၈၈ သမိုင်း မရိုင်းခဲ့ဖူးပါ (၂)

◼️မောင်လွင်မွန် (ကသာ)
အမှန်တော့ ဦးစိန်လွင်သက်တမ်းက ၁၇ ရက်ဆိုပေမယ့် ၈၈ အရေးအခင်း စတင်တဲ့ ၈.၈.၁၉၈၈ က စတွက်မယ်ဆိုရင် သူနုတ်ထွက်တဲ့ ၁၂ ရက်အတွင်းမှာ ၄ ရက်ပဲရှိပါတယ်။ ၈၈ အကြိုကာလ သူရက်စက်ခဲ့တာတွေ ရှိပေမယ့် ဒီ ၄ ရက်အတွင်းမှာ အတော် ရုပ်ပျက်ဆင်းပျက်တွေလုပ်ခဲ့လို့ “သားသတ်သမား” ဘွဲ့ကို ရသွားတာပါ။ ပြည်ပသတင်းအေဂျင်စီတွေ အားနည်းပေမယ့် သံရုံးတွေရှိနေတာမို့ ပြည်ပနဲ့ မမြင်အောင် မကြားအောင် ဘယ်လိုတံခါးပိတ်ပိတ် လုံးလုံးဆိတ်ကွယ်ရာတော့ မဖြစ်ခဲ့တာပါ။ ဒီနေရာမှာ သမိုင်းဖြစ်စဥ်များထက် ၈၈ ကာလရဲ့ အကန့်အသတ်များအကြောင်း တင်ပြချင်ပါသေးတယ်။
ပထမတချက်က လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်ပါ။ လမ်းပန်းဆက်သွယ်ရေးဆိုရာမှာ တမြို့နဲ့တမြို့ကို မဆိုထားနဲ့၊ ရန်ကုန်မြို့တွင်းကို တနေရာက တနေရာ သွားလာရေးက ခက်ပါတယ်။ ကိုယ်ပိုင်ကား စီးနိုင်သူရော၊ ရုံးကားရတဲ့ အရာရှိအဆင့်ပါ နည်းလှပြီး အများစုက ဘတ်စ်ကားနဲ့ မြို့ပတ်ရထားကိုပဲ နေ့စဥ် အလုပ်သွား အလုပ်ပြန် သုံးကြရတာပါ။ တက္ကစီလည်း ပေါပေါများများမရှိဘဲ သုံးဘီးနဲ့ လေးဘီးခေါ်တဲ့ မာဇဒါကားလေးတွေပဲရှိပြီး သေရေးရှင် ရေးကိစ္စနဲ့ ဘူတာဆင်း၊ လေဆိပ်သွား စတာမျိုးကလွဲပြီး တက္ကစီကို မငှားနိုင်ကြပါဘူး။ ၁၉၈၈ မှာ ၈.၈.၈၈ ညကစပစ်တော့ ၉ ရက်နဲ့ ၁၀ ရက်မှာ ကားတွေ မထွက်ဘဲ ၁၁ ရက်မှ ကားစထွက်ပေမယ့် ပုံမှန်လိုင်းတွေ မထွက်တော့ဘဲ ကြားကားပဲရှိပြီး အင်းစိန်တို့ မင်္ဂလာဒုံတို့ဘက်ကလာရင် မြို့ထဲမရောက်တော့ဘဲ လှည်းတန်းပဲရောက်၊ မြေနီကုန်းပဲရောက်နဲ့ ကျန်ခရီးကို လမ်းလျှောက်ရတာပေါ့။ ဒါက အရေးအခင်းကာလတလျှောက်လုံး စက်တင်ဘာ ၁၈ ရက်နေ့အထိ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ စတဲ့နေရာတွေက ကြားကားတဝက် ခြေလျင် တလှည့် အရောက်လာကြရတာပဲ။ လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ ကျောက်မြောင်း၊ သာကေတလို နေရာတွေကလည်း မြို့ထဲကို ကားမရှိရင် လမ်းလျှောက်ရတာပဲ။
ဒါဆို မြို့ထဲ ဘာလုပ်ဖို့လာရမှာလဲဆိုရင် ဆန္ဒပြဖို့ လာကြရတာပါ။ ဘာကြောင့်ဆိုတော့ တိုက်ပွဲစုရပ်က မြို့ထဲမှာဖြစ်နေလို့ပါ။ အင်းစိန်ကလူက အင်းစိန်မှာလည်း ဆန္ဒပြ တာ လှည့်လည်တာရှိပေမယ့် မြို့ထဲကို အရောက်လာနိုင်မှ ထိရောက်မယ်၊ သမိုင်းဝင်မယ်၊ ကိုယ်ဆန့်ကျင်တာ အစိုးရရော ပြည်သူရော တကမ္ဘာလုံးကပါ သိမှာဖြစ်ပါတယ်။ ဒါကြောင့် အင်းစိန် GTI ကလည်း မြို့ထဲအရောက် ချီတက်၊ ကြို့ကုန်း စက်မှုတက္ကသိုလ်ကလည်း အလားတူ ချီတက်၊ မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်းကလည်း မြို့ထဲအထိ အရောက်လာရတာပါပဲ။ ကျနော်ဆို သပိတ်ခေါင်းဆောင်အဖြစ် တာဝန်ရှိနေတော့ ရုံးပိတ်ရက်မကျန် မြို့ထဲရုံးရှိရာကို ကိုယ်နေတဲ့ အင်းစိန်ကနေ အရောက်လာရတယ်။ တပတ်ကို ၃ ရက် ၄ ရက်တော့ မြို့ထဲကနေ အင်းစိန်ကို လမ်းလျှောက်ပြန်ရတာချည်းပဲ။ အများအားဖြင့် ရထားလမ်းအတိုင်း လျှောက်ပြန်တာက ဘေးကင်းလို့ အဲဒီလို ပြန်တာများပါတယ်။ ၈၈ ခေတ်ကလူတွေလည်း ဒီခေတ်ကလိုပဲ ပြင်းပြတဲ့စိတ်နဲ့ အပင်ပန်းခံ လုပ်ခဲ့ကြတာ သိစေချင်တာပါ။
ဒုတိယအချက်ကတော့ ဆက်သွယ်ရေး အကန့်အသတ်ပါ။ အဲဒီခေတ်က ရန်ကုန်မြို့တွင်းကိုသာ အော်တိုဖုန်းရပြီး နယ်မြို့တွေကို ဖုန်းခေါ်ချင်ရင် ဖုန်းအော်ပရေတာကတဆင့် ခေါ်ရတာမို့ အတော်လေး ဆက်သွယ်မှုခက်ပါတယ်။ ဒါကြောင့် နယ်မြို့တွေက လှုပ်ရှားမှုသတင်းတွေကို ရန်ကုန်က နေ့ချင်းရနိုင် အောင် နှစ်ဘက် အသည်းအသန် ကြိုးစားရတာ ဖြစ်ပါတယ်။ ဒီလိုပဲ ပြည်ပနဲ့လည်း ဖုန်းဆက်သွယ်ဖို့ ခက်ခဲပြီး တဲလက်စ်လို့ခေါ်တဲ့ ကြေးနန်းဆက်သွယ် ရေးကို အဓိက အားကိုးရပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဖြစ်နေသမျှကို ပြည်ပက အချိန်နဲ့တပြေးညီ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဒါကြောင့် ၈.၈.၁၉၈၈ မှာ ကျောင်းသားတွေက ရက်သတ်မှတ် စိန်ခေါ်ခဲ့တာဖြစ်ပေမယ့် နေ့တဝက်လောက်အထိ သိသာတဲ့ လှုပ်ရှားမှုမရှိဘဲ ညနေ ၃ နာရီလောက်မှ မြို့တော်ခန်းမရှေ့ လူပင်လယ်ဖြစ်ရာက လူစုမကွဲလို့ ညပိုင်းမှာ ရက်ရက်စက်စက် ပစ်ခတ် လူစုခွဲ စတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၉.၈.၁၉၈၈ မနက် ၆ နာရီ ၄၅ မှာ ဘီဘီစီက သတင်းကြေငြာတဲ့အခါ ကျောင်းသားများရဲ့ ၈ လေးလုံး အရေးအခင်းဟာ တစုံတရာလှုပ်ရှားမှု ပီပြင်စွာ ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားတယ်လို့ ကြေငြာခဲ့တယ်။ နောက်တော့ ည ၈ နာရီကျမှ သတင်းအမှန်ကို အပြည့်အစုံ ပြန်ထုတ်လွှင့်နိုင်တယ်။ ဒါတောင်မှ ဘီဘီစီလို သတင်းဌာနမျိုးက သတင်းထောက်ရှိနေတာဖြစ်ပြီး အဆက်အသွယ်ခက်လို့သာ သတင်းဖြစ်ရပ်ထက် ၂၄ နာရီလောက် နောက်ကျပြီးမှ ကြေငြာနိုင်တာဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်ရ ဘယ်လောက်ခက်ခဲလို့ဆိုတာ သိသာ ထင်ရှားပါတယ် ။ ဒါကြောင့် သတင်းထောက်များခမြာလည်း ကိုယ်က အသက်နဲ့ ဘဝနဲ့ ရင်းပြီး လှုပ်ရှားဆောင်ရွက်ပြီး သတင်းပေးပို့ရပေမယ့် ကမ္ဘာကြီးက ချက်ချင်းမသိနိုင်ရုံမက သိသွားတဲ့အချိန်မှာလည်း ပိုမိုလတ်ဆတ်ပြီး အများ စိတ်ဝင်စားစရာ အခြား တင်းမျိုးက ဖုံးလွှမ်းသွားရင် သတင်းက ပါမလာတော့ဘဲ ပျောက်သွားတတ်ပါတယ်။ ဆက်လက်ပြီး အခုကာလလို အင်တာနက်၊ ဖေ့စ်ဘွတ်၊ တွစ်တာတို့လို ခေတ်မီ ဆက်သွယ်ရေးကွန်ယက်တွေ မရှိတဲ့အတွက် ဘယ်လောက်တောင် သတင်းအမှန်သိဖို့ ခက်ခဲ့သလဲဆိုတာကို ပေါ်လွင်အောင် မိမိကိုယ်တွေ့နဲ့ ဆက်စပ်တင်ပြချင်ပါသေးတယ်။
၁၉၈၈ အရေးအခင်းမဖြစ်ခင် ဖေဖော်ဝါရီလမှာ lMF မှာ သင်တန်းတခုတက်ဖို့ အမေရိကန်ကို ရောက်ခဲ့စဥ်မှာ မတ်လကျတော့ ဘုန်းမော်အရေးအခင်းဖြစ်တော့ ဗွီအိုအေသတင်းဌာနက “ကျနော်တို့ သတင်းရတာက သမဝါယမဆိုင် မီးရှို့ခံရတယ်ဆိုတာနဲ့ ကုန်တိုက် မီးရှို့ခံရတယ်ဆိုတဲ့ သတင်းနှစ်ခုရှိတယ်၊ အဲဒါ ဘယ်ဟာမှန်နိုင်လဲ” လို့ အလွတ်သဘော လှမ်းမေးပါတယ်။ ကျနော်က “သမဝါယမဆိုင် ဖြစ်နိုင်ပါတယ်၊ ကုန်တိုက်တော့ မဖြစ်လောက်ပါဘူး” လို့ ဖြေခဲ့ပါတယ်။ အမှန်တော့ သမဝါယမဆိုင်ရော ကုန်တိုက်ရော မီးရှို့ခံရတာဆိုတာ နောက်မှသိရတယ်။ အဲဒီကာလက ကမ္ဘာတခြမ်းကဖြစ်တာကို နောက် ကမ္ဘာတခြမ်းကသိဖို့ အချိန်ယူရတဲ့အထဲ မြန်မာနိုင်ငံက ကမ္ဘာကြီးက မမြင်အောင် မကြားအောင် တံခါးပိတ်ထားတော့ အမှန်ကိုသိရဖို့ ပိုခက်တာပါ။
ပြီးတော့ အဲဒီခေတ်ကာလက အမေရိကန်လိုနိုင်ငံမှာတောင် ကွန်ပျူတာကို Data Processing နဲ့ ဘဏ်လုပ်ငန်းမှာသုံးတာ တွေ့ရပြီး ရုံးစာရိုက်တာကို ကမ္ဘာ့ဘဏ်နဲ့ lMF မှာကိုပဲ လက်နှိပ်စက်ကို သုံးနေဆဲကာလဆိုတော့ မြန်မာနိုင်ငံမှာက ကွန်ပျူတာဆိုတာ ဂဏန်းပေါင်းစက်လို့ ထင်သူကထင်နေတဲ့ ခေတ်မှာ အင်တာနက်ဆိုတာ အိပ်မက် မမက်နိုင်သေးပါဘူး။ တကယ်တော့ ဒီနေ့ အင်တာနက်မှာ သုံးနေကြတဲ့ www. ဆိုတဲ့ World Wide Web ကို Tim Berners-Lee ဆိုတဲ့ ဗြိတိန် သိပ္ပံပညာရှင်က ၁၉၈၉ မှ စထွင်တာမို့ ၁၉၈၈ ရဲ့ကမ္ဘာကြီးပေါ်မှာ အင်တာနက်ဆိုတာကြီး ရှိတောင် မရှိသေးဘဲကိုး။
ဒီအတွက် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရော၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးရော၊ မီဒီယာပါ ကန့်သတ်ခံထားရတဲ့ တိုင်းပြည်မှာ ထူးခြားတဲ့ သတင်းတခု ရှိလာရင်တောင် အစိုးရက ဖုံးကွယ်ထားရင် ထုတ်ဖော်တင်ပြစရာ နေရာမရှိပါဘူး။ ဘဝဖြတ်သန်းမှုအရ ထင်ရှားတဲ့ဥပမာ ပေးရရင် ၈၈ လှုပ်ရှားမှုဒီရေလှိုင်း တွေ စတင်အရှိန်ရစ ၂၆.၈.၁၉၈၈ နေ့ ညသန်းခေါင်အချိန်မှာ တပ်မတော်က အဲဒီကာလက ဗဟိုဘဏ်ဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သန်းပေါင်း ၆၀၀ ကို ယူသွားခဲ့ပါတယ်။ (လက်ဘက်ရည်တခွက် ငါးမူး၊ ၁ ကျပ်ခေတ်က သန်း ၆၀၀ ပါ)။ အဲဒါကို ကျနော်တို့ ဘဏ် လောကသားတွေ နောက်ရက်မှာ သိကြရပေမယ့် ပြည်သူသိအောင် ဆက်သွယ် ပြောပြစရာ တင်ပြစရာ နေရာမရှိပါဘူး။ ဒါပေမဲ့ ငွေ ဒီလောက်အများကြီး တရားမဝင် ထုတ်ယူခြင်းဟာ သူတို့ နောက်မဆုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲမို့ ကျနော်တို့လည်း စနစ်တကျ ရင်ဆိုင်မှ ရတော့မယ်ဆိုပြီး သြဂုတ်လ ၃၀ ရက် နေ့မှာ ဘဏ်သမဂ္ဂတွေ စဖွဲ့ပါတယ်။ ဒါပေမဲ့ ဘဏ်ပေါင်းစုံသမဂ္ဂအနေနဲ့ရော ကျနော်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်သမဂ္ဂ အနေနဲ့ပါ သန်းပေါင်း ၆၀၀ ကို ညသန်းခေါင်အချိန် တရားမဝင် လာရောက်ထုတ်ယူသွားကြောင်း သမဂ္ဂတွေအနေနဲ့ ကြေငြာချက်ထုတ်၊ နိုင်ငံပိုင်ဖြစ်ပေမယ့် သပိတ်အင်အားစုတို့ စီမံခန့်ခွဲမှုအောက် ရောက်နေတဲ့ သတင်းစာတွေမှာထည့်ပြီး ပြည်သူကို အသိပေးနိုင်ခဲ့တာ ၈.၉.၁၉၈၈ နေ့ကျမှဖြစ်ပြီး ဖြစ်ခဲ့တဲ့ရက်နဲ့ ၁၂ ရက်အကြာမှ ဖြစ်ပါတယ်။ ဒီတော့ စက္ကန့်မလပ် အချိန်နဲ့တပြေးညီ သိခွင့် ပြောခွင့်ရတဲ့ လက်ရှိကာလနဲ့ မယှဥ်သာအောင် ကွာခြားပါတယ်။
အလားတူပဲ စက်တင်ဘာ ၂ ရက်နေ့လောက်က စပြီး နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေ ဂိုဒေါင်တွေကို ဘယ်ကရောက်လာမှန်းမသိတဲ့ လူအုပ်ကြီး လာရောက်ဖျက်ဆီး လုယက်တဲ့ကိစ္စတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဘယ်ရဲစခန်းက ဘယ်စစ်တပ်ကို သွားပြောပြော ဘာအကူအညီမှ မရလို့ ဒါတွေဟာ ဒီမိုကရေစီရေး ရုန်းကန်မှုကို ပုံဖျက်ဖို့ အစိုးရက တမင် စီစဥ် လုပ်ကြံတဲ့ကိစ္စဆိုတာ သိသာပေမယ့် နိုင်ငံတကာကို လှမ်းပြောဖို့ ဝေးစွ၊ ပြည်တွင်းကလူတွေ နားလည် အောင် ရှင်းပြဖို့တောင် နေရာမရှိပါဘူး။
ဒီလိုပဲ ရပ်ကွက်ထဲမှာ မီးကွင်းလိုက်ပစ်တာ၊ သောက်ရေကန်တွေကို အဆိပ် လိုက်ခတ်တာ၊ ၈.၉.၈၈ နေ့မှာဆိုရင် ရက်ရက်စက်စက် ကလေးဆေးရုံ သုံးရေ သောက်ရေပေးရေစင်ကို အဆိပ်လာခပ်တာ စတဲ့တရားခံတွေကို မိပေမယ့် ရဲစခန်းပို့တဲ့အခါ လက်ခံဆောင်ရွက်ပေးခြင်း မပြုပါဘူး။ ဒါက နွေဦးတော်လှန် ရေးကာလ ၂၀၂၁ ခု ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာဖြစ်ခဲ့တဲ့ လုပ်ကြံမှုများနဲ့ ထပ်တူဖြစ်ပါတယ်။ ကွာခြားတာက ၁၉၈၈ မှာတော့ ဥပဒေအရ အရေးယူမပေးတဲ့အခါ ဒေါသပေါက်ကွဲနေတဲ့ လူအုပ်ကြီးက ခေါင်းဖြတ်သတ်တာမျိုးဖြစ်ခဲ့ပြီး အာဏာရှင်အစိုးရရဲ့ ပုံဖျက်မှုတွေ အောင်မြင်သွားခဲ့တယ်။ (၈၈ တုန်းက ဒေါသနဲ့ ခေါင်းဖြတ်သတ်ခဲ့သူတချို့ဟာ လူရမ်းကားတွေမဟုတ်ဘဲ မိသားစုတွေ မတရား ပစ်ခတ်သတ်ဖြတ်ခံထားရပြီး ဥပဒေရဲ့ အကာအကွယ်မရလို့ ပေါက်ကွဲနေခဲ့သူတွေ ဖြစ်ပါတယ်။)
၂၀၂၁ မှာတော့ ၈၈ သင်ခန်းစာကိုယူပြီး စနစ်တကျ စစ်ဆေးမေးမြန်း၊ ဗီဒီယိုမှတ်တမ်းယူ၊ ကိုယ်ရေးအချက်အလက်ယူပြီး ပြန်လွှတ်ခဲ့တဲ့အပြင် ဖြစ်တဲ့ ညတွင်းချင်းမှာပဲ ပြည်ပရောက် မျိုးဆက်သစ်ကလေးများက အချိန်နဲ့တပြေးညီ တွစ်တာမှာ တင်ပြနိုင်ခြင်း၊ ဘာသာပြန်ပြီးတောင် အရင်းတိုင်း တင်ပြနိုင် ခြင်းတို့ကြောင့် ကိုယ်ရှိန်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်မဖြစ်ဘဲ ရပ်ဆိုင်းသွားခဲ့ပါတယ်။
တကယ်တော့ ၁၉၈၈ နဲ့ ၂၀၂၁ မှာ သမိုင်းဖြစ်ရပ် ထပ်တူကျမှု များစွာရှိခဲ့ပြီး တန်ပြန်သပိတ်များကို လူငှားဖြင့် ငွေပေးခိုင်းစေခြင်း၊ အကြမ်းဖက်တိုက်ခိုက် စေခြင်း၊ ရာဇဝတ်ပြစ်မှုများ စီစဥ် ကျူးလွန်စေခြင်း၊ စစ်အုပ်ချုပ်ရေး ပြဌာန်းခြင်း၊ ရက်စက်စွာ ပစ်ခတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ ဆန္ဒပြဝန်ထမ်းကို အလုပ်ဖြုတ်ခြင်း၊ လုယက်ဖျက်ဆီးခြင်း စသည် ထပ်တူကျမှုများ ရှိသလို လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဖောက်ထွက် လှုပ်ရှားခြင်း၊ လမ်းပေါ် ဆန္ဒပြခြင်း၊ ရုံးမတက်ကျောင်းမတက် သပိတ်မှောက်ခြင်း၊ တေးသီချင်း သီဆိုခြင်း၊ ညကင်းများစောင့်ရခြင်း၊ အနုပညာရှင်များပါဝင်လာခြင်း၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့များ ပါဝင်လာခြင်း၊ အာဏာဖီဆန်ခြင်း၊ ကုန်စျေးနှုန်းများ ကြီးမြင့်ခြင်း၊ လမ်းပေါ် စာရေးပြီး ဆန္ဒထုတ်ဖော်ခြင်း၊ နဖူးစည်းစာတန်းများ ချိတ်ဆွဲခြင်း၊ အစိုးရဌာနအားလုံး ပါဝင်ခြင်း စတဲ့ စတဲ့ ထပ်တူညီမှုများလည်း ရှိပါတယ်။
အဓိက ကွာခြားတာက အချိန်နဲ့တပြေးညီ မှတ်တမ်းတင် အသိပေးနိုင်ခြင်းနှင့် ယင်းကြောင့် ထိရောက်မှုကွာခြားခြင်းသာ ရှိနိုင်ပြီး အကြွင်းမဲ့ စွန့်လွှတ်ပေးဆပ်ရမှုများကတော့ ထပ်တူဖြစ်ပါကြောင်း သဘောပေါက်အ သိအမှတ် ပြုစေချင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

 

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*