
“အရာအားလုံးကို ချန်ထားရစ်ပြီးတဲ့နောက်”

မေမေက အခွေတွေအားလုံး အမှိုက်ပုံးထဲကို ထည့်လိုက်တော့မည်ဟု ပြောတော့ ကျနော့်စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားသည်။ မနေ့တုန်းကတော့ ကျနော်ကပဲ စိတ်လိုလက်ရနှင့် အမေရေ အဲဒီအခွေတွေရော စာအုပ်တွေရော လွှင့်ပစ်လိုက်တော့ဟု ပြောဖြစ်ခဲ့သည်။ ယခုတော့ ကျနော့်မှာ ကြည်ကြည်ဖြူဖြူ ဖြစ်မသွား။ အိမ်အောက်က အခန်းကလေးထဲကို ပြေးသွားမိသည်။ လွန်ခဲ့သော ရှစ်နှစ် ကိုးနှစ်လောက်က စုဆောင်းထားခဲ့သော DVD အချပ်တွေမှာ အခန်းထဲတွင် အထပ်လိုက်။ ရှိစုမဲ့စု လစာကလေးထဲက၊ မေမေပေးသော မုန့်ဖိုးကလေးတွေထဲက ပိုက်ဆံကလေးတွေနှင့် ဝယ်ထားသည့် အခွေကလေးတွေ။ သားဖြစ်သူ ကျနော့်ကို သီတင်းကျွတ်ပွဲတော်၌ အင်္ကျီ သောင်းကျော်တန်လေးကို ဝတ်ဆင် စေလိုသောဆန္ဒနှင့် မေမေက ပိုက်ဆံထုတ်ပေးခဲ့သော်လည်း အင်္ကျီဝယ်ချမလာဘဲ အဲဒီ အခွေတွေ၊ ဝတ္ထုစာအုပ်တွေ ဝယ်လာသဖြင့် ဆူခံထိဖူးသည့် အချိန်တွေကိုပါ ပြန်ပြောင်း သတိရမိပြန်သည်။
နောက် စာအုပ်ပုံကလေးထဲက သူမ၏ လက်ရေးစာအုပ်ကလေးပါသည့် ကျောင်းသုံး ဗလာစာအုပ်ကလေးတွေ။ သူမလည်း သိမည်မထင်။ သူမ မသိအောင် တဘက်သတ် ခိုးယူထားသည့် အမှတ်တရများဖြစ်သည်။ စာအုပ်ကလေးလှန် လိုက်တော့ လက်ရေး သေးသေးကွေးကွေးလေးတွေ၊ ပန်ဆင်ပြီး ညှိုးနွမ်းပြီသဘောနှင့် ပစ်ချထားခဲ့သော ကြက်ရုံးပန်းခြောက်ကလေး တပွင့်ကပါ စာအုပ်ထဲမှာ အချပ်လိုက်ကလေး။ နောက် သူမကိုယ်တိုင်ရေးတာတော့ မဖြစ်နိုင်။ ဘယ်က ကြားဖူးနားဝ သယ်လာပုံရသည့် စာစုကလေးတွေပါ မြင်ရသည်။ ပညာဆိုတဲ့ ဘဝပင်လယ်ကြီးထဲမှာ ဖြတ်ကူးနေရင် အချစ်ဆိုသည့် ကျောက်ဆောင်ကြီးကို ဝင်မတိုက်ရ။ ဪ … ဟုသာ ကျနော့်မှာရေရွတ်ရင်း ကိုယ့် ကိုယ် ချာတိတ်ဘဝ ပြန်ရောက်သွားပုံကိုတွေးရင်း ဆွေးမိသွားသည်။ မှိုင်တွေတွေမျက်နှာပေး ဖြစ်သွားသည့် ကျနော့်ဟန်ပန်ကို မေမေကမြင်တော့ နားလည်ပုံရသည်။ မပစ်တော့ဘူး၊ ထားလိုက်မယ်ဟု ပြောသည်။
Happy Old Year ကို ကြည့်ရတော့ ကျနော့်စိတ်များသည် ရုပ်ရှင်နှင့်အတူ အတိတ်ကိုပါ ပြန်မျောသွားပြန်သည်။ ကျနော်တို့၏ Recycle Bin များအတွင်း၌ Delete လုံးဝလုပ်ပစ်ရမည်ဖြစ်သော အမှိုက်သရိုက်တွေ ဘယ်လောက် တောင် ပုံနေပြီလဲ မသိ ဆိုတာကို ဒီရုပ်ရှင်က သတိလာပေးသည်။ ကျနော်တို့မှာ အတိတ်က မမ်မိုရီအကြွင်းအကျန် များကို ဖျက်မပစ်နိုင်။ Recycle Box အတွင်းကနေ ထပ်တလဲလဲနှင့် Retake ပြန်လုပ်မိနေကြသည်။ တကိုယ်ရည်စာ သယ်ဆောင်မှုဆိုသော သင့်အနေဖြင့် အာကာသထဲကို ခရီးထွက်မည်ပြုလျှင် ရွက်ဖျင်တဲတွေ၊ မိတ်ကပ်ဗူးတွေ၊ အခြား တိုလီမုတ်စ အဆောင်အယောင်တွေနှင့် ဆယ်လ်ဖီရိုက်ဖို့ တုတ်တံကစလို့ ယူလို့မရ။ အတွင်းခံဘောင်းဘီ တထည်နှင့် သွားပွတ်တံ တချောင်းလောက်သာလျှင် အဆင်ပြေသည်ဆိုသော စကားတခုကို ပြန်ပြောင်းအောက်မေ့မိပြန်သည်။ သို့ရာတွင်မူ ကျနော်တို့၏စိတ်များ၊ စိတ်ပြင်ပက ရုပ်ပိုင်းဆိုင်ရာ တပ်မက်မှုများအတွက် မလိုအပ်သော အပရိကများ၊ မမ်မိုရီအဟောင်းများနှင့်အတူ လေးပင် နစ်မြုပ်နေကြလေပြီ။
လူတယောက်အဖို့ တနှစ်တာပတ်လုံးအတွက် အင်္ကျီအဝတ်အစား ဘယ်မျှလောက်အထိ ဝယ်ယူဝတ်ဆင်ဖို့ လိုအပ်ပါသလဲ။ သုံးစွဲဖို့ လိုအပ်မည်အထင်နှင့် မလိုအပ်ဘဲ ပိုနေသော ပစ္စည်းတိုလီမိုလီများသည် ပြည့်နှက်နေသည်။ ကမ္ဘာကြီးမှာပါ ဒီလို လူသားများ၏ အပိုပစ္စည်းများကိုပါ မဆီမဆိုင် ပုခုံးထမ်းထားရရင်း အဆုတ်အိမ်အတွင်းက မီးခိုးငွေ့များ ခိုအောင်းနေသကဲ့သို့ မွန်းကြပ်ပြည့်အယ်နေကြပြီ။ သည်ရုပ်ရှင်မှာ ကျနော်ခံစားလိုက်ရသည်က ယင်းအချက် များသာ ဖြစ်ပါသည်။
ဇာတ်ဆောင်မိန်းကလေးသည် ဆက်လျှောက်ရဦးမည်ဖြစ်သော ဘဝနေ့ရက်သစ်များအတွက် ဝါဂွမ်းစိုင်ကလေးတခု ၏ လွတ်လပ်ပေါ့ပါးမှုများကဲ့သို့ တွဲလွဲခိုလာခဲ့သော ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းပစ္စယများ၊ စိတ်ပိုင်းဆိုင်ရာ အတွင်းက မမ်မိုရီ အပုပ်အသိုးများကိုပါ ဖြုတ်ချ ရှင်းလင်းပစ်လိုခဲ့သည်။ သူမကိုင်စွဲထားသော ဒဿနမှာ ဗုဒ္ဓ၏ အဆုံးအမဟု သမုတ်အပ်သည့် ရောင့်ရဲတင်းတိမ်သော ဘဝနေထိုင်မှု နည်းနာ။ ဘိုစကားအရ မီနီမစ်လစ်ဇင်။ လောကုတ္တရာအမြင် ဘက်က ကြည့်လျှင်လည်း လုံးဝကိုင်စွဲရမည်ဖြစ်သော အဆုံးအမတရပ်။ ဘဝသံသရာ၏ လွတ်မြောက်ရာ ဘုံဖြစ်သော နိဗ္ဗာန်ဘုံဆီသို့ ကူးလှမ်းနိုင်ဖို့က မလိုအပ်သော အရာမှန်သမျှကို ပစ်ချနိုင်ရမည်။ လွတ်မြောက်ဖို့ ကူးလူးရှင် သန်နေရမည့် ကာလပတ်လုံးလည်း လူတကိုယ်စာ လိုအပ်ရုံကလွဲလို့ ကိုယ်၏ဝန်တာ ဆောင်ပါပစ္စည်း ပိုလွန်ပြီး မဖြစ်စေရ။ ဝတ်ရုံတထည်နှင့် လုံလောက်နေပါလျက်နဲ့ ထပ်မံ စုဆောင်းထားသိုထားမျိုး မပြုမူရ။
ယင်းအဆုံးအမသည် မျက်မှောက်ခေတ် လူမှုကမ္ဘာကြီးအတွက်လည်း အင်မတန်မှ အသုံးဝင် အရေးပါသော ဆောင်ပုဒ်တခု ဖြစ်လာသည်။ အထက်က ဆိုခဲ့သလိုမျိုးပင် သူမအနေဖြင့်လည်း မခံနိုင်အောင် ပေါ့ပါး ဘဝနေ့ညများအတွက် မလိုအပ်တော့ဘူးထင်မိသည့် အရာမှန်သမျှကို လွှတ်ချရမည် ဖြစ်ပါသည်။ ယင်းအထဲတွင် ငယ်စဉ်က အမှတ်တရပစ္စည်းတွေ၊ နုငယ်သောပုံရိပ်တွေကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံတခုတ်တရကလေးတွေ၊ များမြောင်လှသော DVD အချပ်တွေ၊ ရုပ်သံပြစက်အဟောင်းအမျဉ်းတွေ၊ စာအုပ်ထူထူတွေ အဲဒါတွေကို လွှင့်ပစ်ဖို့က သိပ်ကြီးခဲယဉ်းပုံ မရှိသော်လည်း အချို့အရာတွေကမူ စိတ်အတွင်းသားထဲဝယ် နက်ရှိုင်းစွာ စူးစိုက်ပြီး ဝင်ရောက်နေလျက် ရှိသည်။ ထိုအရာမှာ အချစ်ဟု ခေါ်သည်။ အတိတ်သည် မင်စွန်းပေနေသော အဖြူရောင် အထည်စကလေးသဖွယ် လျှော်ဖွပ်ရ ခက်ခဲနေပြန်လေသည်။
လူတဦးချင်းစီ၏ သီးခြားသဘာဝအတိုင်း နေထိုင်မည်ပြုလျှင် စွန့်လွှတ်ရခြင်း၊ မေ့ပစ်ရခြင်းများသည် အထူးတလည် ခက်ခဲလှမည် မထင်သော်လည်း ရစ်ပတ်မှုတွေ ပြုလာသောအခါဝယ် စာအုပ်အဟောင်းကို လွှင့်ပစ်ရသလို၊ တီဗီအဟောင်းတလုံး စွန့်ပစ်ရသလို မလွယ်ကူလှတော့။ သူမ၏ တကိုယ်ရည်စာ ဘဝနည်းနာအတွက် အခက်ခဲဆုံးအပိုင်းတွေက ယင်းအရာတွေ ဖြစ်လာသည်။ ပြီးခဲ့သော ဘဝထဲက စွပ်ပြုတ်ပူပူကလေးတွေ၊ အတူတူထိုင်ကြည့်ရင်း ငေးခဲ့ဖူးသော သမုဒယငယ်များ၊ ဖေဖေ ပေးပစ်ခဲ့သော ဘယ်သူမှ တီးလို့မတတ်ကြသည့် စန္ဒယားငယ်။ မင်းအတွက်တော့ ဟုတ်တာပေါ့။ တကိုယ်ရည်စာ ပေါ့ပါးဖို့ဆိုပြီး စွန့်ပစ်လိုက်ရတာ ပေါ့ပါးသွားမယ်၊ သိပ်လွယ်သွားမယ်ပေါ့။ သိပ်ကောင်းတဲ့ မီနီမယ်လစ်ဇင် ဒဿနကြီးပေါ့။ ဒါပေမဲ့လည်း ဆေးသားတွေကို ခြစ်ချခံလိုက်ရလို့ နာကျင်ရင်း ဗလာထီးထီးကျန်ခဲ့ရတယ်ဆိုတဲ့ နံရံတွေအတွက်တော့ မင်းမှာ စာနာနားလည်ပေးဖို့ မတွေးခဲ့မိဘူးမလား။
ချစ်သူဟောင်းသည် သူမထားရစ်ခဲ့သော အတိတ်တွေထဲကနေ ရုန်းထွက်မရနိုင်ရှာ။ ဒီအတွက် သူမမှာလည်း စိတ်ဆင်းရဲ နာကျင်မှုနှင့် အတိပြီးနေရသည်။ သူမတို့ မိသားစုကလေး၏ ဘဝမျက်မှောက်မှာရော ဘဝသစ်တွင် အသားကျနေသည့် ဖေဖေသည် သားတွေ သမီးတွေ ဇနီးဟောင်းအထိ ဒိတ်လွန်၍ လွှင့်ပစ်လိုက်သော ပစ္စည်းများသဖွယ်သာ သဘောထားတာကို တွေ့ရလေသည်။ ချစ်သူဟောင်း၏ စကားလုံးများ၊ မိခင်ဖြစ်သူ၏ စကားစများသည် သူမနှင့် ဖခင်ဖြစ်သူတို့၏ အကျင့်စရိုက်များ တထပ်တည်းဖြစ်နေသလိုပင် မှတ်ထင်လိုက်ရ၏။
စွန့်ပစ်ဖို့ ခဲရင်းနေရသည့် ဖခင်ဖြစ်သူ၏ စန္ဒယားအိုကြီးသည် ကောင်းကင်ပေါ်တွင် ချိတ်ဆွဲထားရသည့် လမင်းမျက် နှာသဖွယ်။ သံယောဇဉ်တရား၏ ကြိုးမျှင်များသည် ဓားသွားများအဖြစ် သူတို့ထံသို့ ထိုးစိုက်လျက်သား ရှိနေပြန် သည်။ Minimalism ၏ ဒဿနစကား ဥပမေယျများသည် သံယောဇဉ်ဓားသွားများ၏ ထက်မြမှုအောက်ဝယ် အတုံးလိုက်အတစ်လိုက် လှီးဖြတ်ခံနေရသလို ဖြစ်လာသည်ဟု သူမ မှတ်ထင်လာပုံပေါ်သည်။ ဒီအရာများသည် သူမ၏ ဘဝခရီးအသစ်အတွက် အရေးကြီးဆုံး ရွေးချယ်ရမှုများ ဖြစ်လာသည်။ လွတ်ချရမည်လား၊ ဆက်လက်ကိုင်စွဲရင်းနှင့်ပဲ ခရီးကို ဆက်ချီရမည်လား။
ကျနော်သည် ဒုတိယအကြိမ်မြောက် အိမ်ကိုပြန်လာသောအခါတွင်မူ အိမ်အောက်ထပ်က အခန်းကလေးထဲတွင် စုဆောင်းထားခဲ့သော DVD ချပ်တွေလည်း ရှိမနေတော့။ အိုဆွေးပေါက်ပြဲလာတာမို့ လွှင့်ပစ်လိုက်ရကြောင်း မေမေက မရဲတရဲဆိုသည်။ ကျနော် အေးဆေးစွာပဲ ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိခေတ်ကာလမျိုးမှာ ရုပ်ရှင်တွေကို အခွေနှင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလေဟု ပြောမိသွားသည်။ ပြောရင်းနှင့်ပင် တခုခုကို အသောနှင်သတိရသွားပြီး သေတ္တာကလေးထဲကို အပြေးအလွှား လှပ်ကြည့်မိခဲ့သည်။ မေမေသည် ကျနော့်၏ စိတ်ခံစားချက်များကို ထပ်တူနားလည်သူ ဖြစ်သောကြောင့် ယင်းအရာကလေးကို လွှင့်မပစ်ခဲ့။
ဆယ်စုနှစ် နှစ်ခုနီးပါးမျှ ကပ်နေပြီဖြစ်သော်လည်း အရင်အတိုင်းပင် မပျက်ယွင်းသေးသော သူမ၏ လက်ရေးလှလှကလေးများပါသော စာအုပ်ကလေး။ လက်တွေ့ဘဝတွင်မူ အရာအားလုံးက ပြောင်းလဲခဲ့ပြီဖြစ်သည်။ သူမကို မမြင်ဖူးခဲ့တာလည်း ကြာပြီဖြစ်သည်။ အိမ်ထောင်ကျပြီး ကွဲသွားသည်။ ဒုတိယအကြိမ်မြောက် ထပ်မံလက်ဆက်နေသည် ဟုလည်း ကြားရသည်။ သူမအကြောင်းကို ဆက်မတွေးတော့ဘဲ စာအုပ်ကလေး၏ အလယ်ပိုင်းလောက်ကို လှန်လိုက်သည်။
ကြက်ရုံးပန်းခြောက်ကလေးကို မြင်လိုက်ရသည်။ စိုးမြတ်နန္ဒာ ဘိုကေကလေး။ ယင်းဆံပင် တိုတိုကလေးပေါ်က သီကုံးထားသော ကြက်ရုံးပန်းပွင့်ကလေးများ။ မိုးမရွာ ပန်းမပွင့်ပါဘဲနှင့် ကြက်ရုံးပန်းရနံ့တွေကို ရှူရှိုက်လိုက်ရသည်။ နှုတ်ဖျားက အလိုလို အသံမဲ့ရေရွတ်မိသွားသည်။
“ပျော်ရွှင်သော မမ်မိုရီ အဟောင်းများ”
ရုပ်ရှင်ရည်ညွှန်း – Happy Old Year Movie (2019)
Be the first to comment