အရိုးခြောက်ဘီး (သို့မဟုတ်) ပဒတ်တွေစီးတဲ့ဂြိုလ်သားဆိုင်ကယ်

ဘေဘီထွန်းကြိုင်(ဝါးတပြန်)

by The Call
‘အရိုးခြောက်ဘီး (သို့မဟုတ်) ပဒတ်တွေစီးတဲ့ဂြိုလ်သားဆိုင်ကယ်’
◼️​ဘေဘီထွန်းကြိုင်(ဝါးတပြန်)
အမဲသားရလျှင် အမဲသားရသည်ဟု လော်စပီကာနှင့်အော်၍ ကြေညာတတ်သောရွာတွင် ကိုဆန်ပေါတို့ ရောက်ရှိနေသည်။ ကိုဆန်ပေါသည် အစပိုင်းရောက်ခါစတွင် ဘာအကြောင်းကြော င့်အော်နေသည်ကို အတိအကျ နားမလည်သေးပေ။ အချိန်ကြာလာသောအခါမှ ထိုသို့သောဝူးဝူးဝါးဝါး ဆူညံသံများကို တဖြည်းဖြည်းနှင့် နားလည်ခဲ့ရသည်။ တနေ့ပင်မဟုတ်၊ အသားရသည့်နေ့ရက်တိုင်း ဆိုသလို ကြားရစမြဲဖြစ်သည်။ အမဲသားမှ မဟုတ်။ ဝက်သားမှ မဟုတ်။ အသားတမျိုးမျိုးရလျှင်ပင် ရွာနီးခြောက်စပ်ရှိ ရွာများအထိ ကြားသိရအောင် လော်စပီကာများ၊ ဆောင်းဘောက်များဖြင့် ကြေညာတတ်ကြသည်။ ထိုအသံသည် တခါတရံကြားရလျှင်ပင် နားငြီးဖွယ် ကောင်းလှသည်။ ထိုကဲ့သို့ဆင်တူသော အသံတချို့သည်လည်း ရပ်ထဲရွာထဲတွင် တုန်ဟီးနေတတ်သည်။ သင်္ကြန်ကာလမဟုတ်။ မိုးတွင်းသို့ ရောက်လေပြီ။ အသံများ အဘယ်ကြောင့် မြည်ဟီးနေသနည်း။
စစ်တွင်းကာလဖြစ်၍ ပြည်သူများမှာ ထိုဆူညံမှုကို အာရုံစိုက်ကာ နားထောင်နေကြသည်။ ပုံမှန် လော်စပီကာအော်သံကဲ့သို့ ဝူးဝူးဝါးဝါးဆူညံမှုမှာ တူညီသော်လည်း လက်နက်ကြီးသံ၊ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ တချို့အသံများမှာ ဗျောက်ဖောက်သံလို၊ တချို့အသံများမှာ မိုးခြိမ်းသံလို ကြားရတတ်သည်။ သို့သော် ဗျောက်ဖောက်သံမဟုတ်၊ မိုးခြိမ်းသံမဟုတ်၊ လော်စပီကာမှ လာသောအသံမျိုးလည်း မဟုတ်ပါ။ ထိုအသံမှာ ကျွန်ုပ်တို့ရဲဘော်များ စီးလာသော ဆိုင်ကယ်များဆီမှ ကြားရသောအသံများ ဖြစ်ပါသည်။
ကျွန်ုပ်တို့ဆိုင်ကယ်များမှာ အိမ်ဇောက မပါ၊ အသံများက ကျယ်လောင်လှပါသည်။ လုပ်သက်ကြီးကာ အင်ဂျင်ကျနေသော သက်တမ်းရင့်လယ်ထွန်စက်နှင့် အတူယှဥ်တွဲလာလျှင်ပင် ထွန်စက်သံကို မကြားရ။ ဆိုင်ကယ်အသံကိုသာ ပို၍ ကြားရတတ်ပါသည်။ ထိုသို့သော ဆိုင်ကယ်မျိုးကို ပြည်သူအများက “ပဒတ်ဆိုင်ကယ်”ဟု ခေါ်ကြပြီး ရဲဘော်များကတော့ “ဂြိုလ်သားဘီးပါကွာ” ဟု ချစ်စနိုးဖြင့် ခေါ်တတ်ကြသည်။
ထိုအရိုးခြောက်ဘီးများမှာ ကြည့်ပျော်ရှုပျော် မရှိသော်လည်း ဆိုင်ကယ်ပြင်သည့် ဝပ်ရှော့ဆရာများကမူ သဘောကျကြသည်။ အဘယ်ကြောင့်ဆိုသော် ကာဗာ မပါ၊ ဖြုတ်ရန် တပ်ရန် များများစားစား မလိုအပ်၊ ဘယ်အနား ဘာဖြစ်သလဲ ကြည့်ရလွယ်၍ ပျက်လျှင်ပြင်ရ မြန်ဆန်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ပဒတ်ဆိုင်ကယ် အရိုးခြောက်ဘီးများကို ဝပ်ရှော့ဆရာများ သဘောကျသည်မှာတော့ မဟာဗျူဟာကျသည့် အားသာချက်တခု ဖြစ်ပါသည်။ ပဒတ်ဆိုင်ကယ် အရိုးခြောက်ဘီးများ၏ နည်းဗျူဟာကျသည့် အားသာချက်အမျိုးမျိုးလည်း ထပ်မံ ရှိပြန်ပါသည်။
