အမေရိကန်အလှည့်အပြောင်း (၂)

by The Call

“အမေရိကန်အလှည့်အပြောင်း (၂)”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်

အမေရိကန် အကြွေးထူတယ်ဆိုပေမယ့် သူ့ဂျီဒီပီကလည်း အတော်များတယ်။ ကမ္ဘာမှာ အကြီးမားဆုံး ဂျီဒီပီကို ပိုင်ဆိုင်တယ်။ ၂၀၂၅ ခန့်မှန်းစာရင်းက ၂၇ ထရီလီယံနီးပါး ရှိတယ်။ နိုင်ငံအသီးသီးက ထုတ်ရောင်းထားတဲ့ ဘွန်းတွေ၊ အာမခံစာချုပ်တွေကို ပြန်ဆပ်နိုင် မဆပ်နိုင်ကို နိုင်ငံတွေရဲ့ကြွေးမြီနဲ့ ဂျီဒီပီကြား ခန့်မှန်း ချိန်ဆကြတယ်။

‘အကြွေးနဲ့ စုစုပေါင်း အသားတင်ဝင်ငွေအချိုး’
လက်ရှိ အမေရိကန်ရဲ့ အကြွေးနဲ့ ဂျီဒီပီအချိုးဟာ ၁၂၀% လောက်မှာရှိတယ်။ ပုံမှန်မှာ ကြွေးနဲ့ ဂျီဒီပီအချိုး ၇၀% လောက်ပဲ ရှိတယ်ဆိုရင် ပြန်ဆပ်နိုင်မယ်။ ဒီရာနှုန်းထက် ပိုများလေ ကြွေးဆပ်ဖို့ ခဲယဥ်းလာလေပဲလို့ စီးပွားရေးပညာရှင်တွေရဲ့ ယေဘုယျ သတ်မှတ်ထားချက်ရှိတယ်။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၄၆ မှာ ဒီအချိုးက ၁၀၆% ရှိပြီး (စစ်အသုံးစရိတ်ကြောင့်ဖြစ်တယ်)၊ ၁၉၇၀ ခုနှစ်တွေမှာ ၃၀ နဲ့ ၄၀ ကြား ပြန်ထိန်းထားနိုင်တယ်။

၁၉၈၀ နောက်ပိုင်းမှာ တရိပ်ရိပ်တက်လာပြီး ၂၁ ရာစုမှာ ကြီးမားတဲ့ အကျပ်အတည်းနှစ်ခုကို ရင်ဆိုင်ရတယ်။ ပထမတခုက ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း (World Financial Crisis) ဖြစ်ပြီး စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကြီး (Great Recession) လို့လည်းခေါ်ကြတယ်။ နောက်တခုက ကိုဗစ် ၁၉ ပါ။ ကိုဗစ် ၂၀၁၉ နောက်ပိုင်း အမေရိကန်ဂျီဒီပီဟာ ၂၀၂၀ မှာ အဆိုးဝါးဆုံးနှစ်ဖြစ်ခဲ့တယ်။ ကိုဗစ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဘိုင်ဒင် လက်ထက်မှာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ကြွေးနဲ့ ဂျီဒီပီအချိုးဟာ လက်ရှိအချိုးဖြစ်တဲ့ ၁၂၀% ပတ်ဝန်းကျင်မှာ ဖြစ်လာတယ်။ (မှတ်ချက် – ဂျီဒီပီမှာကိုပဲ တချို့က ပီ ၃ လုံး – Purchasing Power Parity သုံးပြီး တွက်တာရှိတယ်။ ကုန်ပစ္စည်းတွေကိုအခြေခံတဲ့ ငွေလဲနှုန်းတွေကိုအသုံးပြုတဲ့နည်းပါ။ ဒီအကြောင်းပြောမှာမဟုတ်လို့ အကျယ်မပြောတော့ပါ။ ခု ဒီမှာပြောတဲ့ ကိန်းဂဏန်းတွေဟာ ပုံမှန်ဂျီဒီပီ အသုံးကိုပဲယူပြီး ဖော်ပြတာဖြစ်တယ်။)

