အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု

“အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု”
◼️ရဲသူအောင်
(က)
အမေ့ကို ကန်တော့နေရင်းက ရင်ဘတ်ထဲမှာ တစစ်စစ် နာကျင်လာတယ်။ “အမေ့ကို ဒီတသက် ပြန်တွေ့ဖို့ မဖြစ်နိုင် တော့ဘူး” ဆိုတဲ့ အတွေးကလည်း အသိစိတ်ထဲ တချိန်လုံး ရိုက်ခတ်စိုးမိုးလို့နေခဲ့တယ်။
လက်ကျန်ဘဝ နေ့ရက်တွေကို အိပ်ယာထဲမှာပဲ ကုန်လွန် ဖြတ်သန်းနေရတဲ့ အမေဟာ ကျနော့်ကို တွေတွေကြီး ကြည့်ငေးလို့။ ဒီလိုနဲ့ အမေဟာ တဖြည်းဖြည်း လုံးပါးပါးတော့မှာကို ကျနော် သိနေပါတယ်။ အမေ့အတွက် နေ့ရက် တွေ များများစားစား ကျန်ရှိပါတော့မလား။
အမေ့နှုတ်ခမ်းပါးတွေက တလှုပ်လှုပ်။ အဝေးကြီးဆီ ထွက်သွားရတော့မယ့် ကျနော့်အတွက် “ကျန်းမာပါစေ … ဘေးကင်းပါစေ …” ဆိုပြီးတော့များ ဆုမွန်တွေ ခြွေနေရော့သလား။ တနေ့တခြား အသိစိတ် အာရုံခံစားမှု လျော့ကျလာတဲ့အမေဟာ တခုခုပြောပြီဆို အသံမထွက်နိုင်ခဲ့တာ ကြာပါပြီ။
ဘဝတကွေ့မှာ မမျှော်လင့်ဘဲ ရုတ်တရက် ခွဲခွာဖို့ ဖြစ်လာရတာမို့ အဖေက မျက်နှာမကောင်းသလို အမဖြစ်သူကလည်း မျက်ရည်လည်ရွဲနဲ့။ ကျနော်ကရော ဘာထူးသေးလို့လဲ။ လူမမြင်ကွယ်ရာမှာ ယောကျ်ားတန်မဲ့ ကျိတ် ငိုခဲ့ပြီးပြီ မဟုတ်လား။
“အစစအရာရာ ဂရုစိုက်ပါ ငါ့သား” လို့ အဖေက နောက်ဆုံးနှုတ်ဆက်စကားလို မှာကြားတယ်။ အမကတော့ အိမ်ကို အမြဲဖုန်းဆက်ဖို့ ပြောတယ်။ အမေ့ကို ဂရုစိုက်ကြဖို့မှာပြီး မငိုမိခင် အဝေးပြေးကားဂိတ်ဆီ ကျနော် ထွက်လာခဲ့လိုက်တယ်။
ဒီလိုနဲ့ အိမ်ရဲ့အဝေးဆီ သားတယောက် ထွက်ခွာခဲ့ရပါတယ်။
(ခ)
ဒီလိုနဲ့ အိမ်ရဲ့အဝေးမှာ ကျနော်ဟာ ဘဝကို ကြုံသလို ဖြတ်သန်းရတော့တယ်။ အခြေအနေအရ အိမ်ကို စွန့်ခွာခဲ့ရတဲ့ ကျနော်ဟာ အခြေအနေအရ ဘဝကို ပင်ပန်းကြီးစွာ ရုန်းကန်ရဖို့ ဖြစ်လာတယ်။
ကုန်ထမ်းသမားလည်း ဖြစ်ဖူးသလို ဆန်ပွဲရုံမှာ စာရေးအလုပ်လည်း ဝင်လုပ်ခဲ့ဖူးတယ်။ အမက ဖုန်းဆက်တဲ့အခါ “အဆင်ပြေရဲ့လား မောင်လေး” လို့ မေးတဲ့အချိန်တိုင်း “အဆင်ပြေတယ်” လို့ တရံမလပ် ပြန်ဖြေဖို့ကိုလည်း ကျနော် မမေ့ခဲ့ပါဘူး။
“မမတို့ ပိုက်ဆံပို့ပေးရမလား”
“ကျနော် အဆင်ပြေတယ် မမ။ အိမ်အတွက်သာ လောက်ငအောင် သုံးကြပါ”
ဇာတ်မြှုပ်နေထိုင်မှဖြစ်မယ့် ကျနော်ဟာ တမြို့ပြီးတမြို့ ပြောင်းရွှေ့ရင်း လမ်းဘေးစျေးသည်လည်း ဖြစ်ခဲ့ရတယ်။ ခိုက်ခိုက်တုန်အောင် အေးတဲ့ မိုးသည်းညတွေမှာ စျေးခြင်းတောင်းကြီးကို ပုခုံးပေါ်တင် မနိုင်မနင်းထမ်းပိုးရင်း နီယွန် မီးရောင်တဝင်းဝင်းနဲ့ အထူးကုဆေးရုံ ဆိုင်းဘုတ်ကြီးကို ကြည့်ငေးပြီး “ငါဟာ ဆရာဝန်တယောက်ပါလား” ဆိုတာကို မေ့လျော့နေခဲ့မိတယ်။
အဲဒီနေ့ရက်တွေမှာ “အမေ့ကို ဂရုစိုက်နော် မမ” ဆိုပြီး အမြဲမှာခဲ့ပေမယ့် “အမေ သက်သာရဲ့လား” လို့ တကြိမ်မှ မမေးဖြစ်ခဲ့ဘူး။ နာတာရှည်ရောဂါသည် အမေ့အတွက် အသက်ရှူခွင့်ရမယ့်နေ့ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာ ဆရာဝန်တယောက်ဖြစ်တဲ့ ကျနော်က အသိဆုံးပဲ မဟုတ်လား။
(ဂ)
ဒီလိုနဲ့ နေ့ရက်တွေသာ ရှည်လျားလာခဲ့တယ်။ တနေရာပြီးတနေရာ ရွှေ့ပြောင်းနေထိုင်ရင်း ကျနော့်ခြေလှမ်းတွေကို လွတ်မြောက်နယ်မြေတနေရာဆီ ဦးတည်စေခဲ့တယ်။ တကိုယ်စာ လွတ်မြောက်ဖို့ ဇာတ်မြှုပ်ပုန်းခိုခဲ့တဲ့ နေ့ရက်တွေမှာ အစဥ်သဖြင့် ခံစားခဲ့ရတဲ့ ‘လိပ်ပြာမလုံစိတ်’ ဟာလည်း အနည်းအကျဥ်းမျှ လျော့ပါးလာခဲ့ရပြီ။
လွတ်မြောက်နယ်မြေဆိုပေမယ့် လေယာဥ်သံကို နားစွင့်နေရတဲ့ ဒေသတခုပေါ့။ စိတ်တူကိုယ်တူ ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ရင်ဘတ်မှာ ကျည်သင့်ပြီး အဆုတ်တွင်း သွေးထွက်လွန်ခဲ့ကြတဲ့ ရဲဘော်တွေကိုလည်း ကယ်တင် နိုင်ခဲ့သလို မြေမြှုပ်မိုင်းကြောင့် ဗိုက်အတွင်းကလီစာတွေ ထိခိုက်တဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ကြတဲ့ လူနာတွေကိုလည်း အသက်ရှင်ကျန်အောင် ကြိုးပမ်းနိုင်ခဲ့ကြတယ်။ ဒီလိုပဲ ကိုယ့်မျက်စိရှေ့တင် တိမ်းပါးသွားခဲ့ရတဲ့ ရဲဘော်တွေ၊ ပြည်သူတွေကို တွေ့ရတိုင်းလည်း မချိတင်ကဲ ကြေကွဲရပြန်တယ်။
ခွဲစိတ်ခန်းထဲ အကြိမ်ကြိမ်ဝင်ပြီး ခြေသလုံးတွေ ညောင်းညာကိုက်ခဲတဲ့အထိ ခွဲစိတ်မှုတွေ အလီလီ လုပ်နေရပေမယ့် ကျနော်ဟာ မောပန်းနွမ်းနယ်ရကောင်းမှန်း မသိခဲ့ဘူး။ ကိုယ့်တန်ဖိုးကို အပြည့်အဝ အသုံးချခွင့်ရတဲ့ လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးခဲ့တဲ့ ကံကြမ္မာကိုသာ ကျေးဇူးအထပ်ထပ် တင်မိခဲ့တယ်။
ဒီလိုနဲ့ တနေ့မှာတော့ ကျနော် တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံကလေးဆီ ဒေါ်မေရှင်ဆိုတဲ့ လူနာတဦး ရောက်လာခဲ့ပါတော့တယ်။
(ဃ)
ဒေါ်မေရှင်ကို မြင်မြင်ချင်းမှာ ကျနော်ဟာ အမေ့ကို ပိုပြီး လွမ်းမိသွားပါတယ်။ ဒေါ်မေရှင်ရဲ့ အသားအရည်၊ မျက်နှာကျပုံနဲ့ ကိုယ်လုံးကိုယ်ထည်က အမေနဲ့ တော်တော်ကြီး ဆင်နေခဲ့တာကိုး။ ဒီတော့ အမေ့ကို လွမ်းတမိတာ မဆန်းဘူးပေါ့လေ။
“ဒေါ်မေရှင်ဆိုတော့ အဆိုတော် မင်းသမီးကြီးပေါ့”
ကျနော်က အဲဒီလို စနောက်တော့ အမေကြီးက ကျနော့်ကို မျက်စောင်းထိုးပါတယ်။ ပြီးတော့ ကျနော့်ကို ချက်ချင်းလက်ငင်း ပြန်နောက်တယ်။
“သီချင်းတွေ ဆိုပြလိုက်လို့ ဆရာလေး နားငြီးသွားရော့မယ်”
ကျနော် သဘောကျစွာ ရယ်မိတယ်။ “နားထောင်ရချည်သေးဗျာ” ဆိုပြီး ကျနော် ပြုံးပြုံးကြီး ပြန်ပြောမိပါတယ်။
သန်းခေါင်ယံညတညမှာ အမေတခု သားတခု နေထိုင်ကြတဲ့ အိမ်လေးပေါ် ကောင်းကင်ယံကနေ လက်နက်ကြီးဆိုတဲ့အရာ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာခဲ့တယ်။
“အမေ့သား ဖိုးမောင်ကလည်း ခုထိ ဘာလို့ မလာတာပါလိမ့်နော်။ ဘာတွေအလုပ်ရှုပ်ပြီး အမေကို ပစ်ထားရက်တာလဲ မသိပါဘူး”
ဆေးရုံရောက်တဲ့နေ့ကစလို့ သူ့သားနာမည်ကို တပြီးရင်း တနေခဲ့တဲ့ အမေကြီး ဒေါ်မေရှင်ဟာ လက်နက်ကြီးကြောင့် သားဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ရတာကို မသိရှာသေးပါဘူး။ အမေကြီးနဲ့ ပါလာကြတဲ့ ဆွေမျိုးသားချင်းတွေက “သား သေတာကိုသိရင် အဖွားကြီး ရူးသွားလိမ့်မယ်” ဆိုပြီး တဖွဖွ ပြောကြတယ်။
လက်နက်ကြီးကြောင့် ဦးခေါင်းနောက်စေ့မှာ စုတ်ပြဲဒဏ်ရာ အကြီးကြီး ရခဲ့ပေမယ့် ကံကောင်းထောက်မလို့ အမေကြီးက အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးကြည့်တော့ ဦးခွံရိုး ကျိုးအက်တာမျိုး မတွေ့ရ။ သေကံမရောက် သက်မပျောက်တဲ့ ဒေါ်မေရှင်ပေါ့။
“ဒါတောင် အမေကြီးက နာရီဝက်လောက် သတိလစ်သွားသေးတယ် ဆိုပဲ။ အမေကြီးဖြင့် မသိလိုက်ပါဘူး။ အသိစိတ် ကပ်တဲ့အချိန်မှာ အမေကြီး ကားပေါ်ရောက်နေမှန်း သိလိုက်ပြီ”
စိတ်လိုလက်ရ ပြန်ပြောပြနေတဲ့ အမေကြီးရဲ့ မျက်ဝန်းတွေက ကြည်ကြည်လဲ့လဲ့။ တော်ရုံလောကဓံကို ခံနိုင်ရည်ရှိရှိ ဖြတ်သန်းနိုင်မယ့် တည်ငြိမ်မှုမျိုးနဲ့။ အမေကြီးက ဒဏ်ရာကို ထုံဆေးနဲ့ ချုပ်တုန်းကတောင် တချက်ကလေးမှ မညည်းညူခဲ့သူ။
“ဗုံးကျလို့ နာတာထက် ဒီဆေးရုံလာဖို့ ကားစီးရတာက ကျောတောင် အောင့်တယ် ဆရာလေးရဲ့”
အမေကြီးက အဲဒီလိုလည်း ဟာသဉာဏ် ရွှင်တဲ့သူပါ။ သားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ မျက်နှာက ဆွေးရိပ်သမ်းနေတတ်ပေမယ့် ကျနော်တို့ ဆရာဝန်၊ ဆရာမအဖွဲ့တွေ ဝါ့ဒ်ရောင်းလှည့်ချိန်တိုင်း ရယ်ရယ်မောမော စကားပြောဆိုလေ့ရှိတယ်။
“ဘယ်တော့ ဆေးရုံဆင်းရမှာလဲ” ဆိုတဲ့မေးခွန်းကတော့ ဆေးရုံရောက်တဲ့နေ့ကစလို့ ကလေးပေါက်စ မုန့်ပူဆာသလို တဖွဖွ ပြောတဲ့စကား ဖြစ်ပါတယ်။
“ဖြည်းဖြည်းပေါ့ အမေကြီးရယ်။ ချုပ်ရိုးဖြေပြီးတဲ့အခါ ပြန်ရမှာပေါ့။ အမေကြီးကို ကျနော်တို့က နှစ်ရှည်လများ ခေါ်မထားပါဘူး”
“အမေကြီးက ရောက်တဲ့အရပ် ပျော်အောင်နေတတ်ပါတယ်။ အိမ်မှာက ဖိုးမောင် တယောက်ထဲရယ်”
အမေကြီးကို နှစ်သိမ့်ဖို့ရာ ကျနော့်မှာ ရုတ်တရက် စကားလုံး ရှာမတွေ့ပါ။ ဟန်မပျက်အောင် ကြိုးစားရင်း “မကြာခင် ပြန်ရမှာပေါ့ အမေကြီး” ဆိုပြီး ပြန်ပြောလိုက်ရတယ်။
“အားရှိမှ အနာကျက်မှာနော်။ အိမ်စောစောပြန်ချင်ရင် ထမင်းများများ စားရမယ်”
သားလွမ်းစိတ်နဲ့ အစားမဝင်တဲ့ အမေကြီးကို ချော့မော့ပြောရတယ်။ နောက်တနေ့မနက်မှာ “ထမင်းသုံးပန်းကန် တောင် စားပစ်လိုက်ပြီ” ဆိုပြီး အားပါးတရ ပြောနေပြန်သေးတယ်။ မျက်နှာမှာ သနပ်ခါးအပြည့်နဲ့ စံပယ်ပန်းတွေ ဝေနေအောင် ပန်ထားတဲ့ အသားဖြူဖြူ အမေကြီးက တကယ့်ကို ကလေးလေးလို။
“မနက်ဖြန် ချုပ်ရိုးဖြေပြီးတဲ့အခါ အနာကောင်းရင် သန်ဘက်ခါဆို အိမ်ပြန်လို့ ရပါပြီ”
ကျနော်ပြောလိုက်တော့ အမေကြီးမျက်နှာက သိသိသာသာ ဝင်းပသွားတယ်။ တသက်တာ ခိုလှုံခဲ့တဲ့ အိမ်ဆိုတာ အကောင်းပကတိ မရှိတော့ဘူးဆိုရင်တောင် လူတိုင်း အိမ်ပြန်ချင်ကြတာပဲ မဟုတ်လား။
အမေကြီးရဲ့ချုပ်ရိုးက ကောင်းတော့ အိမ်ပြန်ဖို့သာ ကျန်ပါတော့တယ်။ အမေကြီးကိုယ်တိုင်လည်း အပြုံးတွေ တဝေဝေနဲ့။ ကျနော်တို့ ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်စကားဆိုရင်း အမေကြီးဟာ စကားတွေ ဖောင်ဖွဲ့လို့မဆုံးနိုင်။ မိုးလေးတဖွဲဖွဲကျနေတော့ “မိုးတွေ စွေနေတာ။ သုံးလေးရက်လောက် နေပါဦးလား” ဆိုပြီး ကျနော် စလိုက်တယ်။
“ဒီမိုးလောက်တော့ အမေကြီးက မမှုပေါင်။ ဒီနေ့တော့ အိမ်ကိုရောက်အောင် ပြန်ရမယ်”
အမေကြီးရဲ့စကားသံမှာ အခိုင်အမာ သန္နိဋ္ဌာန်ချထားတဲ့ ဟန်ပန်အပြည့်။ လိုင်းကားပေါ်မတက်ခင် အမေကြီးက ကျနော့်ကို စူးစိုက်ကြည့်ငေးရင်း –
“ပြောလို့ ပြောတာမဟုတ်ဘူး။ ဆရာလေးက အမေကြီးသား ဖိုးမောင်နဲ့ ရုပ်ချင်းဆင်တယ်။ ဖိုးမောင်လည်း အသားညိုညို ပိန်ပါးပါးပဲ”
ဪ အမေကြီးရယ်။ အမေနဲ့တူတဲ့ အမေကြီးမှာ ကျနော်နဲ့တူတဲ့ သားတယောက် ရှိတယ်တဲ့လား။
(င)
အခုလို မိုးသည်းသည်း မနက်ခင်းတခုမှာပါပဲ။ မမက ကျနော့်ဆီ ငိုသံကြီးနဲ့ ဖုန်းဆက်လာခဲ့တယ်။
“မောင်လေးရေ အမေ ဒီမနက်မှာပဲ ဆုံးသွားပြီ” တဲ့။
ခုလို မိုးသည်းတဲ့ မနက်ခင်းတခုမှာ ကျနော်ဟာ အမေ့နာရေးသတင်းကို မျက်ရည်စက်လက် ကြားနာခဲ့ရဖူးတယ်။ ခုထိလည်း ကျနော်က အမေ မရှိတော့တဲ့ အိမ်ကလေးရဲ့ အဝေးမှာ။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*