ချောင်းများကိုကူးဖြတ်ရသည့်သကာလ ဝါးလုံးများဖြင့် လျှို၍ ထမ်းရသည့်အခါများတွင် ကာဗာစုံသာမာန်ဘီးများထက် ပို၍ သယ်ရ လွယ်ကူခြင်း၊ ကြမ်းတမ်းသည့် ခရီးလမ်းများတွင် ဆိုင်ကယ်လဲခြင်း၊ ဆိုင်ကယ်မှောက်ခြင်းများ ဖြစ်စေကာမူ အပြင်ကာဗာများ ကျိုးပဲ့မှု မရှိခြင်း၊ သော့များလည်းမပါသည့်အတွက် သော့ပျောက်ရန် စိုးရိမ်ပူပန်‌ရခြင်းများ မရှိသည့်အပြင် ပြင်ရမလွယ်ကူသည့် နေရာများ၌ ပျက်၍ ထားခဲ့လျှင်လည်း ခိုးရက်မည့်သူမရှိခြင်း။ ခိုးသူရှိ၍ ဖြုတ်ယူကြလျှင်ပင် ပဒတ်ဆိုင်ကယ်ကို ကြည့်၍ သနားစိတ်ဝင်ခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။
ကျွန်ုပ်တို့ရဲဘော်များ တာဝန်ကျရာအရပ်ဒေသများသို့ ခရီးသွားရမည့်အခါများတွင် ဆိုင်ကယ် ပြင်/ထိန်းဌာနအဖွဲ့ဝင် ရဲဘော်ဖိုးမောင်‌ မှာလေ့ရှိသည့်စကားမှာ “ဆိုင်ကယ်စီးရင် လွန်ကြိုးတချောင်း အမြဲဆောင်၊ ဆီကျန် မကျန် အမြဲပြန်စစ်၊ ဝါးတပြန် ထွန်းကြိုင်ဆိုင်မှာ ဆိုင်ကယ် မပြင်နဲ့ “ဟူ၍ ဖြစ်၏။ တပ်ထဲသို့ ရောက်စ အစပိုင်းတွင် လွန်ကြိိုးတချောင်း အမြဲဆောင်ခိုင်းသည့် ရဲဘော်ဖိုးမောင်၏ စကားကို နားမလည်သေးပေ။ ထို့နောက် ခရီးများ ခပ်စိပ်စိပ်သွားရသည့်နောက်ပိုင်းတွင် ထိုစကား၏အနက်အဓိပ္ပာယ်ကို နားလည်လာခဲ့သည့်အပြင် လက်တွေ့အသုံးဝင်မှုများကိုပါ ကြုံတွေ့ သိရှိလာခဲ့သည်။
ဆိုင်ကယ်ပျက်သည့်အချိန်များတွင် အသင့်ဆောင်ယူလာသည့် လွန်ကြိုးဖြင့် တစီးကိုတစီး ခိုင်ခံ့စွာဆွဲငင်ချည်နှောင်ပြီး လိုရာသို့ ခရီးဆက်နိုင်ခဲ့ခြင်းမျိုး ဖြစ်ပေသည်။ တွန်း၍ ရွေ့ခြင်းသဘောထက် လွန်ကြိုးဖြင့်ဆွဲခြင်းမှာ ပို၍သက်သာခြင်းကို သိရှိရလေပြီ။ ထို့အတူ ဆိုင်ကယ်စီးလျှင် လွန်ကြိုးတချောင်း အမြဲဆောင်ခိုင်းသည့် ရဲဘော်ဖိုးမောင်၏ အကြံဉာဏ်၊ အတွေ့အကြုံမှအခြေခံသောသဘောတရားနှင့် မိမိတို့၏ အမြဲပျက်တတ်လေ့ရှိသော ဆိုင်ကယ်များ၏ လက်တွေ့ထပ်တူကျသောအခါ လွန်ကြိုးတချောင်းအမြဲဆောင်ဖြစ်ခဲ့သည့် တန်ဖိုးကို သိခဲ့ရလေပြီ။ ထို့အတူ အလုပ်ကိစ္စဖြင့် အသွားအလာများသော ထောက်ပို့ရဲဘော်လေးများသည် ပျက်အစဉ် ပြင်ခဏဆိုသည့် စကားပုံကိုသိနားလည်ကြသော်လည်း မကြာခဏပျက်လေ့ရှိသော အရိုးခြောက်ဘီးများ(သို့မဟုတ်)ဂြိုလ်သားဆိုင်ကယ်များအတွက် ပြင်ပြီးခဏအကြာ ဝါးတပြန်အကွာသို့ရောက်လျှင် ထပ်မံပျက်တတ်ပြန်သော ဝပ်ရှော့ဆရာများ၏လက်ရာများကို အားမကိုးတော့ဘဲ ကိုယ်တိုင်ကိုယ်ကျပင် ဆိုင်ကယ်ပြင် သင်တန်းများသို့ တက်ရောက်လေ့လာနေကြလေပြီ။
တချို့ရဲဘော်များမှာ ခရီးဝေးသွားရသည့်တိုင် ထိုသို့ အရိုးခြောက်သာပါသော ဆိုင်ကယ်အစုတ်ကလေးများနှင့် ဖြစ်သည်။ တချို့ လူနေထူထပ်ပြီး သာမန်ထက်ဖွံ့ဖြိုးသောနေရာများရောက်လျှင် မိမိစီးလာသော ဆိုင်ကယ်တို့ကို အထူးအဆန်းပင် အကြည့်ခံရသေးသည်။ သို့သော် ဆိုင်ကယ်အစုတ်ဖြင့်ရှိုးထုတ်နေရန် မအားလပ်သော ပဒတ်တို့အဖို့ မိမိစီးလာသောဂြိုလ်သားဆိုင်ကယ်နှင့်အတူ လိုရာခရီးသို့ ရောက်ရှိရေးကိုသာ အလေးပေးကြရသည်။ တချို့လမ်းခရီးတွင် စားသောက်စရိတ်ထုတ်ယူရန် မလိုအပ်သော်လည်း ဆိုင်ကယ်ပြင်စရိတ်အတွက် ဆောင်ယူသွားကြရသည်။ တချို့ဆိုင်ကယ်များမှာ ခရီးရှည်လာလျှင် မီးထလောင်သည့် အဖြစ်အပျက်များကလည်း မကြာခဏဆိုသလို ကြုံတွေ့ရသေးသည်။ ပဒတ်များနှင့် ပဒတ်ဆိုင်ကယ်တို့ အံဝင်ခွင်ကျ မဖြစ်သော လရာသီမှာ မိုးရာသီဖြစ်ပါသည်။
ရန်သူ့နေရာများကို ကွေ့ပတ်ကွင်းကာ သွားလာရပြီး ပဒတ်တို့ သွားကြရာ လမ်းများသည် ရွံ့နွံများဖြင့်ပြည့်နှက်နေသည့် ကြမ်းတမ်းသောခရီးလမ်းများက ပို၍များသည်။ ထိုသို့သော မိုးရာသီကာလ ရွံ့နွံများပြားသည့်လမ်းများကို သွားရသည့်အခါများတွင် မိမိစီးလာသည့်ဆိုင်ကယ်များကို လူက မစီးရဘဲ လူများကို ဆိုင်ကယ်များက ပြန်၍စီးကြသည်ဟု ခံစားမိပြန်သည်။ ဘာကြောင့်ဆိုလျှင် စီးရသည်က နည်းပြီး တွန်းရ ထမ်းရသည်က များနေသောကြောင့် ဖြစ်ပါသည်။ တခါတရံတွင် ပဒတ်ဆိုင်ကယ်များကိုပင် သနားစိတ်များ ဝင်မိကြပြန်သည်။ ဒီလောက် ခက်ခဲကြမ်းတမ်းသည့် လမ်းခရီးများကို အမြဲ မကြာခဏ စီးနင်းအသုံးပြုနေရသည်ဖြစ်၍ တခါတခါ သက်မဲ့ဆိုင်ကယ်များကို အားနာမိပြန်သည်။
ကျွန်ုပ်တို့ပဒတ်များ၏ဆိုင်ကယ်များသာ အသိစိတ်နှင့်သက်ရှိ ဖြစ်လျှင် “ပင်ပန်းလွန်း၍ ငြီးတွားကာဆဲရေးတိုင်းထွာနေမလား”ဆိုသည့် အတွေးမျိုးပင် ဝင်မိသေးသည်။
တချို့ပဒတ်များမှာ ကားအကောင်းစားများဖြစ်သည့် ဖိုးဝှီးကားတဝီဝီဖြင့် အထည်အလဲ စီးနေကြပြီဖြစ်သော်လည်း တချို့ပဒတ်များမှာမူ သံစုံမြည်နေသော အရိုးခြောက်ဘီး(သို့မဟုတ်)ဂြိုလ်သားဆိုင်ကယ်များကိုသာ စီးမြဲစီး‌နေကြဆဲရှိသလိုပင် ပြည်သူများသည်လည်း အထက်ပါဂုဏ်ဒြပ်များနှင့် ပြီးပြည့်စုံသည့် ဂြိုလ်သားဆိုင်ကယ်သံများကြားရသည်နှင့် တပြိုင်နက် ဒို့ပဒတ်ကလေးတွေ ရွာထဲလာ နေပြီဟု အချက်ပြစရာမလိုဘဲ သိကြသည်များလည်း ရှိနေသေးကြောင်း သတိပြုမိပြန်ပါသည်။
အညာဒေသ တနေရာ

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment