အသဲကွဲမန္တလေး ( ဇာတ်မဟုတ်သိတိုင်ပဝတ္တိ )

‘အသဲကွဲမန္တလေး’ ( ဇာတ်မဟုတ်သိတိုင်ပဝတ္တိ )
◼️စပီယံ
ငါဟာ ငါ့မြို့ကိုပြန်ရောက်တော့
ကမ္ဘာဂြိုလ်ပေါ်ကို စရောက်တဲ့
အခြားဂြိုလ်က
ဂြိုလ်သားတစ်ကောင်လိုဖြစ်နေမိတယ် ။
သူတို့ပြောကြတဲ့ ဘာသာစကားတွေကို ငါတော်တော်လေးလိုက်ပြီးအားစိုက်နားထောင်နေလည်း
နားလည်ဖို့သိပ်ခက်ခဲတယ်။
မိန်းမတစ်ယောက်မွေးဖွားခါနီးမှာ သူ့အမျိုးသားကိုဘေးနားမှာ ရှိနေချင်သလိုမျိုး
မန္တလေးဟာ မင်းကိုလိုအပ်လိမ့်မယ်လိုထင်မိတဲ့
ဂြိုလ်သား လူသားဟာ ငါပေါ့။
မန္တလေးရဲ့မြို့ပြဆိုတာ ကျိုးကျတော့မယ့် တာတမံတစ်ခုလိုဘဲ
စိမ့်ထွက်တဲ့နေရာက စိမ့် ၊
အက်တဲ့နေရာက အက်။
ကြင်နာမှုအခေါင်းပါးဆုံး
လူစုတွေနေတဲ့နေရာရဲ့ အဝင်အထွက်တွေမှာ
“ အကြင်နာကြေးလေးတဲ့ “
ခပ်မဲ့မဲ့သာပြုံးပြီး ခွေးစာတွေကျွေးခဲ့ရ။
သံဆူးကြိုးတွေ ၊သဲအိပ်တွေ ၊
ခံစစ်ဘန်ကာတွေ ၊ တစ်ပြကျော်တိုင်းကြားနေရတဲ့ ဘီယာဆိုင်က စင်တင်သီချင်းသံတွေ ၊
မစားရဝမခမ်း ရွှေစျေးတွေ၊ အိမ်ခြံမြေစျေးတွေ၊ တဖြည်းဖြည်းမက်မရတော့တဲ့ အိမ်မက်တွေ၊ ခွေးဟောင်တိုင်းထကြည့်ရတဲ့ ညတွေ၊မလွယ်တဲ့ဘဝတွေကို လွယ်သလိုလေး
မဖြစ်တဲ့ဘဝတွေကို ဖြစ်သလိုလေး ၊
တချို့က မျက်မမြင်ဟန်ဆောင်ရင်း ၊
တချို့က နားမကြားဟန်ဆောင်ရင်း ၊
ရူးချင်ဟန်ဆောင်ရင်း
တကယ်ရူးမသွားအောင် ကြိုးစားနေရတဲ့
စိတ်ကျန်းမာရေးဆေးရုံထဲက
သရုပ်ဆောင်တွေလို မြို့သူ မြို့သားတွေ။
ကိုယ်နဲ့မတော်တဲ့
အနောက်တိုင်းဝတ်စုံကို
ဝတ်ထားတဲ့မြို့ပြကြီးလိုမျိုး
တကယ်ကို ကို့ယို့ကားယားနိုင်လွန်းလှပါတယ်။
ဆင်းကဒ်မှတ်ပုံတင်ရတာနဲ့
ထောင်ထဲရောက်သွားနိုင်တဲ့ဖြစ်နိုင်ခြေ
ဘယ်ဟာ ပိုများပါသလဲ မစ္စတာမန်းလေး ။
ဆန့်ကျင်ဖက်လိင်ရဲ့
အသားစိုင်တွေကိုအနီးကပ်
ထိတွေ့ခွင့်ရပေမယ့်
ရာဂစိတ်ကုန်ခန်းနေတဲ့
ယောင်္ကျားတစ်ယောက်လိုမျိုး
မန္တလေးမြို့ပြကိုကြည့်ရင်း
အာဂေါင်တွေခြောက်ကပ်ကပ်ဖြစ်ရမယ်လို့
ဘယ်တုန်းကမှ ငါမတွေးမိခဲ့ဖူးဘူး။
အကြွေးနွံနစ်ပြီး
ပြည့်တန်ဆာဖြစ်သွားရတဲ့
မိန်းမတစ်ယောက်လိုမျိုး
မန္တလေးဟာ တာဝန်အရ
လိင်အလုပ်အကျွေးပြုနေရရှာတယ်။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကိုယ့်အရှိုက်ကိုယ်
အားကုန်ထိုးထည့်ပစ်လိုက်သလို
မန္တလေးရဲ့ တချို့နေရာတွေဟာ
ဖြိုဖျက်ခံလိုက်ရပါတယ်။
ဟန်မူရာဘီရဲ့ ဥပဒေအရ
မျက်လုံးတစ်လုံးရှုံးရင် မျက်လုံးတစ်လုံး၊
မန္တလေးတစ်မြို့ဆုံးရှုံးသွားရင်
ဘယ်သူတွေဆီက
မန္တလေးတစ်မြို့ ပြန်တောင်းရမလဲ? ။
တောင်တွေပေါ်လမ်းဖောက်တဲ့အခါ
ကောက်ကွေ့ပြီးဖောက်ရတော့
အိမ်ပြန်လမ်းဟာ
လေထန်ကုန်းပေါ်မှာ
ဆောက်ထားမိလေသလား?။
ရှေ့ဆက်ရမယ့်ခရီးမှာ သမိုင်းအတွက်
အသုံးမတည့်ရင် တချို့အကြောင်းအရာတွေက
မန္တလေးဟာရွေးချယ်စရာမရှိတော့တဲ့အခါ
ရှင်သန်ခြင်းကို ကာကွယ်ဖို့
Export rum နှစ်ပတ်ကိုမော့ချလိုက်တယ် ။
အမြည်းကတော့
အယ်လ်ဇိုင်းမားတောက်တောက်ကြော် နဲ့
နရသိန်တမ်းခြင်းအရည်သောက်ပေါ့။
“ကြံဖန်ပျော်နေကြရတာပါဘဲ” ဆိုတဲ့ ဂြိုလ်သားတွေရဲ့ လက်သုံးစကားကိုသုံး ပြီး
မဆွေးသေးတဲ့ ဦးခေါင်းခွံတွေရဲ့အကြောင်းကို သောက်ရင်းစားရင်း ပြောကြပေါ့။
About The Call 620 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*