”အပြောင်းအလဲကို စီမံခြင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
နိုင်းဝမ်းဝမ်း (စက်တင်ဘာ ၁၁< ၂၀၀၁) ဟာ ၂၀ ရာစုစစ်ပွဲတွေရဲ့ အစဖြစ်တယ်။ ဒါပေမယ့် ရှေ့ရာစုမှာဖြစ်တဲ့ စစ်ပွဲတွေနဲ့တော့ အများကြီး ကွာခြားသွားခဲ့တယ်။ ကမ္ဘာစစ်တွေလို နိုင်ငံတွေ အုပ်စုဖွဲ့ တိုက်ကြတာမျိုး မဟုတ်သလို စစ်အေးလိုနိုင်ငံတွေ အုပ်စုဖွဲ့ (နျူကလီးယားစစ်ကို အကြောင်းပြ ခြိမ်းခြောက်ပြီး) ဆိုင်ထားကြတာမျိုးလည်း မဟုတ်ဘူး။ စစ်က အမေရိကန်လို နိုင်ငံ (State) နဲ့ အယ်လ်ခိုက်ဒါး၊ အိုင်အက်စ်အိုင်အက်စ်တို့လို (Non-State) တွေကြား ဖြစ်တာဖြစ်တယ်။
‘ပြောင်းလဲနေတဲ့ စစ်ပွဲတွေ’
ဒါပေမယ့် ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေပေါ်မှာ အပြင်းထန်ဆုံး စစ်ပွဲတခု ပြန်ပေါ်ပေါက်လာတယ်။ ထရမ့်ပေါ်လစီအကျိုးဆက်မှာ ဥရောပဟာ စစ်ပြင်ဖို့ ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်လာတယ်လို့ လက်ခံလာကြတယ်။ စတင် ဆောင်ရွက်လာတာလည်း တွေ့ရတယ်။
ယူကရိန်းစစ်နောက်မှာ ဟားမားစ်ရဲ့ ဂါဇာထိုးစစ် (အောက်တိုဘာ ၂၀၂၃) နဲ့ အစ္စရေးလ် လက်တုန့်ပြန်စစ်ပွဲတွေ၊ အစ္စရေးလ်ရဲ့ အီရန် နျူကလီးယားစက်ရုံတွေကို တိုက်တဲ့စစ်နဲ့ အီရန် လက်တုန့်ပြန်တိုက်ပွဲတွေ (ဇွန် ၂၀၂၅) ဖြစ်ခဲ့တယ်။
နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကြားက စစ် (အကြမ်းဖက်တိုက်ဖျက်ရေးစစ်လို့ သတ်မှတ်တဲ့ war on terror)၊ နိုင်ငံတွေက အဖွဲ့အစည်းတွေကိုတိုက်ဖို့ စီစဥ်နေတဲ့စစ်ပွဲတွေ (ကျားဖြန့်၊ အွန်လိုင်းဝက်ဘ်တွေကို ထိန်းချုပ်တဲ့ အော်ပရေးရှင်းတွေကနေ မြေပြင်အထိုင်စခန်းတွေကို ချေမှုန်းတဲ့တိုက်ပွဲတွေ) ကနေ နောက်ဆုံး ဒီကနေ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကို ကမ္ဘာကြီးဟာ အထိတ်တလန့် မြင်တွေ့ခဲ့ရတယ်။ ၂၀၂၀ ဆယ်စုနှစ်ရဲ့ စစ်ပွဲတွေဟာ ပုံစံမျိုးစုံနဲ့ ဖြစ်ထွန်း ကျယ်ပြန့်လာခဲ့တာဖြစ်တယ်။
ဒီလိုအခြေအနေတွေနဲ့အတူ ၂၀၂၀ ဆယ်စုနှစ်ကို စစ်ပွဲတွေနဲ့ ကနဦး လှုပ်နိုးခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၂၀၂၅ အကုန်မှာ ထင်ရှားတဲ့ အပြောင်းအလဲတွေကို ဖြတ်သန်းလာခဲ့တယ်။ ဒီအပြောင်းအလဲတွေဟာ စစ်ပွဲတွေပေါ်မှာ တိုက်ရိုက်မဟုတ်ဘဲ စစ်နဲ့ နိုင်ငံရေးကို ကိုင်တွယ်စီမံခန့်ခွဲမယ့် အဖွဲ့အစည်းပိုင်းဆိုင်ရာ အပြောင်းအလဲတွေဖြစ်တာကို တွေ့ရတယ်။
‘အဖွဲ့အစည်းပိုင်းပြောင်းလဲမှုကို စီမံခြင်း’
ပထမဆုံး ထင်ရှားတဲ့ အပြောင်းအလဲကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပြောင်းအလဲနဲ့ စတင်ခဲ့တယ်။ သိသာလှတဲ့ အပြောင်းအလဲ မဟုတ်ခဲ့ပေမယ့် ယာယီသမ္မတရဲ့ ဒီဇင်ဘာ ၁၈ မိန့်ခွန်းအရ ဖက်ဒရယ်ဦးစီးကောင်စီ (Federal Supreme Council) တခုပေါ်ပေါက်ရေး အထူး အားစိုက်နေတယ်လို့ သိရတယ်။ ဆိုတော့ ဆက်လက် ပြောင်းလဲဦးမယ်ဆိုတဲ့ သဘောဖြစ်တယ်။ နောက်ထပ်အပြောင်းအလဲက မြေပြင်တော်လှန်ရေးအဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းဖွဲ့စည်းတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA – Spring Revolution Alliance) ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်နိုင်တယ်။
ဒီအပြောင်းအလဲတွေရဲ့အပေါ်ကနေ ပေါ်ထွက်လာမယ့် နောက်ထပ်အပြောင်းအလဲကတော့ ၂ ပတ်စီခွဲပြီး အဆင့် ၃ ဆင့် (ဒီဇင်ဘာ ၂၈၊ ဇန္နဝါရီ ၁၁ နဲ့ ဇန္နဝါရီ ၂၅) နဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲကိုအဆင့် ၃ ဆင့်ခွဲပြီး ပြုလုပ်ရတယ်ဆိုကတည်းက ရွေးကောက်ပွဲကို ခက်ခက်ခဲခဲ ကြိုးစား ပြုလုပ်ရတယ် ဆိုတဲ့သဘောက ထင်ရှားပြီးသားဖြစ်တယ်။ သို့ပေမယ့် ဒီရွေးကောက်ပွဲမှာ ရွေးကောက်ပွဲက အခရာမဟုတ်ဘဲ ရွေးကောက်ပွဲအပြီးဖြစ်လာမယ့် စစ်တပ်ရဲ့ ပြောင်းလဲသွားမယ့် စစ်ရေးနဲ့ အုပ်ချုပ်ရေးပုံစံတွေဖြစ်တယ်။ ၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲကြောင့် စစ်တပ်အတွင်း အုပ်ချုပ်ရေးနဲ့ လွှတ်တော်အကြား အက်ကြောင်းထင်ခဲ့သလို ၂၀၂၅ ရွေးကောက်ပွဲရဲ့သက်ရောက်မှုကို စစ်တပ်အတွင်း ပုံစံတမျိုးမျိုးနဲ့ တွေ့ကြရနိုင်တယ်။
ပြောင်းလဲလာမယ့် အဖွဲ့အစည်းတွေအတွင်းမှာ ရွေးကောက်ပွဲနောက်ပိုင်း အပြောင်းအလဲဟာ ရှေ့မှာ နမူနာရှိပြီးသားဖြစ်ပေမယ့် ဖက်ဒရယ်ဦးစီးကောင်စီ (FSC) နဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) တွေကတော့ ရှေ့မှာအတွေ့အကြုံမရှိသေးတဲ့ ပြောင်းလဲမှုတွေဖြစ်လို့ မြေပုံမရှိတဲ့ နယ်မြေသစ်တွေထဲကို စူးစမ်းတိုးဝင်ရမယ့် သဘောမျိုးဖြစ်တယ်။
‘တဦးချင်း၊ ပရောဂျက်နဲ့ အဖွဲ့အစည်း’
အပြောင်းအလဲတွေ တိုးတက်မှုမရှိတာဟာ ပြောင်းလဲရမှာကို ကြောက်လို့မဟုတ်ဘဲ ဘာကြောင့် ပြောင်းရတာလဲဆိုတာကို မသေချာတာ (Awareness) နဲ့ အရင် အဖွဲ့အစည်း တည်ဆောက်မှုပုံစံနဲ့အသားကျနေတာ (Behavior) ကြောင့် ဖြစ်တယ်။ ဒါကြောင့်တဦးချင်းစီမှာ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲနဲ့ အမူအကျင့်ပိုင်းမှာ ဘယ်လိုပြောင်းရမလဲဆိုတာဟာ ပထမဆုံး အရေးပါတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်ဟာ ပြင်ဆင်ချဥ်းကပ်တဲ့အဆင့် (Start) ဖြစ်တယ်။
ဒုတိယအဆင့် (Structure) ဟာ တဦးချင်းနဲ့ အဖွဲ့အစည်းခွဲတခုစီဟာ အကောင်အထည်ဖော်ရမယ့်မစ်ရှင် (ပရောဂျက်) ကိုမူတည်ပြီး ဘာတွေ ပြောင်းလဲရမလဲ ဆိုတာဖြစ်တယ်။ ဒီအဆင့်မှာ အပြောင်းအလဲကို စီမံခန့်ခွဲတဲ့အဆင့်ထဲ ရောက်ရှိလာတာဖြစ်တယ်။ ဒီအဆင့်ပြီးတဲ့ နောက်ဆုံးအဆင့်ဟာ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ပြန်လည် သုံးသပ် စီမံတာဖြစ်တယ်။ အဖွဲ့အစည်းသစ်ကို ရေရှည်တည်တံ့စေဖို့ (Sustain) ဖြစ်တယ်။
အဆင့် ၁ တဦးချင်းပြောင်းလဲမှု၊ အဆင့် ၂ ရည်ရွယ်ချက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အဖွဲ့အစည်းတည်ဆောက်ပုံအသစ်နဲ့ အဆင့် ၃ ရေရှည်တည်တံ့မှုတို့ ဖြစ်တယ်လို့ အကျဥ်းချုပ်ပြောနိုင်တယ်။
‘၂၀၂၆’
လက်ရှိ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အရေးအပါဆုံး အချက် ၂ ချက်ဟာ ပြည်တွင်းစီးပွားရေး (ဘတ်ဂျက်လိုငွေ) နဲ့ အလုပ်အကိုင်အခြေအနေတွေကို ပြန်လည်ထူမတ်ဖို့နဲ့ နိုင်ငံတကာမှာ တရုတ်ပါဝါကို ထိန်းချုပ်ထားဖို့၊ နိုင်ငံရေးအရ သံတမန်ရေးအရ ဆွဲချနိုင်ဖို့ဖြစ်တယ်။ ယူကရိန်းစစ်မှာ ရုရှနဲ့ စစ်ဆိုင်ထားဖို့ ဥရောပကို ဖိအားပေးနိုင်ခဲ့သလို ထိုင်ဝမ်အရေးမှာ ဂျပန်ကို ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်တယ်။ ဖြစ်နိုင်ရင် ယူကရိန်းအစိတ်အပိုင်းတချို့ကို ထိုးကျွေးပြီး ရုရှကိုပြန်ထိန်းရင်း တရုတ်ကို အထီးကျန်ဖြစ်စေရေးဖြစ်တယ်။
ဒုတိယကမ္ဘာစစ်ရဲ့ ဝင်ရိုးတန်းစစ်အင်အားတွေ ပြန်လည်ထွက်ပေါ်လာဖို့ တာစူနေပြီဖြစ်တယ်။ တပြိုင်တည်းမှာ အမေရိကန်ကိုယ်တိုင်ဟာ စစ်ပြင်ဆင်မှာဖြစ်တယ်။ စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေခြင်းဟာ စစ်ပွဲကိုတားဆီးနိုင်တဲ့ အကောင်းဆုံးမဟာဗျူဟာအဖြစ် ယူဆထားပုံပေါ်တာ တွေ့ရတယ်။
ဒီနိုင်ငံတကာ နောက်ခံကားချပ်မှာ နွေဦးအတွက် နှစ်သစ်ဟာ ချဥ်းကပ်ရောက်ရှိလာပြီဖြစ်တယ်။ အပြောင်းအလဲဟာ လူတွေ၊ အဖွဲ့အစည်းတွေကို နောက်ခံအခင်းအကျင်း (အချိန်ကာလ၊ နယ်မြေအတက်အကျနဲ့ အခြေအနေ) တွေပေါ် မူတည်ပြီး တောင်းဆိုနေမှာဖြစ်တယ်။ အပြောင်းအလဲဟာ လက်တွေ့ သင်ယူဖြတ်သန်းရတဲ့ တော်လှန်ရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
