
‘အသေကိုထားခဲ့ အရှင်အတိုင်းပြန်လာ’

သေနေတဲ့
သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို
ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း
တွန်းပို့နေမိတယ်။
လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း
နှင်းကျနေတုန်းပဲ
ဧပရယ်နွေနံနက်ခင်းတွေရယ်။
ဗုံးချခံလိုက်ရသလို
ကစဥ့်ကလျားစစ်မြေပြင်
အစာကောက်ငှက်ကလေးတွေရယ်။
အာလူးခင်းထဲပြေး
ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့
ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။
လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ
ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့
ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။
မြေနီလမ်းအတိုင်း ထမ်း
ထမ်းယူလာတယ်
ဖုန်တထောင်းထောင်း လူသေကောင်ရယ်။
သစ်ခြောက်ပင်အောက်ကဇရပ်ထောင့်မှာ ငါ
ငါရောက်နေတာဘယ်နေရာလဲ
မေးခွန်းတွေရယ်။
နေမလား သေမလား
ငါ့ ဦးခေါင်းခွံကိုခြစ်ယူနေတဲ့
ဇွန်းခြစ်သံတွေကြားရတယ်။ ။
Be the first to comment