
“ပင့်သက်များ”

အပိုင်း (၆)
ဒီနေ့မှာ နေဟာ အားကုန်နေတဲ့ မီးသီးတလုံးလို ခပ်မှိန်မှိန်သာ လင်းတယ်။ ဝေ့ဝဲလာတဲ့ လေပြေကြားထဲ မိုးရဲ့အငွေ့အသက်ကို ခံစားမိနေသလိုပဲ။ လေကို ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်ချိန် နှာခေါင်းထိပ်ဖျားမှာ အေးခနဲ။ တလိပ်လိပ် တက်လာနေတဲ့ တိမ်ညို တိမ်သားတွေက လေနဲ့အတူ တလွင့်လွင့် လိုက်ပါလို့။
ဒီနေ့မှာ ရာသီဥတုက ပြောစမှတ် ပြုရလောက်တဲ့အထိ လှပမနေ။ တိမ်တွေကလည်း အလင်း အမှောင် အရောင်မျှတမနေ။ ဒါပေမယ့် ကျမ ဒီနေ့ကို ဘယ်တော့မှ မေ့လျော့သွားမှာမဟုတ်ဘူး။
ဒီနေ့မှာ ကျမ လွတ်ပြီ။
ကျမကို ဖမ်းဆီးချိန်က “ဖမ်းချင်လို့ဖမ်းတာ” ဆိုတာထက် ပိုတဲ့အကြောင်းပြချက် မရခဲ့သလို လွှတ်ပေးချိန်မှာလည်း ဘာကြောင့်ရယ် မသိရ။ ကိုဗစ်ချေးငွေဆပ်လိုက်လို့ လွတ်တာပါ ပြောရအောင်လည်း ချေးငွေပြန်ဆပ်ပြီးမှ နိုင်ငံခြားထွက်ကြတဲ့ တခြား CDM တွေလည်း အဖမ်းခံနေရတာပါပဲ။ အခု ကျမနေတဲ့အခန်းကို CDM အငယ်တန်းစာရေး အမျိုးသမီးတယောက် ရောက်လာမှာတဲ့။ သူလာမှာမလို့ ကျမ လွတ်တာများလား။
ကျမလွတ်မြောက်တဲ့အတွက် ပျော်ရွှင်ရတာက အဲဒီအမျိုးသမီးကြောင့် အပြည့်အဝတော့ မဟုတ်။ ကျမ ခံစားခဲ့ရတဲ့ အဆင်မပြေမှုတွေကို သူ ကြုံကြိုက်ရတော့မယ်လေ။ ကျမ တကယ် ကိုယ်ချင်းစာတယ်။ ငါ့စကားနွားရတွေ ပြောတတ်တဲ့ အရပ်ဝတ်လူနဲ့ တွေ့ရင် သူ စိတ်ထားတတ်ပါ့မလား။ လစ်ရင် လစ်သလို ကြောင်ချင်တဲ့ နှာဗူးကောင်ကို သူ ကြိုးစား ရှောင်ရှားနိုင်ပါ့မလား။ ညမှောင်မှောင်မှာ ဆဲဆိုတတ်သူတွေရဲ့ အယုတ္တ အနတ္တစကားတွေကြောင့် စိတ်မလုံမခြုံနဲ့ ပင့်သက်ရှိုက်ရင်း အိပ်လို့မပျော် ဖြစ်ရဦးမလား။ သူ့အတွက် ကျမ စိတ်ပူပန်တယ်။
နောက်ထပ် သေချာတာတခုက သူ့ရဲ့ဘဝမှာ စိတ်ခွန်အားပေးတတ်တဲ့ မမရွှေရည်လိုလူမျိုး ရှိရင်တောင် ကျမတုန်းကလို ကံကောင်းနိုင်မှာမဟုတ်။ အဲဒီအခန်းက ကျမထက် သူ့အတွက်က ငရဲခန်းနဲ့ ပိုတူနေမယ့် သဘောမှာရှိတယ်။
ကျမလိုရော သူ လွတ်မြောက်လာနိုင်ပါ့မလား။
ကျမ ခေါင်းကို မူးဝေအောင်အထိ ယမ်းခါပစ်လိုက်တယ်။ မကောင်းတဲ့အတွေးတွေ မတွေးစမ်းပါနဲ့ မြရီမိုရ်ရယ်။ ဘုရား မလို့ သူ လွတ်မြောက်မှာပါ။ တကယ် လွတ်မြောက်နိုင်မှာပါ။
ကျမလွတ်တဲ့နေ့က မှတ်မှတ်ရရ ကျမဆီ ညီညီရောက်လာပြီး (၂) ရက်မြောက်တဲ့နေ့။ ညီညီက ကျမတို့ကိုထားတဲ့ အချုပ်ဆောင်နားအထိ စွန့်စွန့်စားစား ရောက်လာတယ်။ ဒါပေမယ့် ညီညီ့ကို ကျမ တွေ့ခွင့်မရပါ။ သူလာပို့တဲ့ ရေဘူးနဲ့မုန့်ကိုပဲ ကျမ ရတယ်။ သူ ဒီလိုဝင်ခွင့်ရဖို့ ငွေပေးရသေးလား ကျမ မသိ။ သူကလည်း မပြောပြ။
ညီညီ့ဆီက ရေဘူးရပေမယ့် ချက်ချင်းမသောက်ရဲပြန်။ မသောက်ရဲရတဲ့ ပထမအကြောင်းပြချက်က ညီညီသာ မတော်တဆ အဖမ်းဆီးခံရတယ်ဆိုရင် ဒီရေဘူးနဲ့ မုန့်အတွက်ကြောင့် ဖြစ်တာမလို့။ ကျမ ဘယ်လိုမှ မသောက်ရက် လို့။ နောက်တခုက အစောင့်တွေကို မယုံလို့။ ရေဘူးက ပါကင်ပိတ်ပါပဲ။ ဒါပေမယ့် ညီညီ့ဆီကနေ ကျမဆီ ယူလာတဲ့လမ်းမှာ ဆေးထိုးအပ်နဲ့ဖြစ်စေ တခုခု ထိုးထည့်ထားရင် ဘယ်လိုလုပ်မလဲ။ ကျမ တကယ် စိတ်မချပါဘူး။
သူတို့ကို မယုံကြည်တာက စိတ်ရောဂါတခုလို ကျမဆီ စွဲကပ်နေပြီလား မသိတော့ပါဘူး။ ဘယ်တော့မှ ကုလို့ မပျောက်မယ့်ရောဂါ ထင်ပါရဲ့။
ညီညီ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်ပြီလို့ မမရွှေရည်ဆီက သိရမှ ရေဘူးကို သောက်ဖို့ပြင်တယ်။ မသောက်ခင် ဘူးကို အားကုန် ညှစ်ကြည့်တယ်။ ဆေးထိုးအပ်နဲ့ တခုခုထည့်ထားရင် သေချာပေါက် အဲ့အပေါက်ကနေ ရေတွေပန်းထွက်လာလိမ့်မယ်။ အခုက ဘယ်လိုမှ မနေ။ ရေက မပန်း၊ မစိမ့်။ အဲလို စိတ်ချရမှ ကျမ သောက်တယ်။ တရက်လုံးနီးပါး ရေမသောက်ဘဲ နေတာကြောင့် ဘူးတဝက်လောက်ကုန်တဲ့အထိ ကျမ အသက်မရှူဘဲ သောက်ပစ်လိုက်တယ်။ သောက်ပြီးမှ မောလိုက်တာ။ ကျမ ကုတင်ပေါ်မှာ ခြေပစ်၊ လက်ပစ်။
ကျမ လွတ်တဲ့နေ့က အချုပ်ကျပြီး ၆ ရက်မြောက်နေ့။
အဲဒါလည်း ထွန်းမင်းတွက်ပြလို့သာ သိရတယ်။ ကျမက သိပ်မမှတ်မိချင်။ အချုပ်နှောင်ခံထားရတဲ့ နေ့တွေမှာ အချိန် တွေက ပိုကြာသလို ထင်ရတာကြောင့် ကျမအဖမ်းခံရတာ ၆ ရက်မဟုတ်ဘဲ ၆ လလို့ပြောရင်တောင် ကျမက ယုံချင်ယုံမိနေမှာ။
ကျမရဲ့ Laptop၊ ဖုန်းနဲ့ ပါဝါဘန့်တွေကို သူ့တို့ပြန်ပေးတယ်။ ခံဝန်တွေလည်း ထပ်ထိုးရသေးတယ်။ စ ဖမ်းကတည်း ကနေ ခုထိဆိုရင် ခံဝန်ထိုးရတာ ၅ စောင်လောက်တောင် ရှိမလားပဲ။
အလာတုန်းကလို မျက်လုံးမှာ အဝတ်နက် စည်းနှောင်ပြီး ကျမကို ပြန်ခေါ်သွားတယ်။ လမ်းမှာ ကျမကို ဆုံးမစကားတွေ ပြောသေးတယ်။
သူများယောင်တိုင်း လိုက်မယောင်ဖို့၊ သူများမြှောက်ပေးတိုင်း လိုက်မလုပ်ဖို့ ပြောတယ်။ ဒီလူဟာ သူ့ဘဝရဲ့ နောက် ဆုံးအချိန်အထိ ကျမရဲ့ ခံယူချက်အပေါ် သံသယဝင်သွားမယ့် သဘောရှိတယ်။
“ဘာပဲဖြစ်ဖြစ် အခု ဒုက္ခရောက်တော့ ကိုယ်ပဲလေ။ ကျန်တဲ့လူတွေက အနေသာကြီး။ နိုင်ငံခြားထွက်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ထွက်လို့ရသေးလား။ မရဘူးလေ။ ဟုတ်တယ်မလား။ မတအားသွားချင်ရင် အောက်လမ်းက သွားရမယ်။ အောက်လမ်းကလည်း စိတ်ချနေရတာမဟုတ်ဘူး။ ထိုင်းရဲတွေက အမြဲ စောင့်ဖမ်းနေတာ”
သူ့စကားလုံးတိုင်းမှာ ကျမ ဟုတ် တလုံးသာ နောက်ကလိုက်တယ်။ လွတ်မြောက်ဖို့အရေးကိုပဲ စိတ်ထဲထည့်ထားပြီး သူ့စကားတွေအပေါ် လိုက်ပါခံစားမနေမိဖို့ ကိုယ့်ကိုယ်ကို ပြန်နားချရသေးတယ်။ မခံချင်စိတ်တွေနဲ့ တင်းမာနေလို့ မရတဲ့အခြေအနေ မဟုတ်လား။ တော်ကြာနေ မလွှတ်တော့ဘူး လုပ်နေမှ။
ဆုံးမစကားတွေ ပြောရင်းကနေ သူက ကျမ ဘယ်လိုမှ နားမလည်နိုင်တဲ့စကားတခွန်းကို ပြောပြန်တယ်။ စစ်ဘက်ဆိုင်ရာ ရာထူးကြီးတဲ့ လူကြီးတယောက်နဲ့ တွေ့ရမှာမို့ သူ့ကိုတွေ့ရင် ကျေးဇူးတင်စကား ပြောပေးပါတဲ့။ ကျမ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ကျမက ဘာကို ကျေးဇူးတင်ရမှာလဲ။ ပြန်လွှတ်ပေးတာကိုလား။ အစကတည်းက ဖမ်းဆီးရလောက်အောင်အထိ ကျမက ဘာပြစ်မှုမှ ကျူးလွန်မထားဘူးလေ။ ဒါတောင် ကျေးဇူးက အတင်ခံချင်လိုက်သေးတာလား။ အဖမ်းလည်း ခံရသေး၊ ကျေးဇူးလည်း တင်ရသေး။
စိတ်ထဲက ကလိ ကလိနဲ့ ဒေါသအလိပ်လိုက် ထွက်ရပေမယ့် ဘယ်လိုမှ မတတ်သာဘဲ အဲဒီ လူကြီးဆိုတဲ့လူကို ကျေးဇူးတင်စကား ပြောလိုက်ရသေးတယ်။ သူက ကျမမျက်လုံးက အဝတ်အပြင် ကျမတပ်ထားတဲ့ mask ကိုပါ ချွတ်ခိုင်းတယ်။ ပြီးတော့ ကျမကို စူးစူးစိုက်စိုက် ကြည့်တယ်။
“ဘယ်လိုလဲ။ နေရ ထိုင်ရ စားရ သောက်ရတာ အဆင်ပြေရဲ့လား” လို့ ခပ်ဟဟရယ်ရင်း သူမေးတယ်။ ဟိုတယ်မန်နေဂျာတယောက်ရဲ့ လေသံမျိုး။ ကျမ ဘာပြန်ဖြေလိုက်ရမှန်းတောင် မသိ။ တမင်သက်သက် အနိုင်ကျင့် ဖမ်းဆီးလို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေတဲ့သူကို ဒီမေးခွန်းမျိုး မေးရတယ်လို့။ သူ့ပါးစပ်က အဲ့မေးခွန်းကြီး ထွက်လာရဲတာကို ကျမဖြင့် အံ့ဩလိုက်တာ။ ဖြစ်နိုင်ရင် သိပ်ပြေတာပေါ့ရှင် လို့သာ ရွဲ့ပြောလိုက်ချင်တယ်။ မကောင်းတတ်လို့
“ဟုတ်ကဲ့ ပြေပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ စားတာ သောက်တာပဲ နည်းနည်း ခက်တာပါ” လို့ အလိုက်အထိုက် ပြောလိုက်တယ်။ သူက ချက်ချင်းပဲ ကျော်ဟိန်းလို အိုက်တင်မျိုးနဲ့ သူ့လူတွေကို –
“မင်းတို့တွေ ကောင်းကောင်းမကျွေးကြဘူးလားကွ” တဲ့ ဆူသေးပြန်တယ်။ စိတ်ထဲက ရေရွတ်လိုက်မိတဲ့ ရွံလိုက်တာဆိုတဲ့စကားကို နှုတ်ကနေပါ ထွက်မသွားရအောင် ကျမ တော်တော်သတိထားလိုက်ရတယ်။
“မဟုတ်ပါဘူး။ ကျမဖာသာ စားမဝင်တာပါ”
“ဟုတ်ပါပြီ” ဆိုပြီး သူ ခေါင်းတညိမ့်ညိမ့်လုပ်တယ်။ ကျမကို အပေါ်ယံဆန်တဲ့ အပြုံးချိုတခုနဲ့ ကြည့်ရင်း
“ညည်းကို ငါ့တူမအရင်းလို သဘောထားပြီး ပြောရဦးမယ်။ အလုပ်ပြန်ဝင်ဖို့ပဲ လုပ်။ မဟုတ်ရင် ဘဝပျက်သွားမယ်။ ကိုယ်မလုပ်လည်း ကိုယ့်နေရာကို တခြားသူတွေ ဝင်သွားမှာလေ။ ကိုယ်ပဲ နစ်နာမှာ။ လူဆိုတာ ကံ နှစ်ခါမကောင်းနိုင်ဘူး။ အခုတောင် ညည်းက ငါတို့နဲ့တွေ့လို့ ကံကောင်းတာ။ တခြားအဖွဲ့တွေဆို မလွယ်ဘူး”
ကျမ ခေါင်းငြိမ့်ပြလိုက်တယ်။ သူ့စကားတွေက ကျမသာ တော်တန်ရုံ စိတ်ပျော့တဲ့လူဆိုရင် စစ်တပ်က အရမ်းမဆိုးပါဘူးဟဲ့လို့တောင် ထင်ချင်စရာ။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပြန်တော့ သူတို့က ကျမရဲ့ လွတ်လပ်စွာ သွားလာပိုင်ခွင့်နဲ့ တွေးခေါ်ပိုင်ခွင့်ကို ကန့်သတ်လိုက်တာ မဟုတ်ဘူးလား။ ကျမဘဝရှေ့ရေးကို အမှောင်ချပစ်နေတာ မဟုတ် ဘူးလား။ ကျမ ရက်ရှည်လများ စီစဉ်ခဲ့ရတဲ့ ခရီးစဉ်က လုံးဝ ပျက်ဆီးသွားရပြီလေ။ ကျမ တကယ်စိတ်နာတယ်။
စိတ်ထဲကနာလည်း နှုတ်က ကျေးဇူးတင်စကားကို အဆက်မပြတ် ပြောနေရတယ်။ သူက “ညည်းရဲ့ ကျေးဇူးတင်စကားကို ဒီအတိုင်း လက်မခံဘူးနော်။ ငါတို့က ၇ ရက်သားသမီး ဘယ်သူပဲလာလာ ကူညီပေးနေတာ” တဲ့။ ကျမမယ် ပြန်ပြောစရာ စကားတောင် မရှိတော့ဘူး။
ကျမကို လေဆိပ်နဲ့နီးတဲ့ ကားဂိတ်အထိ လိုက်ပို့တယ်။ သူတို့ရှေ့မှာတင် ကျမ Taxi တစီး ငှါးလိုက်တယ်။ Taxi သမားကို သူတို့အကွယ်ရောက်တာနဲ့ မုန့်ဆိုင်တခုမှာ ရပ်ခိုင်းလိုက်တယ်။ ဒီမှာ ကျမကို ထွန်းမင်းနဲ့ ညီညီ လာခေါ်လိမ့်မယ်။ မမရွှေရည်က နယ်မှာနေတာမို့ လာမှမဟုတ်။
အရင်ဆုံး အိမ်ကို ဖုန်းဆက်ရမယ်။ ဖုန်းကို ထုတ်ယူချိန်မှာ တိုက်ဆိုင်စွာ ကျမဖုန်းက ထ မြည်တယ်။ Unknown Contact တဲ့။ ဘယ်သူများပါလိမ့်။ ထွန်းမင်းများ Sim Card ပြောင်းကိုင်တာလား။ ကျမကို ဘာမှတော့ ပြောမထားပါဘူး။ ဘယ်လိုလုပ်ရမလဲ။ ကိုင်လိုက်တာပဲ ကောင်းပါတယ်။
ဖုန်းက ဘာသံမှ မကြားရပါ။ ကျမ နှစ်ခါလောက် ဟဲလိုထူးပြီးတဲ့အထိ လေတိုးသံလို အသံ ခပ်သဲ့သဲ့ပဲ ကြားရတယ်။ မကြားရဘူးလို့ ရေရွတ်ရင်း ဖုန်းကိုချမယ်လုပ်ချိန်မှာ ဖုန်းထဲကနေ တဟဲဟဲ ရယ်သံ ထွက်လာတယ်။ ဆိတ်အော်သံနဲ့တူတဲ့ ရယ်သံ။ ရုတ်တရက် ကျမ ခေါင်းက နှစ်ဆလောက် ကြီးသွားသလိုပဲ။ နှာဗူးကောင် ကျမကို ဘာကြောင့် ဖုန်းဆက်ပါလိမ့်။
Be the first to comment