခါသွားသည့် အသံကြောင့် အချင်းချင်းကြည့်ကာ တိတ်ဆိတ်သွားကြသည်။ ပျားကောင် လေးများနဲ့ လိပ်ပြာလေးများက အစိမ်းရောင် အရွက်လေးများကြားထဲ တိုး၀င် ပုန်းခိုလိုက်ကြသည်။
ကြားလိုက်ရသည့် အသံက ကမ္ဘာပျက်မတတ် …
လွင့်စင်ကျလာသည့် မြေမှုန်စများ … ကျောက်ခဲစများကြောင့် တောက်ပနေသည့် အဝါရောင်ပွင့်တ်များ ကြွေကျ ကုန်ကြသည်။ တချို့က ခါးလည်မှ ပြတ်ထွက်ကုန်သည်။ တချို့တော့ အမြစ်ကအစ ကျွတ်ထွက် လွင့်ထွက်လာသည်။
ပျော်ရွှင်မှုများ ရုတ်ခြည်း ပျောက်ကွယ်ကုန်သည်။ သီချင်းသံများအစား ငိုညည်းသံတွေ အစားထိုးဝင်လာသည်။ တ ချို့နေရာမှာ ၀ရုန်းသုန်းကားတွေ ဖြစ်ကုန်ကြသည်။
ကောင်းကင်ယံမှာ ဝဲပျံနေတဲ့ အရာတခုနဲ့အတူ ကျမတို့ဆီ ပြေး၀င်လာနေသော လူအုပ်ကြီး … ကျမတို့ကို ကြည့်ရှူဖို့တော့ မဟုတ်တန်ရာ …
မျက်လုံးများက နာကျင်ကြောက်ရွံ့မှု အပြည့် … ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ် ငိုယိုနေကြသည်။
နှစ်စဉ် ကျမတို့ဆီလာသော ပုံစံမျိုး မဟုတ်ကြ။ သူတို့ခေါင်းတွေ စုတ်ဖွာနေသည်။ အရောင်အဆင်းနည်းသော အနွေး ထည် ခပ်ထူထူတွေ ဝတ်ထားသည်။
အနောက်မှာ တကိုယ်စာ ကျောပိုးအိတ်တွေ လွယ်ထားကြသည်။ တချို့က ဆိုင်ကယ်တွေနှင့် ကျမတို့ကို ကျော်သွား သည်။ တချက်လေးတောင် လှည့်မကြည့်ကြ။
ကျမတို့ကို နင်းခြေ ဖြတ်လျှောက်သွားသည်၊ တွန်းထိုးသွားသည်။ ကျမတို့ကို တယုတယ ကြည့်ရှုကြသော လူအုပ် ကြီး … အခုတော့ သူတို့ကို ကျမတို့ ကြည့်နေရသည်။
မိန်းကလေးတယောက် ကျမကို လာကိုင်သည်။ ကျမ ပြုံးပြလိုက်သည်။ သို့သော် ကျမအပြုံးကို မြင်မသွားပါ။ ခပ်မြန် မြန်ပင် ပြေးသွားသည်။
ကမ္ဘာကြီး ပျက်သွားသည်ဟု ထင်မှတ်ရလောက်သည့် အသံကို ထပ်ကြားလိုက်ရသည်။ ထပ်ပြီး မြေမှုန့်များ လွင့်စင် လာသည်။ ကျောက်ခဲတုံးကြီးတွေပါ ပါလာသည်။ ကျမ ပွင့်ဖတ်အချို့ ပျက်စီးသွားသည်။ စေးပျစ်ပျစ်အရည် များ ကျမပွင့်ဖတ်ပေါ် လွင့်စင်လာသည်။
အနီရောင်တွေ … ကျမတို့က အဝါရောင်တွေလေ … အနီတွေက …
ကျမ လှည့်ပတ်ကြည့်လိုက်သည်။ ကျမမိတ်ဆွေတွေ၊ ဆွေမျိုးတွေလည်း အနီရောင် ဖြစ်နေကြသည်။ ကျမ လန့်သွားသည်။ ကျမတို့က အဝါရောင်တွေလေ … အနီရောင်တွေက …
အနီတွေက နာမည်တွေနဲ့ … လက်ဖျံတဲ့ … ပေါင်ရင်းတဲ့ … ခြေထောက်တဲ့ … တချို့အနီတွေက အသက်တွေနဲ့ … တချို့ အနီတွေကတော့ နာမည်ရှိတယ်။
အို … ကျမခြေရင်းမှာ ကျမအပြုံးကို မြင်မသွားရတဲ့ မိန်းကလေး …
သူ့အနီကရော … အသက်တော့ မတွေ့ရ … ဪ … မျက်လုံး ဦးခေါင်း ခြေထောက် တဲ့ …
လေအေးလေး တချက်ဝေ့သွားသည်။ အေးစိမ့်စိမ့်လေကြောင့် ကြက်သီးများပင် ထသွားသည်။
မိန်းကလေး ကျမကို ငုံ့နမ်းသွားသည်။
Be the first to comment