Simon
ကျနော်ငယ်စဥ်က လေယာဥ်ပျံကို ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ မြင်ဖူးတာကလွဲရင် အပြင်မှာ တခါမှ မမြင်ဖူးဘူး။ ယုတ်စွအဆုံး လေယာဥ်ပျံကို အပြင်မှာ မြင်ဖူးဖို့အသာထား မင်္ဂလာဒုံ လေယာဥ်ကွင်းနားတောင် မရောက်ဖူးဘူးဗျာ။
ဒါပေမယ့် တရက်တော့ ဘဝမှာ ပထမဆုံး လေယာဥ်ပျံကို မြင်ဖူးဖို့ဖြစ်လာပါတယ်။ ဘယ်လိုကြောင့်လဲဆိုရင် ကျနော့် ဦးလေးက နိုင်ငံခြားမှာ အလုပ်သွားပြီး လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့က သူ့ကို မင်္ဂလာဒုံလေယာဥ်ကွင်းကို လိုက် ပို့ရတယ်။ ဒီလိုနဲ့ ကျနော့်ဘ၀မှာ ပထမဆုံးသော လေယာဥ်ပျံတွေကို အတောင့်လိုက်ကြီး မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။
ကျနော်တို့ ကလေးဘဝက မင်္ဂလာဒုံလေဆိပ်ဆိုတာ အခုခေတ်လို အလုံပိတ်အခန်းထဲကနေ ကိုယ်လိုက်ပို့တဲ့သူကို လှမ်းကြည့်ရတာမျိုး မဟုတ်ဘဲ လေယာဥ်ကွင်းမှာ ခရီးသည်ကို လိုက်ပါပို့ဆောင်တဲ့သူတွေက ခန်းမရဲ့ အပြင်ဘက်ကိုထွက်ပြီး ကိုယ်လိုက်ပို့တဲ့သူ လေယာဥ်ပျံပေါ် တက်တာကအစ သေသေချာချာ ကြည့်လို့ရတယ်၊ လက်လှမ်းပြပြီး နှုတ်ဆက်လို့ရတယ်။
လေယာဥ်ကွင်းကလည်း ခုခေတ်လိုမျိုး မဟုတ်တဲ့အတွက် လေယာဥ်တွေက ကွင်းထဲမှာရပ်ထားပြီး ခရီးသည်တွေက ကားနဲ့တဆင့် လေယာဥ်ဆီကိုသွားရတယ်။ လေယာဥ်နားမှာ ကားရပ်တော့မှ ကားပေါ်ကဆင်းပြီး လေယာဥ်ပျံပေါ်ကို တက်ရတယ်။ ခုခေတ်မှာတော့ လေယာဥ်ထဲကို သူ့သက်ဆိုင်ရာ Gate တွေကနေတဆင့် တန်းပြီး ဝင်လို့ရပြီဆိုတော့ ကျနော် အခုပြောပြတဲ့ အရာတွေကို ကျနော့်ညီတွေ၊ ညီမတွေအနေနဲ့ မျက်လုံးထဲမှာ ပုံဖော်လို့ ရချင်မှရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကလေးဘ၀တုန်းက လေယာဥ်ပျံတွေကို အပြင်မှာ မြင်ဖူးဖို့မလွယ်သလို မြင်ဖူးရင်လည်း မြင်ဖူးတဲ့ကောင်က အကောင်ပဲ။ ဘာကြောင့်လဲဆိုတော့ ခေတ်ဆိုး၊ ခေတ်ပျက်၊ ခေတ်ကြပ်ကြီးထဲမှာ၊ လိုင်းကား ၁ ကျပ်တန်ကို တိုးစီးနေရတဲ့သူတွေကြားထဲမှာ လေယာဥ်ပျံဆိုတာ ကျနော်တို့အတွက်ကတော့ တာဝတိံသာက ဦးမာဃကြီးစီးတဲ့ နတ်မြင်းပျံ ရထားကြီးတစီးလို အထူးအဆန်း ဖြစ်နေတာကြောင့်။
ထားတော့ … ဒါ ကျနော်တို့ငယ်ငယ်က လေယာဥ်ပျံကို မြင်ဖူးဖို့ခက်တဲ့အကြောင်း ပြောပြတာပါ။
လေယာဥ်ပျံပြီးတော့ helicopter အကြောင်းကို ပြောမယ်။ မြန်မာလိုခေါ်ကြတဲ့ ရဟတ်ယာဥ်ပေါ့ဗျာ။
ဒီ ရဟတ်ယာဥ်တွေကိုတော့ ကျနော်တို့ငယ်စဥ်က တပ်မတော်နေ့ အခမ်းအနားရောက်တိုင်း အမြဲလိုလို ရန်ကုန်မြို့ကောင်းကင်တွေပေါ်မှာ တွေ့ရတတ်တယ်။ ဒီလို ရဟတ်ယာဥ်တွေ ပျံလာပြီဆိုရင် ကျနော်တို့က ဘောလုံးပဲကန်ကန်၊ ဇယ်ပဲတောက်တောက် ဆော့လက်စကို ခနရပ်ပြီး ကျနော်တို့ ကလေးတသိုက်က ရဟတ်ယာဥ်ဆိုတာကြီးရဲ့ နောက်ကို ပြေးလိုက်ပြီး နောက်ဆုံး သေးသေးမှုန်မှုန်လေး မြင်ရတဲ့အထိ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ရဟတ်ယာဥ်ကို မျက်စေ့တဆုံး လိုက်ကြည့်မိခဲ့တယ်။
ရဟတ်ယာဥ်က နိမ့်နိမ့်လေး ပျံသန်းတာမျိုးနဲ့များကြုံရင် ကျနော်တို့က မြေပြင်ပေါ်ကနေ လက်လှမ်းပြပြီး ပိုင်းလော့နဲ့ ရဟတ်ယာဥ်ပေါ် ပါလာတဲ့သူတွေကို အော်ဟစ်ပြီး ခုန်ပြတတ်သေးတာ။ ကလေးဆိုတော့ ဒီလို ရဟတ်ယာဥ်တွေကိုမြင်ရင် ပျော်တယ်လေ နော်။ ကျနော်တို့အတွက်တော့ ဒါတွေက အထူးအဆန်းဖြစ်တာကိုး။
ဒီလို ရဟတ်ယာဥ်တွေ၊ လေယာဥ်တွေကိုမြင်ရင် ကျနော်တို့က ပျော်နေပေမယ့် တခြား တဘက်မှာတော့ ဒီလို ရဟတ်ယာဥ်တွေ၊ လေယာဥ်ပျံတွေကိုမြင်ရင် ကြောက်နေတဲ့သူတွေ ရှိတယ်ဆိုတာ အဲသည့်အချိန်တုန်းက မတွေးမိခဲ့ဖူးဘူး။ ကျနော်တို့အတွက်တော့ ပျော်စရာဆိုပေမယ့် သူတို့အတွက်တော့ ဒီအရာတွေဟာ တကယ့်ကို သေမင်းတမန် တခုလို ဖြစ်နေခဲ့ကြတယ်။
တနေ့က ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုလေးနှစ်ခု ကြည့်လိုက်ရတယ်။ ဗီဒီယိုတခုမှာ ၂ နှစ် ၃ နှစ် အရွယ်လောက်ပဲရှိသေးတဲ့ လီဆူးတိုင်းရင်းသား ကလေးလေးတဦးက ကောင်းကင်မှာပျံနေတဲ့ လေယာဥ်ပျံကိုမြင်ပြီး ဖိနပ်နဲ့ လှမ်းပေါက်ဖို့ရွယ်ရင်း သူတို့ လီဆူးဘာသာစကားနဲ့ “သွား” “သွား” ဆိုပြီး အော်ပြောနေတာကို တွေ့လိုက်ရတယ်။
နောက်ဗီဒီယိုတခုကျတော့ ကလေးနှစ်ယောက်က ရဟတ်ယာဥ်လား၊ လေယာဥ်လားမသိဘူး တခုခုလာလို့ သူတို့လေးတွေ ပုန်းနေကြတာကို မြင်လိုက်ရတယ်။
ကျနော် ဒီ ဗီဒီယိုဖိုင်နှစ်ခုကို နောက်တခါ ထပ်ပြီး ဖွင့်မကြည့်နိုင်တော့ဘူး။ အကြောင်းက … ဒီကလေးတွေရဲ့ ရင်ထဲက အနာတွေကို မမြင်ရက်နိုင်လို့။
ကျနော် အခု ဘန်ကောက်မှာ နေတဲ့အခန်းက လေယာဥ်ကွင်းနဲ့ မနီးမဝေးမှာရှိတယ်။ ဒီတော့ ရဟတ်ယာဥ်တွေနဲ့ လေယာဥ်ပျံတွေက ကျနော့်အခန်းနားကနေ ခနခန ဖြတ်ပြီးပျံသွားတာကို နီးနီးကပ်ကပ် မြင်နေရတယ်။ ဒီလို ရဟတ်ယာဥ်တွေ၊ လေယာဥ်ပျံတွေ မောင်းလာတဲ့အသံကြားရင် အိမ်က ကျနော့်သားက ၀ရန်တာကနေ အမြဲလို ထွက်ကြည့်တတ်တယ်။ တခါတလေများ သူက မော့ကြည့်ရတာ အားမရရင် ကျနော့်ကို ချီခိုင်းပြီး ပြခိုင်းသေးတယ်။ ပြီးရင် သူအမြဲပြောတဲ့စကားက “သူကြီးလာရင် ဒီလို လေယာဥ်ပျံကြီး မောင်းမှာတဲ့။”
သူ ဒီလို ရဟတ်ယာဥ်တွေ၊ လေယာဥ်ပျံတွေကို ပျော်ပျော်ကြီး လိုက်ကြည့်တာကိုမြင်ရင် ကျနော့်မျက်လုံးထဲ ရဟတ်ယာဥ်နဲ့ လေယာဥ်ကိုကြောက်လို့ ပုန်းနေရတဲ့ ကလေးတွေကိုပဲ ပြေးမြင်မိတယ်။
ကျနော့်သားကတော့ ကလေးပီပီ ဒီလို ရဟတ်ယာဥ်တွေ၊ လေယာဥ်တွေကိုမြင်ရင် ပျော်တာ သဘာဝဆိုပေမယ့် တချို့ကလေးတွေမှာတော့ ဒီလိုယာဥ်ပျံတွေကိုမြင်ရင် မပျော်နိုင်ရှာဘူး။
ကျနော့်သားအတွက်ကတော့ ဒီလို ယာဥ်ပျံတွေက လူတွေကို သေအောင်လိုက်သတ်တဲ့ အရာဆိုပြီး သူနားလည်အောင်ရှင်းပြရမှာ ခက်သလို တခြားတဘက်က ကလေးတွေကိုလည်း ဒီလိုယာဥ်ပျံတွေမြင်ရင် ပျော်ဖို့ကောင်းတယ်ဆိုတာ သူတို့နားလည်အောင် ရှင်းပြ၊ ပြောပြဖို့ကလည်း မဖြစ်နိုင်တော့ဘူး။
ဒီနေရာမှာ ပြောစရာတခုရှိတာက ကျနော့်သား အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါး နေရတယ်ဆိုပေမယ့် သူ့အသိစိတ်မှာရော၊ မသိစိတ်မှာပါ ကြောက်တဲ့အရာတခုရှိတယ်။ အဲ့ဒါ စစ်သားယူနီဖောင်း ဝတ်တဲ့သူနဲ့ ရဲယူနီဖောင်း ဝတ်တဲ့သူတွေကိုပဲ။ ပြောရမယ်ဆိုရင် ကျနော့်ကို လာဖမ်းကြတုန်းက ကျနော့်သားက ၂ နှစ်နဲ့ ၁ လသားပဲရှိသေးတယ်။ ဒီအရွယ်မှာ မိသားစုလိုက် ပုန်းလျှိုး ကွယ်လျှိုးနဲ့ ညတွေဆို အသံတိတ်ပြီး နေခဲ့ရတဲ့အချိန်တွေနဲ့ ကျနော့်ကို စစ်ခွေးတွေက လိုက်ဖမ်းကြတာကိုလည်း သူမြင်ခဲ့ရတာဆိုတော့ သူ့ရဲ့မသိစိတ်မှာ ဒီယူနီဖောင်းဝတ်တွေက သူ့အဖေရော၊ သူ့မိသားစုကိုပါ ဒုက္ခပေးမယ့်သူတွေလို့ ထင်သွားတာပဲ။
ဒီလို ကလေးတယောက်ရဲ့ မလုံခြုံတဲ့စိတ်က အခု ၅ နှစ်သားအရွယ် ရောက်တဲ့အထိ သူ့မှာကပ်ပါလာတယ်။ ဘာကြောင့် ကျနော် ဒါမျိုးပြောလဲဆိုရင် တနေ့က ကျနော်တို့သားအဖ 7-eleven ကိုအသွား လမ်းမှာ ရဲတွေက သူတို့အချင်းချင်း စကားပြောနေတာကိုမြင်တော့ တချိန်လုံး လှစ်လှစ်ထနေတဲ့ ကျနော့်သားက ချက်ချင်းကို အသံတိတ် သွားပြီး ဘာစကားသံမှ မထွက်တော့ဘဲ ကျနော့်လက်ကို တင်းတင်းကြပ်ကြပ် လှမ်းဖက်ထားတယ်။ (သူက လှည့်ပြီး ပြန်ဖို့တောင် လုပ်သေးတာ။)
သူ့အတွက်ကတော့ ထိုင်းရဲဖြစ်ဖြစ်၊ မြန်မာရဲဖြစ်ဖြစ် ယူနီဖောင်း ဝတ်ထားတဲ့သူမှန်သမျှ အတူတူပဲ။ ယုတ်စွအဆုံး ဘဏ်လုံခြုံရေးကလည်း ယူနီဖောင်းဝတ်ထားတဲ့အတွက် သူ့စိတ်မှာ ကြောက်စရာတခုလို ထင်နေတာပဲ။
ဒီတော့ ကလေးချင်းတူပေမယ့် သူတို့ကြုံတွေ့ရတဲ့ လောကဓံတွေက မတူညီတာကြောင့် သူတို့တွေ လက်ခံထားတဲ့ အရာတွေ မတူညီသလို သူတို့ ပျော်တဲ့အရာတွေကလည်း မတူညီတော့ဘူး။ ဒီလို စိတ်ဒဏ်ရာတွေနဲ့ နာကျင်ရတဲ့ ကလေးတွေကို မြင်တိုင်း ကျနော် ဝမ်းနည်းရတယ်။
သေချာတာတခုကတော့ ကျနော့်သား အရွယ်ရောက်လာတဲ့တနေ့ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့ မင်းအောင်လှိုင် လို လူ့တိရစ္ဆာန်မျိုး ဖြစ်မလာစေရဘူး ဆိုတာပါပဲ။
Be the first to comment