25
ညီလင်းအိမ်
“အဝါရောင်မြေ၀သုန်”
ကွန်မြူနစ်ပါတီက တပ်သား Gu တယောက် တရုတ်ပြည်မြောက်ဘက်ပိုင်းမှာရှိတဲ့ ရှမ်းပေဒေသကို သွားတော့ 1938။ အဲဒီကာလမှာ ကနဦးက ဂိုဏ်းဂနကွဲပြားပြီး တိုက်ခိုက်နေကြတဲ့ ကွန်မြူနစ်ပါတီနဲ့ ကူမင်တန် တပ်တို့လည်း ပူးပေါင်းပြီးတော့ နယ်ချဲ့ဂျပန်ကို တိုက်ထုတ်နေဆဲကာလကြီးပေါ့။ သူကတော့ ဒီမြောက်ဖက်တောင်တန်းဒေသက ကျေးလက်တေးတွေစာသားတွေကို စုဆောင်းဖို့ တာ၀န်ပေးချက်နဲ့ ထွက်လာခဲ့ရတာလေ။ သူ့ရဲ့အထက်အရာရှိတွေက စစ်သားတွေအတွက် စိတ်ဓါတ်လှုံ့ဆော်ဖို့နေရာမှာ သုံးစွဲဖို့ သီချင်းသစ်တွေ လိုအပ်နေတာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းရိုးရာတေးများရဲ့အရိပ်အမြွက်တွေလည်းပါမယ့် သီချင်းသစ်တွေဖန်တီးနိုင်ဖို့ ဂူ ကို ဒီဘက်တောင်တန်းဒေသများဆီကို စေလွှတ်လိုက်တာ ဖြစ်တယ်။
တပ်သားဂူတယောက် မြောက်ဖက်တောင်တန်းဒေသကို ခရီးနှင်တော့ နွေဦးကာလကြီး။ တောစဥ်တောင်တန်းတွေက တောင်ကတုံးကြီးတွေဖြစ်လို့။ နွေဦးကာလဖြစ်တဲ့အတွက် ရင်ချင်းဆက်နေတဲ့ တောင်ကတုံးကြီးတွေရဲ့ မြင်ကွင်းတွေကို မိုးအဆုံး မြေအဆုံး မျက်စိတဆုံး ကြည်လင်ရှင်းပစွာ မြင်ရနိုင်တယ်။ တောင်ခပန်းတွေကြားက လမ်းကလေးတွေကအစ ခပ်ဝေးဝေးကနေ လှမ်းကြည့်လည်း မြွေတွေပြေးလွှားသလို ဖြူ၀င်းတောက်ပလို့ပေါ့။ လေရူးတွေဝေ့လာတိုင်း ဖုန်မှုန်မြေသားယဲ့ယဲ့တွေက လွင့်ပျံ ကခုန်နေတယ်။ တောင်ကတုံးများရဲ့ဟိုးမှာဘက်မှာတော့ အဝါရောင်မြစ်ကြီးက နဂါးတကောင်လူးလွန့်နေသလို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေတယ်။
ဂူသွားနေတဲ့ တရုတ်မြောက်ဖက်တောင်တန်းဒေသတွေက တောင်ပိုင်းဒေသလိုမဖွံ့ဖြိုးသေး။ ဂူ စရောက်ရောက်ချင်းပဲ ဒေသခံတောင်သူတွေဟာ မင်္ဂလာအခမ်းအနားသဘင်တခုကို ကျင်းပနေတာ တွေ့ရတယ်။ ဝေါယာဥ်အနီကြီးပေါ်မှာ သတို့သမီးကို တင်ဆောင်လာပြီး နှဲသံ ရိုးရာအိုးစည်ဗုံမောင်းသံတွေခြံရံတီးမှုတ်ပြီးတော့ သတိုးသားရှိရာ အိမ်တော်ကို ခေါ်ဆောင်လာကြတယ်။ မျက်နှာကို ပိုးပုဝါနီအုပ်ထားတဲ့ သတို့သမီးကလေး ဝေါယာဥ်ပေါ်က ဆင်းလာတော့ အသင့်ရှိနေတဲ့ အခြံအရံတွေက ကတ္ထီပါစောင်ကလေးကို ခင်းပေးကြတယ်။
သတို့သားရဲ့ အိမ်ရှေ့မှာတော့ ဒေသခံရွာသားတွေနဲ့ ဆူညံစည်ကားလို့ပေါ့။ သတို့သားဖြစ်သူဟာ ဇနီးလောင်းကို ဆီးကြို လက်ချင်းဆက်ရင်း ရိုးရာအထိမ်းအမှတ်ကျောက်စာတိုင်ရှေ့မှာ ဦးချကန်တော့ရတယ်။ အဲဒီအချိန်မှာပဲ ဘိသိတ်ဆရာဖြစ်သူဟာ သားကောင်းသမီးကောင်းတွေ ရဖို့ ဆုတောင်းပေးတယ်။ ကန်တော့ပြီးချိန်မှာတော့ သတို့သားလောင်းဖြစ်သူက ဇနီးလောင်းကို စွေ့ခနဲကောက်ထမ်းပြီး အိမ်ကလေးထဲကို ခေါ်သွားတော့တယ်။
ဂူတယောက် သူတို့တွေရဲ့ ရိုးရာအခမ်းအနားကို ကြည့်ရှုရင်း လူအုပ်ကြီးထဲမှာပဲ ကျေးရွာရပ်မိရပ်ဖတွေဆီကို မိတ်ဆက်လိုက်တယ်။ သူဒီကို ဘာကြောင့်ရောက်လာသလဲဆိုတာပေါ့။ လူကြီးတွေကလည်း သူလိုချင်တဲ့ ကျေးလက်တေးစာသားတွေကို ရှာဖွေပေးမဲ့အကြောင်းပြောကြတယ်။ တကယ်က ဂူအနေနဲ့ အထူးတလည်တောင် မေးမြန်းရှာဖွေနေဖို့ မလိုတာဘဲ။ ခု မင်္ဂလာအခမ်းအနားထဲမှာတင် ကျေးလက်သား တယောက်က သူ့ရဲ့အသံစူးစူးနဲ့ ကျေးလက်တေးတပုဒ်ကို သီဆိုနေပြီပဲလေ။ သူသီချင်းသံက စူးစူးရှရှနဲ့ ပြတ်သားလွန်းလှတယ်။ တယောက်တပေါက်ဆူညံနေတဲ့ လူအုပ်ကြီးရဲ့ အသံတွေကိုတောင် လွှမ်းခြုံသွားစေတယ်။ ဆိုရရင် ကျေးလက်ဘက်တွေက နတ်ဝင်သည်တွေ နတ်ပင့်တဲ့အချိန် ချောက်ခြားဖွယ်ရာ အသံစူးစူးနဲ့ သီကုံးရွတ်ဆိုတဲ့ နတ်ပင့်သီချင်းသံစဥ်တွေနဲ့ဆင်တူတယ်။ သူက အာရုံစိုက်နားထောင်ပြီးတော့ အသံအရမ်းကောင်းတာပဲ ချီးကျူးမိတော့ သူ့မှာခုထက်ထိ ချစ်သူရည်းစားမရှိသေးတဲ့အကြောင်းနဲ့ အသက်သာ သုံးဆယ်ကျော်ပေမယ့် ဆင်းရဲသူဖြစ်တော့ မိန်းမမရှာနိုင်တဲ့ အကြောင်းတွေကို လူကြီးတယောက်က ရှင်းပြတယ်။
သူတို့ဒေသမှာ ယင်းကာလအထိ ရှေးအတီတီအတာတာက ထုံးတမ်းဓလေ့တွေ မပျောက်ကွယ်သေးတာကို ဂူ သိလိုက်တယ်။ အိမ်တအိမ်မှာ မိန်းကလေးတယောက် မွေးလာတာနဲ့ ရပ်ရွာထဲက ငွေကြေးကြွယ်၀သူတယောက်ယောက်က လက်ဖွဲ့ဘဏ္ဍာတွေဖဂါတွေနဲ့ ပေးကမ်းလက်ဆောင်ပါးပြီး အရွယ်ရောက်ပါက တောင်းရမ်းလက်ထပ်ချင်ကြောင်းပြောရင် သမီးရှင်မိဘတွေမှာ လက်ခံကြရတယ်။ ဒါမှမဟုတ်ရင်လည်း သမီးရှင်မိဘတွေဟာ အဆင်ပြေကြွယ်၀သူလယ်ပိုင်ရှင်တယောက်ယောက်ကို စနည်းနာလေ့လာပြီး ပေးစားပစ်လိုက်တာတွေ ဖြစ်တယ်။ မိန်းကလေးတွေဘ၀ကလည်း ဒီလိုဒေသမှာ အိမ်မှုကိစ္စလုပ်ဆောင်ဖို့သက်သက်နဲ့ ကိုယ်၀န်ဆောင်ကလေးမွေးပေးဖို့သာ လိုအပ်တဲ့အနေအထား ဖြစ်တယ်။ သူတို့မှာ ဘာမှရွေးချယ်ပိုင်ခွင့် မရှိကြ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆီက ကျေးလက်သူကျေးလက်သားတွေဟာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး နှုတ်၏စောင်မခြင်းများနဲ့ ဖလှယ်သယ်ဆောင်လာပုံရတဲ့ ကျေးလက်တေးသီချင်းတွေကိုတော့ ကလေးရော လူကြီးရော သီဆိုတတ်ကြတယ်။ သူတို့တွေရဲ့ လက်တွေ့ဘ၀မှာ ထုတ်ဖော် မပြောဆိုတတ်ကြတာလား ထုတ်ဖော်ပြောဖို့ အခြေအနေမပေးတာလား တိတိပပမသိနိုင်တဲ့ စိတ်ခံစားချက်တွေကို ရိုးရာကျေးလက်တေးတွေထဲမှာပဲ ခိုင်းနှိုင်းသီဆိုတာတွေကို ကြားရနိုင်ပါတယ်။
တပ်သားဂူ တည်းခိုခွင့်ရတဲ့အိမ်က Cuiqiao လို့အမည်သညာရှိတဲ့ ပျိုဖော်၀င်စ ကောင်မလေးရဲ့ အိမ်။ သူမတို့မိသားစုမှာ မောင်ကလေးရယ်၊မုဆိုးဖိုအဖေကြီးရယ်နဲ့ သားအဖသုံးယောက်ပေါ့။ဖခင်ကြီးကတော့ ဂူ ကို ပျူပျူငှာငှာနဲ့ ဧည့်ခံပြီး သားသမီးကလေးတွေနဲ့ မိတ်ဆက်ပေးရှာတယ်။ တကယ်ဆို သူမတို့မိသားစုက လေးယောက်ဆိုပေမယ့် အကြီးဆုံးအမက အိမ်ထောင်ကျပြီးပြီဆိုတော့ တအိမ်တကျီဆောက်ပြီးပြီပေါ့။
Cuiqiao ခမျာမှာ ရဲဘော်၀တ်စုံကြီးနဲ့ ကွဲပြားခြားနားနေတဲ့ ဂူ ဟန်ပန်ကို အံ့သြတကြီးနဲ့ ငေးကြည့်နေရှာတယ်။ သူမမှာ ဧည့်သည်တယောက်တိုးလာပြီဆိုတော့ အလုပ်တွေပိုလာပြီလေ။ ကွမ်းယာတညက်စာနီးပါးဝေးပုံရတဲ့ အဝါရောင်မြစ်ကြီးနားကို ပိုပြီးသွားရ ရေခပ်ရတော့မယ်။ စပါးတွေပိုဖွပ်ရတော့မယ်။
Cuiqiao ခမျာမှာလည်း လတ်တလောဘ၀အတွက် ပန်းလျပြီဆိုရင် စိတ်အနွမ်းဖြေလျဖို့အတွက် မြစ်ကမ်းစပ်မှာပဲ ဘိုးဘေးဘီဘင် အဆက်ဆက်က သယ်ယူလာခဲ့ရတဲ့ သီချင်းကလေးတွေကို ညည်းရရှာတယ်။ ညည်းနေရင် တသွင်သွင်စီးနေတဲ့မြစ်ကြီးရဲ့ အလွန်မှာ ဘာတွေရှိမလဲ သဘောနဲ့ မြစ်ပြင်ကြီးကို လှမ်းကြည့်နေတတ်တယ်။ မြစ်ရေသလ္လာတွေကတော့ အဟုန်ပြင်းပြင်းနဲ့ပဲ စီးလို့ပေါ့။ ဒီမြစ်ကြီးရဲ့ ဟိုတဘက်ကမ်းက ကမ္ဘာသစ်ကြီးဆီကို သူမအနေနဲ့ ရောက်ဖူးပုံလည်း မပေါ်ချေ။
ဒီတောင်ကတုံးဘေးနံရံတွေကိုပဲ ထွင်းဖောက်ထုထားပြီး အိမ်အဖြစ်လုပ်ထားတဲ့ အမှောင်ကမ္ဘာကြီးကပဲ သူ့မဘ၀ဇာတ်ခုံကလေး ဖြစ်မယ် ထင်ပါရဲ့။ ဒီအိမ်ကလေးထဲမှာပဲကြီးပြီး မြေမှုန်တွေရောတဲ့ တောင်ပြန်လေတွေကို ရှုပြီးမှ ကြီးပြင်းလာရတဲ့ တောင်ပေါ်သူကလေး ဖြစ်လို့ နေမှာပေါ့။ အပျိုဖြန်းစအရွယ်ကလေးဆိုပေတဲ့ ဖူးဖူးရစ်ရစ်နဲ့ လှသွေးကြွယ်နေတဲ့ ခလေးမလေး။ သို့ပေတဲ့လည်း သူမမျက်နှာကလေးက မကြည်စင်လှ။ သိပ်မကြာခင်ကာလမှာတင် သူမရဲ့စိတ်ဆန္ဒတစုံတရာမပါဘဲနဲ့ သခင်ကြီးတယောက်ရဲ့ မယားကလေးအဖြင့် သိမ်းသွင်းခံရတော့မှာ မဟုတ်ပါလား။
ခလေးမလေးဟာ မြစ်ရေပြင်ကို ကြည့်ရင်း အတောင်ပံတွေလာပေးဖို့ အရေးပဲ ဆုတောင်းနေသလား မသိနိုင်။ ဒိနောက်မှာတော့ နာကျင်တဲ့အတွေးတွေ လှုပ်နိုးလာလို့ဖြစ်မယ်။ ချိုကြည်တဲ့အသံကလေးနဲ့ပဲ သီချင်းတပုဒ်ကို ဆိုညည်းရှာတယ်။ ဒီအရပ်မှာရှိတဲ့ သူမတို့မိန်းမသားတွေရဲ့ သီချင်းစာသားတွေဟာ သနားနာကျင်ရတဲ့ စိတ်ဒဏ်ရာလွမ်းဆွတ်မှုတွေ။ ဆွံ့အထားရတဲ့ ဒဏ်ရာအမြုံတွေကို ဖော်ပြထားတာပါတယ်။ အားကိုးရာတစုံတယောက်ကို တမ်းတမျှော်လင့်တာတွေပါတယ်။ တောတောင်ရေမြေတွေအလှကိုလည်း ထည့်သွင်းထားကြသေးတယ်။ ကြားရသူအဖို့ပါ သီဆိုသူရဲ့ ဘ၀င်ဆီကို ထပ်တူကူးလူးရောက်ရှိသွားစေတဲ့ သီချင်းမျိုးတွေပေါ့။ သီချင်းကလေးတွေကို တကြော်ကြော် အော်ဟစ်သီဆိုပြီးတဲ့အခါမှာ ရေဆိုင်းထမ်းကလေးကို ထမ်းပြီး အိမ်ပြန်ရရှာတယ်။
သူမရဲ့မောင်ကလေးကတော့ ဆိတ်အုပ်ကြီးကို ထိန်းကျောင်းရင်းနဲ့ပဲ တောင်ခါးပန်းနားကနေ ရေထမ်းပြန်လာတဲ့ အမဖြစ်သူကို စောင့်ကြည့်တတ်တယ်။
ရဲဘော်ကြီးဂူ သူမတို့အိမ်ကို ရောက်လာခြင်း အခိုက်အတန့်က စိတ်တံခါးတွေကို ဖွင့်လှစ်ပေးဖို့ ရောက်လာသူလို့ပဲ ဆိုရမှာပေါ့။ ရဲဘော်ကြီးက အိမ်မှာ ဧည့်သည်ဆိုပြီး အခန့်သားလည်း မနေရှာသလို သူမခပ်ပေးတဲ့ ရေတွေကိုလည်း မသုံးဘဲ သူကိုယ်တိုင် ရေခပ်ပေးတယ်။ အဖေတို့နဲ့အတူ လယ်ထွန်ပေးတယ်။ နောက်တခုက အင်္ကျီ အပြဲတွေကို မိန်းကလေးတယောက်လိုပဲ အပ်တချောင်းနဲ့ ဖာထေးပေးတော့ သူမမှာ အရမ်းအံ့အားသင့်သွားတယ်။ ဒီလို အလုပ်တွေ နောက် မီးဖိုချောင်ကိစ္စ၊ ရေထမ်း ဆန်ဖွပ် သားမွေး ဒါတွေက သူမတို့ မိန်းမသားတွေပဲ လုပ်ရမယ် အရာလို့ ထင်မှတ်ထားတာ မဟုတ်လား။
အကိုကြီးလို့ သူမ ခေါ်လေ့ရှိတဲ့ တပ်သားကြီး ဂူ က သူမကိုရော သူမဖေဖေကိုရော တောင်ပိုင်းဒေသတွေမှာ အမျိုးသမီးတယောက်ကို သူမဆန္ဒမပါဘဲ အတင်းလက်ထပ်ပေးစားတဲ့ ထုံးတမ်းတွေ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းနဲ့ အမျိုးသမီးတွေဟာ လွတ်လပ်စွာ စဥ်းစားရွေးချယ်ပိုင်ခွင့် ရှိပြီဖြစ်ကြောင်းတွေပြောတော့ သူ့အဖေကတော့ အထူးတလည်အံ့အားသင့်တဲ့ပုံစံ မပြပေမဲ့ သူမမှာတော့ မသိစိတ်ကနေရော သိစိတ်ကနေရော မျှော်လင့်ခဲ့ပုံရတဲ့ အဲလိုစကားတွေကြားရတော့ အရမ်းပဲ အံ့သြသွားရတယ်။ ပြီးတော့ အပ်ချုပ်တဲ့ကိစ္စကိုလည်း မေးကြည့်တော့ သူတို့ စစ်တပ်ထဲမှာ ကျားမမဟူ အလုပ်ရွေးနေရတာမရှိဘဲ တန်းတူ လုပ်ကိုင်ရတာဖြစ်ကြောင်းတွေပါ အကိုကြီးက ရှင်းပြတယ်။
အကိုကြီးဂူရဲ့ စကားတွေက သူမအတွက်တော့ အမှောင်နံရံနောက်က တံခါးတွေကို ဆွဲဖွင့်မိစေတဲ့ လက်ချောင်းသွယ်တွေပေါ့။ သူမတို့အမျိုးသမီးတွေဆိုတာ သားမွေးထုတ်ကုန်သက်သက် မဟုတ်ကြ။ ယောကျ်ားသားများနဲ့ထပ်တူ ရွေးချယ်ပိုင်ခွင့် ငြင်းဆန်ပိုင်ခွင့် ရှိရမှာပဲ မဟုတ်လား။ ထိုနည်းတူစွာ သက်မဲ့ပစ္စည်းတခုလို ရောင်းချ ဖလှယ်ပိုင်ခွင့်ဆိုတာလည်း လုံး၀နာကျင်ဖွယ်ရာ ဖိနှိပ်ချုပ်ချယ်မှု တခု မဟုတ်ဘူးလား။
အဝါရောင်မြစ်ကမ်းပါးကနေ ငေးကြည့်တိုင်း ဟိုမှာဘက်ခြမ်းမှာ ဘယ်လိုရှိနေပြီဆိုတာကို သူကလေးတယောက် နားလည်စပြုသွားပြီ။ ရေခပ်ရင်း သီချင်းဆိုတုန်းကလို ကြားရတဲ့သီချင်းစာသားတွေက နာကျင်သနားဖွယ်ရာတွေ သိပ် မပါတော့။ သူမမျက်နှာကလေးက တစုံတစရာကို ဖမ်းဆုပ်လိုက်နိုင်တဲ့ ပျော်ရွှင်မှု အရိပ်အယောင်တွေ ပြည့်လျှမ်းရင်း ဆိုတဲ့သီချင်းကလေးတွေထဲမှာလည်း မိန်းမသားတယောက်ရဲ့ စိတ်လှုပ်ခတ်မှုဆည်းလည်ကလေးတွေအကြောင်းကို ဖွင့်ဟထည့်သွင်းတတ်လာပြီ။ ရေခပ်လမ်းကလေးရဲ့အပြန်ခရီးက လေးလေးပင်ပင် သိပ်မဆန်လှတော့။
သူမခမျာမှာ စိတ်ကူးအရသာ ယဥ်မိနေတာပါ။ ဒီအဝါရောင်မြေ၀သုန်ထဲက ဘောင်ပိတ်ကမ္ဘာတဘက်ခြမ်းကနေ ဟိုဘက်ကမ်းကို သူမအနေနဲ့ ဘယ်လိုများ ကူးခပ်နိုင်မှာတဲ့လဲ။ တခါမှမသွားဖူးခဲ့တဲ့ခရီး။ မကြားဖူးခဲ့တဲ့ကမ္ဘာသစ်။ ပြီးတော့ တဖက်ကမ္ဘာသစ်အခြေအနေဟာ သေနတ်သံ ဗုံးသံတွေနဲ့ ပြည့်နှက်နေတဲ့ သေမင်းတမန် နယ်မြေကြီးလည်း ဖြစ်နေတာ မဟုတ်လား။ သံယောဇဥ်ငြိတွယ်သွားမိတဲ့ တပ်သားအကိုကြီးကလည်း သူမကို ခေါ်ဆောင်သွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲလေ။
သူမအနေနဲ့ ဘယ်လိုများ ထွက်ခွာရမှာလိမ့်မလဲ။လာမယ့်နွေဦးဆိုရင် သူမအဖေအရွယ်နီးပါးလောက်ရှိပြီဖြစ်တဲ့ သခင်ကြီးထံ သူမဘ၀ကလေးကို နှင်းအပ်ရတော့မယ်။
နွေဦးရောင်ခြည်နီနီများရဲ့ အောက်မှာ တောင်ကတုံးကြီးတွေရဲ့ ကိုယ်ပိုင် ဝတ်ရုံတွေဟာ ဖျော့တော့မှုန်ဝါးနေတယ်။ မိုးသားတွေ ကင်းပနေတဲ့ မြေသားတွေကလည်း ခြောက်သွေ့လို့။တောင်ခါးပန်းရိုးတလျှောက် မြင်ကွင်းတဆုံးက ဆေးသားမပီတဲ့ ရေဆေးကားထဲက ညနေရီမြင်ကွင်းလို ဝေဝေ့ဝါးဝါး။ မှိုင်းပျမှုန်ရီ။
တပ်သားကြီး ဂူ နဲ့သူမရဲ့မောင်ကလေးကတော့ တက်တက်ကြွကြွနဲ့ ကွန်မြူနစ်စစ်ချီတေးတပုဒ်ကို သံပြိုင်ဆိုလို့။ သူမနှုတ်ဖျားမှာတော့ အလွမ်းတွေကို တစစီသီထားတဲ့ မျက်ရည်ပုလဲတွေ၀န်းရံခထားတဲ့ တေးစာသားကလေးတွေပဲ လွင့်ပျံလို့။
မကြာခင် မှောင်စပြုတော့မယ်။ မှောင်ပြီဆိုရင် အိမ်ကလေးထဲကို ၀င်ကြရတော့မယ်။ သူမမှာ အနားယူလို့မရသေး။ ဗိုင်းငင်ရဦးမယ်။ အခြား ဗာဟီရကိစ္စတွေ လုပ်ရရှာဦးမယ်။
မီးရောင်မှိန်မှိန်ကလေးနဲ့ အမှောင်ကဲတဲ့ ညတွေထဲမှာပေါ့။
ဒီအမှောင်တွေကို ဖြိုခွင်းပေးမဲ့ အလင်းရောင်ဝါတွေ ဘယ်တော့များမှ ရောက်လာမလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ကြသေး။ တွေးတောခန့်မှန်းလို့လည်း မတတ်နိုင်သေးဘူး။
(တရုတ်ရုပ်ရှင်လောကရဲ့ ပဥ္စမမြောက်မျိုးဆက် ဦးဆောင်သူ ဒါရိုက်တာ တဦးဖြစ်တဲ့ ချန်ကေခိုင်ရဲ့ ဒီရုပ်ရှင်ဟာ ပဥ္စမမြောက်မျိုးဆက်ရဲ့ အနုပညာသစ်ကို ပထမဆုံး စတင်တံခါးဖွင့်လိုက်တဲ့ ရုပ်ရှင်လို့ “Yellow Earth “ကို သတ်မှတ်ထားကြပါတယ်။ တရုတ်ရုပ်ရှင်သမိုင်းရဲ့ ထာ၀ရအကောင်းဆုံးရုပ်ရှင်စာရင်းမှာ အမြဲ Top Ten စာရင်း၀င်တဲ့ ယခုရုပ်ရှင်ကို ပဥ္စမမြောက်မျိုးဆက်မှာပင် ထွန်းလင်းတောက်ပြောင်လာခဲ့တဲ့ ဒါရိုက်တာကြီး ကျန်းရိမူကပဲ Cinematography ပဲ့ကိုင်အဖြစ် ပါ၀င်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့တောင်ခါးပန်းတွေအကြားက ပြောင်မြောက်လှတဲ့ရိုက်ချက်တွေနဲ့ မိုးခေါ်ပွဲအကြားမှာပြသွားတဲ့ Footage Shot အလန်းစားတွေကို တွေ့မြင်ရမှာဖြစ်ပြီး ဘာကြောင့် အကောင်းဆုံး ရုပ်ရှင်စာရင်း၀င်ရသလဲဆိုတာ နားလည်သွားကြမှာမျိုးပါ။ ယခု ရုပ်ရှင်မှာတင် Fifth Gene ရဲ့ မျိုးဆက်သစ်လက်ရာတွေဟာ ယဥ်ကျေးမှုတော်လှန်ရေးခေတ်က ရုပ်ရှင်တွေနဲ့ မတူတော့ဘဲ အပြဆန်လာတာ၊ ရှေးရိုးကျတဲ့လူနေမှုနဲ့ ရှိရင်းစွဲလူ့အဖွဲ့အစည်းကို မေးခွန်းထုတ်လာတွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ ချန်ကေခိုင်ရဲ့အစောပိုင်းလက်ရာတွေမှာ ယင်းသို့သော ရင်နင့်ဖွယ်သရုပ်မှန် ၀တ္ထုတွေဖတ်နေရသလို တရုတ်လူ့သမိုင်းက အောက်ခြေဘ၀များရဲ့ အခြေအနေတွေ၊ နိုင်ငံရေးစနစ် အပြောင်းအလဲတွေမှာ ရိုက်ခတ်ခံရတဲ့အခြေအနေတွေနဲ့ နိုင်ငံရဲ့ အစဥ်အဆက်ထွန်းကားလာတဲ့ ရိုးရာယဥ်ကျေးမှုထုံးတမ်းတွေအကြောင်းကို သူ့ရဲ့အနုပညာနဲ့တွဲလျက် ပြဆိုတာတွေကို ရှုမြင်နိုင်ပါတယ်။ သူ့ရဲ့ပွဲဦးထွက် အဝါရောမြေ၀သုန် ရုပ်ရှင်ဟာ အမျိုးသမီးများရဲ့ ဖြစ်တည်မှူများနဲ့ အရိုးစွဲဓလေ့ထုံးတမ်းတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေကို ဖော်ပြထားပြီး ယခုရုပ်ရှင်ရဲ့ အနုပညာရသသစ်ဟာ နှောင်းမျိုးဆက်တွေနဲ့ ခေတ်ပြိုင်လက်ရာသစ်များအပေါ် အကြီးအကျယ်လွှမ်းမိုးစေနိုင်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းချက်ထုတ်မယ် မထင်ပါဘူး။ )
ရုပ်ရှင်ရည်ညွှန်း- Yellow Earth Movie ( 1984 )
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