နောက်ဆုံး လွယ်အောင်ပြောရရင်တော့ ဝင်ငွေနဲ့ အကြွေးကြားက အချိုးကိုကြည့်ပြီး ဆုံးဖြတ်တာပဲဖြစ်တယ်။ ကြွေးဘယ်လောက်ရှိရှိ နိုင်ငံတနိုင်ငံဟာ သူ့ငွေကို (ဘွန်းအဖြစ်) လွတ်လွတ်လပ်လပ် ရိုက်ထုတ်ရောင်းချနိုင်သမျှ အကြွေး ပြန်မဆပ်နိုင်ဘူးဆိုတာမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်တဲ့ စီးပွားရေးပညာရှင်များလည်း ရှိပါတယ်။ ဒီအတွေးအခေါ်ဟာ မော်ဒန် ငွေကြေးသီအိုရီအရ ပေါ်ထွက်လာတာဖြစ်တယ်။ ဒီနေ့ခေတ်စီးပွားရေးကို အကြွေးကမောင်းနှင်တယ်လို့ သူတို့ကသတ်မှတ်တယ်။ ဥပမာ ဂျပန်ဟာ အကြွေးနဲ့ဂျီဒီပီအချိုး ၂၅၀% လောက်ရှိတယ်။ လက်ရှိ အမေရိကန်ဘွန်း အများဆုံးဝယ်ထားတဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမယ့် ဒီ အချိုးအမြင့်ဆုံး နိုင်ငံအနည်းငယ်ထဲမှာ ပါတယ်။ ဥပမာ အာဆီယံမှာ ထိပ်ပဲလို့ဆိုတဲ့ စင်္ကာပူဆိုရင် လက်ရှိမှာ ကြွေး ဂျီဒီပီအချိုးက ၁၅၀% လောက် ရှိနေတယ်။ ဆိုတော့ အမေရိကန်အကြွေးက ဘာမှမဟုတ်သေးဘူးလို့ ယူဆထားသူတွေလည်း ရှိနိုင်တယ်။

‘သီးခြားဝါဒမှ အင်ပါယာသို့’
ထရမ့်လက်ထက်မှာ ထင်ရှားလာတဲ့ အလှည့်အပြောင်းတခုက အမေရိကန် သီးခြားဝါဒကနေ နယ်မြေချဲ့ထွင်မှုအပေါ် တိမ်းညွတ်လာချက်ဖြစ်တယ်။ အမေရိကန်သီးခြားဝါဒ (American Exceptionalism) ဆိုတာကို အတိုချုပ်ပြောရရင် အမေရိကန်တော်လှန်ရေး၊ အမေရိကန်လွတ်လပ်ရေး၊ အမေရိကန်ဖွဲ့စည်းပုံစတဲ့ သမိုင်းကြောင်းအရ အမေရိကန်တွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်တန်ဖိုးထား မြှင့်တင်ခဲ့မှုတွေကို အခြေခံတယ်။ ပြီးမှ အဲဒီကနေ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံနဲ့မှမတူတဲ့ သီးခြားချွင်းချက် အသိအမှတ်ပြု လက်ခံရမယ့် နိုင်ငံနဲ့လူမျိုး ဖြစ်တယ်လို့ ကောက်ယူတာဖြစ်တယ်။

ဂျေဒီဗင့်စ်ရဲ့ မြူးနစ်မှာ ဥရောပခေါင်းဆောင်တွေကို ပြောတဲ့မိန့်ခွန်းနဲ့ ထရမ့်ရဲ့ ကနေဒါကို ၅၁ ခုမြောက်ပြည်နယ် လုပ်မလား ကမ်းလှမ်းချက်တွေဟာ ဒီအမေရိကန်ခြွင်းချက်အယူအဆ ရှိတယ်လို့ သက်သေပြသလိုဖြစ်တယ်။ ဒီအယူဝါဒမှာ အခြေခံတယ်လို့ ယူဆစရာဖြစ်တယ်။ အမေရိကန်တွေပြောတာ နားထောင်၊ အမေရိကန်တွေ တန်ဖိုးထားတာတွေကို အလေးထား၊ အမေရိကန်နိုင်ငံထဲ ဝင်ရတာ၊ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစရာပါလို့ ဆိုတဲ့သဘောပဲ။

ဒါပေမယ့် အမေရိကန်သီးခြားဝါဒမှာ အမေရိကန်ဟာ ဒီအရည်အချင်းတွေနဲ့ သမိုင်းကြောင်းကြောင့် ကမ္ဘာမှာ ထိပ်တန်းဖြစ်တယ်၊ အမေရိကန်ဦးဆောင်မှုကိုနာခံရမယ် ဆိုတာနဲ့အတူ အမေရိကန်က ကမ္ဘာကြီးကို စောင့်ရှောက်ပေး၊ ထိန်းသိမ်းပေးရမယ်ဆိုတဲ့ သဘောထားပါ ပါရှိတယ်။ ဒါပေမယ့် ဒီတာဝန်ယူရမယ့်အပိုင်းကိုတော့ ထရမ့်အစိုးရက စွန့်ပစ်ပြီး အမေရိကန်ကို ဒေသတွင်းမှာ ပိုမိုအားကြီးအောင် တည်ဆောက်သွား၊ ချဲ့ထွင်သွားမယ်ဆိုတဲ့ အယူအဆ (American Expansionism) ဘက်ကို ဦးတည်လာတာတွေ့ရတယ်။

ဒါကြောင့်မို့ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ်အဖြစ် ကမ်းလှမ်းတာ၊ ပနားမားတူးမြောင်းကို ပြန်ယူမယ်လို့ပြောတာ၊ ဂရင်းလင်းကို ဝယ်မယ်လို့ အသံလွှင့်တာတွေကို လုပ်လာတာဖြစ်တယ်။ ဒါပေမယ့် ဒီအသံတွေအားလုံးရဲ့ နောက်ကွယ်မှာ ထရမ့်အစိုးရရည်ရွယ်ချက်က နယ်မြေချဲ့ထွင်ရုံသက်သက် မဟုတ်ဘဲ ကနေဒါရဲ့ နိုင်ငံအကျယ်အဝန်းနဲ့ သယံဇာတတွေ၊ ကနေဒါရဲ့ ယူအက်စ်ကဝယ်ထားတဲ့ ဘွန်းတွေ၊ ဂရင်းလင်းရဲ့ မရှာဖွေ မတူးဖော်ရသေးတဲ့ သယံဇာတတွေနဲ့ တရုတ်ကုမ္ပဏီတွေ ပနားမားတူးမြောင်းရဲ့ ဆိပ်ကမ်းတွေကို ဝင်ရောက်လုပ်ကိုင်လာတာတွေကို တန်ပြန်လာတာဖြစ်တယ်။ ဆင်းရဲပြီး ရာဇဝတ်ထူပြောတဲ့ တောင်အမေရိကဘက်ခြမ်းကို ခြံခတ်ပြီး မြောက်အမေရိကတတိုက်လုံးကို အမေရိကန်အဝန်းအဝိုင်းထဲ ထည့်သွင်းဖို့ အိပ်မက်မက်လာတာ ဖြစ်တယ်။

ဒီနည်းနဲ့ အမေရိကန်ပါဝါကို ပြန်လည် သွေးသစ်လောင်းဖို့ ကြိုးစားလာတဲ့ သဘောထားကို ဖွင့်လှစ်ပြတယ်။ ဒီလို အမေရိကန်အထီးတည်း ပြန်လည်ချွန်ထွက် မွေးဖွားလာဖို့အတွက် ထရမ့်အစိုးရဟာ ဒီမိုကရက်တွေရဲ့ မဟာမိတ်နိုင်ငံခြားရေးပေါ်လစီ (ဥပမာ ဥရောပကို) ပစ်ပယ်ခဲ့တယ်။ အမေရိကန်ဟာ အားလုံးကို စျေးကွက်နဲ့ စီးပွားရေးသဘောထားအရပဲ ကြည့်မြင်လာတာဖြစ်တယ်။ အမေရိကန်အင်ပါယာ သဘောထားဟာ အရင်ရာစုနှစ်အဟောင်းတွေက ဥရောပသားတွေ ကျင့်သုံးခဲ့တဲ့ ကိုလိုနီဝါဒ သဘောထားမျိုးနဲ့တော့ မတူဘူး။ ခေတ်တွေကလည်း ကောင်းစွာ ခြားနားခဲ့ပြီဖြစ်တယ်။ ဒီ အင်ပါယာအယူအဆမှာ အမေရိကန်ဟာ ရုရှားကို ပြန်ဆွဲ တည့်မတ်ပြီး တရုတ်တနိုင်ငံတည်းကိုပဲ ထိပ်တိုက်ယှဥ်ပြိုင်မှု လုပ်သွားမလားဆိုတဲ့ ပထဝီနိုင်ငံရေး သဘောထားကိုတော့ ရှေ့မှာ ပိုပြီး သဲကွဲစွာ တွေ့မြင်လာရမလား စောင့်ကြည့်ရမှာဖြစ်တယ်။

‘ထရမ့်ရဲ့ နိုင်ငံရေး စီးပွားရေး အိုင်ဒီယော်လော်ဂျီ’
ထရမ့် ဒုတိယသက်တမ်းအစ ၂၀၂၅ ဇန်နဝါရီမှာ ဖူကူယားမားကို အီရမ်ဘရမ်းမား (Ground Zero Media) က အင်တာဗျူးတခုလုပ်တယ်။ မေးခွန်းတခုက ထရမ့်လက်ထက်မှာ ဒီမိုကရေစီရဲ့အလားအလာ ဘယ်လိုရှိမလဲ ဆိုတာဖြစ်တယ်။ ဖူကူယားမားပြောတာက ဒီမိုကရေစီကို သူမပူဘူး။ ဒါပေမယ့် လစ်ဘရယ် သဘောတရားတွေကတော့ ထိခိုက်လာတော့မှာဖြစ်တယ်လို့ ဖြေတယ်။ လစ်ဘရယ်လို့ပြောရင် နိုင်ငံတကာမှာ လတ်တလော သုံးပိုင်းခွဲပြီး ပြောလာကြတာရှိတယ်။

ရှေးရိုးလစ်ဘရယ် (Classical Liberal) က စျေးကွက်ကို သူ့သဘောအတိုင်း လွှတ်ထားပေးတဲ့ အဒမ်စမစ်ရဲ့ (Laissez-Faire) ဖြစ်တယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဘရိုက်တန်ဝုဒ် (၁၉၄၄) နဲ့ပေါ်လာတဲ့ ကိန်း ဘောဂဗေဒက အစိုးရကဝ င်ရောက်ထိန်းကျောင်းဖို့ လိုတယ်လို့ အကြံပြုတယ်။ အခု ထရမ့် ထွက်မယ်လို့ပြောနေတဲ့ နိုင်ငံတကာ‌ငွေကြေးရံပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Band) တို့ဟာ ဘရက်တန်ဝုဒ်နဲ့ ပေါ်လာပြီး စစ်ပြီးခေတ်စီးပွားရေးကို အမေရိကန် ဦးဆောင် (ဒေါ်လာနဲ့) မောင်းနှင်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအဖွဲ့အစည်းတွေကသာ တကယ်ထွက်ပြီဆိုရင် စစ်ပြီးခေတ် အမေရိကန်လစ်ဘရယ်အစဥ်အလာ (Liberal World Order) ဟာ ပြီးဆုံးသွားပြီလို့ ပြောနိုင်တယ်။

နှစ် ၃၀ လောက်အရင်းစနစ်ရဲ့ အတောက်ပဆုံးအချိန်တွေကို ဖြတ်သန်းပြီး ၁၉၇၀ ပြည့်နှစ်တွေ (၁၉၇၃ နောက်ပိုင်း) မှာ နီရိုလစ်ဘရယ် (Neoliberal) အယူအဆဟာ ရှေးရိုးလစ်ဘရယ်ကို ပုံစံတမျိုးနဲ့ ပြန်စနိုင်ခဲ့တယ်။ စီးပွားရေးပညာရှင်တွေက ဟိုင်းယက်နဲ့ မီတန်ဖရိုက်မင်းတို့ဖြစ်ပြီး အစိုးရကပြဿနာ၊ စျေးကွက်ကအဖြေဆိုပြီး စျေးကွက်လွတ်လပ်မှုကို အမြင့်ဆုံး မြှင့်တင်ခဲ့ကြတယ်။ ဒါကြောင့် ထရမ့်ဟာ စီးပွားရေးအရ အစဥ်အလာ လစ်ဘရယ်နဲ့ကော နီရိုလစ်ဘရယ်နဲ့ပါ ပြဒါးတလမ်း သံတလမ်းဖြစ်တယ်။ ဒါဆိုရင် နိုင်ငံရေးအရကော ဘယ်လိုရှိသလဲ။

 

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment