အိမ်ပြန်ချင်တဲ့ ဆန္ဒနဲ့ တောထဲဝင်ခဲ့တဲ့ ကိုအာကြီးရဲ့ မြစ်ဝကျွန်းပေါ်ဒေသအလွမ်း

by The Call
“အိမ်ပြန်ချင်တဲ့ ဆန္ဒနဲ့ တောထဲဝင်ခဲ့တဲ့ ကိုအာကြီးရဲ့ မြစ်ဝကျွန်းပေါ်ဒေသအလွမ်း”
( Photo Essay )
◾️ ဂနိုက်
“အိမ်ပြန်ချင်တယ် အိမ်ပြန်ရောက်ရင်ဒါတွေအကုန်ပြီးပြီ၊ (စောက်)အဓိပ္ပါယ်မရှိတာပြောရရင် အိမ်ကိုပြန်ရောက်ရင် အိမ်မှာကြိုစေချင်တဲ့သူတွေက တယောက်မှမရှိကြတော့ဘူး ဒါပေမဲ့ အိမ်ပြန်ချင်တယ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့”လို့ အရယ်တဝက်နဲ့ ဆိုလာသူက အထူးလှုပ်ရှားတပ် – Special Regiment က တပ်ထောက်တာဝန်ယူထားသူ ကိုအာကြီးပါ။
အရပ်မြင့်မြင့် ဥပဓိရုပ်ကောင်းကောင်းနဲ့ ဆေးပေါ့လိပ်ကို မပြတ်ခဲထားတဲ့ ကိုအာကြီးကို အထူးလှုပ်ရှားတပ်ဖွဲ့ဝင်တွေက ချစ်စနိုးနဲ့ မကြီးစန်း လို့ခေါ်ကြပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကိုအာကြီးက အာဏာမသိမ်းခင်ကာလမှာ နေရပ်ဇာတိဖြစ်တဲ့ ပုသိမ်မြို့က ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီတခုရဲ့ ဝန်ထမ်းဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကစလို့ တဆစ်ချိုးပြောင်းလဲခဲ့ပါတော့တယ်။
“၇ ရက်နေ့ မှတ်မှတ်ရရ စနေနေ့ကြီး ကျနော်တို့က အဖေရယ် ကျနော့်တူရယ်နဲ့ ၃ ယောက်ထဲနေတာဆိုတော့ ပိတ်ရက်ဆို တပတ်စာ စျေးသွားဝယ်တယ် အဲ့မှာစျေးရောက်တယ်၊ ဝယ်ခြမ်းပြီး စျေးခြင်းကို တက္ကစီနဲ့အိမ်ပြန်ပို့လိုက်တယ် လူက အဲ့ကတည်းက ဆန္ဒပြလိုက်ပြီး အဲ့ကတည်းက အိမ်ပြန်မရောက်တော့တာ”လို့ သူဟာ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ရပ်ကွက်ပရဟိတလုပ်ငန်းတွေ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့လို့ လူချစ်လူခင်များတဲ့ ကိုအာကြီးက ဆန္ဒပြလှုပ်ရှားမှုတွေကို ဆက်တိုက် ပါဝင်နေခဲ့ပေမဲ့ လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ဖို့အစီအစဥ်တော့ ရှိမနေခဲ့ပါဘူး။ ဒါဟာ သူ့မိသားစုကြောင့်လို့ သူကပြောပါတယ်။
“ကျနော်သိတယ် ကျနော်တောခိုလို့မရဘူး အဖေက လေ ၃ ခါဖြန်းပြီးပြီ ကျနော့်တူက ရောဂါသည်လေ ကျနော်မတတ်နိုင်ဘူး”လို့ ဆိုလာခဲ့ပါတယ်။
ဆန္ဒပြလှုပ်ရှားမှုတွေမှာ လက်နက်နဲ့ အင်အားသုံးဖြိုခွင်းခဲ့တဲ့ စစ်တပ်ရဲ့အပြုအမူတွေကိုမြင်ရတဲ့ ကိုအာကြီးတယောက် ဆန္ဒပြလှုပ်ရှားမှုတွေနည်းတူ စစ်ရေးပစ်မှတ်အဆောက်အဦတို့ကို ဖောက်ခွဲဖို့ စတင်စဥ်းစားစီစဥ်ပြီးနောက်မှာတော့ လက်နက်ကိုင်လမ်းစဥ်ကို တွန်းပို့လိုက်တဲ့ဖြစ်ရပ်က မကြာခင်မှာပဲ ရောက်လာခဲ့ပါတယ်။
“သြဂုတ်လထဲမှာ (*)ကို ဖောက်ခွဲဖို့လုပ်တုန်း တယောက်က ဖမ်းခံလိုက်ရတယ် ကျနော်အိမ်မှာနေလို့မရတော့ဘူး အဲ့တော့ စ ရှောင်ရတယ်၊ စစ်တပ်ကဘာလုပ်တယ်မှတ်လဲ ကျနော့်အဖေကိုဖမ်းသွားတယ် သားမရတော့ အဖေကိုဖမ်းတာပေါ့”လို့ ကိုအာကြီးက ဆေးလိပ်ငွေ့ကို မှုတ်ထုတ်ရင်းပြောနေခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဖမ်းခံရတဲ့အချိန်မှာ ကိုအာကြီးကိုချစ်တဲ့ ရပ်ကွက်လူကြီးတွေနဲ့ ရပ်ကွက်တွင်းနေထိုင်သူတွေက မကျေမချမ်းဖြစ်ပြီး အုံကြွလာနိုင်တဲ့အခြေအနေကိုရောက်ရှိလာတဲ့နောက် ဖမ်းဆီးခဲ့တဲ့ ရဲတွေက ကျပ်ငွေ ၆ သိန်းနဲ့ ကိုအာကြီးရဲ့ဖခင်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ကိုအာကြီးတယောက် နေထိုင်ကြီးပြင်းခဲ့တဲ့ ပုသိမ်မြို့မှာ ဆက်လက်နေထိုင်လို့မရတဲ့ အခြေအနေ ကြုံလာတဲ့အခါမှာတော့ ဖခင်ဖြစ်သူနဲ့ ရောဂါသည် တူဖြစ်သူတို့ကို ရပ်ဝေးက မိခင်နဲ့ အကိုကြီးတို့ဆီ ပို့ဆောင်စောင့်ရှောက်ဖို့ မှာကြားခဲ့ပြီး လက်နက်ကိုင်လမ်းစဥ်အောက် တည့်တည့် ခုန်ချလိုက်ပါတော့တယ်။
“အကိုကြီးတို့က ဝန်ထမ်းတွေဆိုတော့ ရုံးတဖက် ကလေးတဖက်နဲ့မအားဘူး သူတို့ဆီမှာအမေက သွားနေနေတာကြာပြီ ကျနော်နဲ့လည်း အရေးကြီးတဲ့ကိစ္စလောက်ကလွဲရင် စကားမပြောဖြစ်ဘူး ဒီလိုဖြစ်လာတော့ အဖေနဲ့ကျနော့်တူကို စောင့်ရှောက်ပေးနိုင်မလားပြောပြီး ထားခဲ့ရတယ်၊ အဖေ ဖမ်းခံရတော့ သိမ်းသွားတဲ့ကျနော့်ဆိုင်ကယ်က ကျနော့်ပိုင်ဆိုင်မှုအကုန်ပဲ ဘဏ်စာအုပ် ၃ အုပ် ဘဏ်ကတ်တွေအကုန်ပေါ့ တအုပ် ဆယ့်ငါးသိန်း သိန်းနှစ်ဆယ်တော့ရှိမှာပေါ့ အဲ့တာတွေက အကုန်ဆိုင်ကယ်ထဲမှာ အဲ့တာနဲ့ လှမ်းချေးငှားပြီး ကျနော်ရောက်လာတာ”လို့ ကိုအာကြီးက လက်နက်ကိုင်ဘဝရောက်ရှိခဲ့ရပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်ခဲ့တဲ့ ကိုအာကြီးရဲ့ ဘဝပြောင်းလဲမှုတွေက နောက်ထပ်တချိန် ကိုအာကြီးဘဝကို ထပ်မံရိုက်ခတ်သွားပါတယ်။ ကိုအာကြီး စစ်သင်တန်းဆင်းပြီးတဲ့အချိန်မှာ ကိုအာကြီးသိပ်ချစ်ရတဲ့ မကျန်းမာ ဖခင် ဆုံးပါးသွားတဲ့သတင်းကို ကိုအာကြီးတယောက် လက်ခံလိုက်ရပါတော့တယ်။
“ကျနော်စစ်သင်တန်းပြီးတုန်းပဲရှိသေးတယ် အဖေဆုံးသွားတယ် ကျနော်ရှိနေရင် အဲ့လောက် စောစော ဖြစ်မှာမဟုတ်ဘူး၊ စိတ်မကောင်းပေမဲ့ လက်ခံလိုက်ရတာပဲ မကြာဘူး ကျနော့်တူလေးလဲ ဆုံးသွားတယ်”လို့ ကိုအာကြီးက ဆွေးဆွေးမြည့်မြည့်ပြောပြပြန်ပါတယ်။
“အိမ်ပြန်ချင်တဲ့အခါ အိမ်မှာကြိုနေစေချင်တဲ့သူတွေမရှိမှတော့ အိမ်ပြန်လဲ ဘာမှမထူးပါဘူးဗျာ၊ ​ကျနော်တို့ နောက်ထပ်နောက်မျိုးဆက်တွေ အိမ်မှာနေရဖို့ ကျနော်အိမ်ပြန်ဖို့ကြိုးစားနေတာ၊ အိမ်ပြန်ရောက်ရင် အိမ်ရောင်းပြီး ဒီလိုပဲနေတော့မယ် လျှောက်သွားတော့မယ်” လို့ သူကဆက်ပြောပါတယ်။
မွေးချင်း ၄ ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကိုအာကြီးက အမကြီးဖြစ်သူ ဆုံးပြီးတဲ့နောက်မှာ တူဖြစ်သူကို သားအရင်းကဲ့သို့မွေးစားခဲ့ပြီး ဖခင်ဖြစ်သူနဲ့သာ နေထိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ကိုအာကြီးမှာ အကိုတဦးနဲ့မိခင်သာ သက်ရှိထင်ရှားရှိပါတော့တယ်။
အချစ်ရေးကံခေခဲ့တဲ့ ကိုအာကြီးက ရည်းစားတယောက်သာထားခဲ့ပြီး အိမ်ထောင်ပြုဖို့တော့ အစီအစဥ်မရှိသေးကြောင်း ရယ်ရယ်မောမောပြောပြပါတယ်။
“ကျနော် အသက် ၂၀ တုန်းကလဲ ဒီရည်းစား၊ အသက် ၃၆ မှာလဲ ဒီရည်းစား သူ ကျနော့်ကိုယူမယ်ဆိုရင်တော့ယူမှာ မဟုတ်ရင်တော့ ဒီတိုင်းပဲနေတော့မယ်” လို့ ဗလာကျင်းရင်ဘတ်ကတက်တူးကို ပုတ်ပြရင်းဆိုပါတယ်။
တော်လှန်ရေးကာလဖြစ်တာကြောင့် တော်လှန်ရေးထဲကထွက်ပြီး အတည်တကျ အလုပ်တခုလုပ်ဖို့ကို ချစ်သူနဲ့မိခင်တို့က တိုက်တွန်းခဲ့ပေမဲ့လည်း တော်လှန်စိတ်ပြင်းပြတဲ့ကိုအာကြီးဟာ ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ပြီး တော်လှန်ခရီးကို အဆုံးအထိဆက်လျှောက်နေခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ဒေသမှာ စစ်အခြေခံသင်တန်းဆင်းပြီးနောက် KNLA တပ်ဖွဲ့ဝင်အဖြစ် လေးကေ့ကော်ဒေသ၊ ကော့ကရိတ်ဒေသ၊ အာဏာသိမ်းအစောပိုင်းကာလ ကရင်ပြည်နယ်တိုက်ပွဲများတွင်သာမက ရေး-ဘိတ်-ထားဝယ်ဒေသတွေအထိ ကိုအာကြီးတယောက် လက်နက်ကိုင်တော်လှန်ရေးရဲဘော်အဖြစ် ခြေဆန့်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်မှာ ၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မှာ တပ်ထောက်တာဝန်ကို ထမ်းဆောင်လို့နေပါပြီ။ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အထူးလှုပ်ရှားတပ်ရဲ့ တပ်မွေးနေ့မှာတော့ ကိုအာကြီးတယောက် ကရင်နီပြည်နယ်က စစ်ဆင်ရေးနယ်မြေတနေရာမှာ ရောက်ရှိနေခဲ့ပါတယ်။
“တပ်ဖွဲ့မှူးနဲ့အတူတူ ကျနော် ဒီအထိရောက်လာတယ် ဖွဲ့စည်းခဲ့တယ် ဒီတနှစ်ကအများကြီးကျော်ဖြတ်ခဲ့ရတယ်၊ ကျနော်တို့ အကောင်းတွေချည်းလုပ်နိုင်တယ်လို့ မပြောဘူး၊ ဒါပေမဲ့ အကောင်းဆုံးတော့ဖြစ်ခဲ့တယ် နောင်နှစ် ၂၀၂၆ ဒီဇင်ဘာ ၁၉ မှာ ပြန်ကြည့်ကြည့်ပါ၊ ဒီနေ့က ကျနော်တို့တနှစ်လုံးပင်ပန်းခဲ့သမျှကို အပန်းဖြေရတဲ့နေ့ပါပဲ”လို့ တပ်မွေးနေ့ မီးပုံစကားဝိုင်းမှာ ကိုအာကြီးက ဂုဏ်ယူဝံ့ကြွားစွာပြောပြခဲ့ပါတယ်။
တာဝန်သည် ရာထူးမဟုတ်ကြောင်း၊ ရာထူးနဲ့အာဏာကို အလွဲသုံးစားလုပ်လို့မရကြောင်း မကြာခဏရှင်းပြတတ်ပြီး ဘောင်းဘီတို ခေါင်းစွပ်အင်္ကျီနဲ့ ဆေးလိပ်တိုလက်ကြားညှပ်လို့ အပြုံးတပွင့်ကို မျက်နှာမှာဖော်ပြထားတဲ့ ကိုအာကြီးကိုတော့ အထူးလှုပ်ရှားတပ်မှာတွေ့မြင်နိုင်ပါတယ်။
“မကြီးစန်းက ပြောတော့ တပ်ထောက်ဗိုလ်ကြီးတဲ့ သူ့ ဘယ်အချိန်ကြည့်ကြည့် မြန်မာငွေနှစ်ထောင်ပဲရှိတယ်” လို့ မဟာမိတ်တော်လှန်ရေးခေါင်းဆောင်တဦးကလဲ စစနောက်နောက် ပြောလာခဲ့ပါတယ်။
ရဲဘော်တွေကြား ဖခင်လိုတမျိုး မိခင်လိုတဖုံ အကိုလိုတသွယ် သနားညှာတာတတ်တဲ့ မကြီးစန်း တဖြစ်လဲ ကိုအာကြီးရဲ့ တော်လှန်ရေးအန္တိမရည်မှန်းချက်ကတော့ သူ့ရဲ့ ဇာတိရပ်မြေ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။
“ဘယ်အချိန်မေးမေး အဖြစ်ချင်ဆုံးဆန္ဒလို့ မေးလာရင် အိမ်ပြန်ချင်တာပဲ” လို့ သူကဆိုပါတယ်။
ကြိုသူမရှိတဲ့ မြစ်ဝကျွန်းပေါ်က အိမ်ကလေးကိုပြန်ရောက်နိုင်ဖို့ ကိုအာကြီးတယောက် တောတွင်းတိုက်ပွဲများမှသည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်စေရေးအထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ကိုအာကြီးရဲ့အိမ်ပြန်လမ်းများအတွက် ကိုအာကြီးဟာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်လျှက် လက်နက်ခဲယမ်းများ ဆွဲကိုင်လျှက် တောတောင်လျှိုမြောင်များမှသည် မြို့ပြခရီးတွေအထိ ထိုးဖောက်ဝင်ရောက်တိုက်ပွဲဝင်နိုင်ရန် ပြင်ဆင်နေတာကို တွေ့ခဲ့ရပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment