“ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ”
Simon
တနေ့ကညပိုင်း အလုပ်ပြီးတဲ့အချိန် ဘာရယ်မဟုတ်ဘဲ အွန်လိုင်းမှာ ဟိုပွတ်၊ ဒီပွတ်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ “အနောက်ဘက်သို့ခရီးသွားခြင်း” ဆိုတဲ့ စွန်းဝူခုန်းကားကို တွေ့လို့ ပြန်ကြည့်မိတယ်။
ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ၊ ကာလာအယူအဆတွေက ဒီဘက်ခေတ်နဲ့ယှဥ်ကြည့်ရင် ဘာမှမဆိုင်တော့ပေမယ့် သူ့ခေတ်သူ့အခါတုန်းက အထူးသဖြင့် ကျနော်တို့ ငယ်ငယ်တုန်းက ဒီစွန်းဝူခုန်းကားက တနိုင်ငံလုံး လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲတခုဖြစ်ခဲ့တယ်။
အဲ့သည့်ကာလတုန်းက ဇာတ်လမ်းတွဲတွေမှာ ဂျပန်နဲ့ တရုတ်က အာရှရဲ့ အင်အားကြီးပြိုင်ဆိုင်မှု ပြင်းထန်တဲ့ကာလလို့တောင် ပြောရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စွန်းဝူခုန်းဇာတ်လမ်းတွဲ မပြခင် ရှေ့မှာ “အိုးရှင်း” ဂျပန် ဇာတ်လမ်းတွဲက ကျနော်တို့ရဲ့ အသည်းစွဲ ဖြစ်ခဲ့ဖူးတာကိုး။
“အိုးရှင်း” ဇာတ်လမ်းတွဲအပြီးမှာတော့ “စွန်းဝူခုန်း” ဇာတ်လမ်းတွဲပေါ်လာပြီး နောက်ပိုင်း ကျနော်တို့နိုင်ငံမှာ သိုင်းလောကကြီးတခုလုံးနဲ့ ရင်းနှီးလာမယ့် ကျန်ကျောင်း၊ သိုင်းလောကရဲ့ စိန်ခေါ်သံ၊ နဂါးနိုင်ဓါး အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ တရုတ်ရုပ်ရှင်လောကကြီးက အချိန်အတော်ကြာ စိုးမိုးထားနိုင်ခဲ့တယ်။ အဲ့သည့်နောက်တော့ “ဆောင်းဦးရွက် ကြွေ ချစ်သက်သေ” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေ တခေတ်ဖြစ်လာမယ့်အချိန်ကို ရောက်လာပြန်တယ်။
ပြောရမယ်ဆိုရင် ကျနော်တို့ငယ်စဥ် ချာတိတ်ဘ၀က ခုခေတ်လို အင်တာနက်တွေ၊ ဖုန်းတွေ မရှိသေးတော့ ည ၇ နာရီဆို TV ကလာတဲ့ ဇာတ်လမ်းတွဲတွေက ကျနော်တို့အတွက် အပန်းဖြေစရာ၊ မိသားစုဆုံစည်းရာ နေရာတခုလိုပါပဲ။
တခါတလေဆို ၇ နာရီထိုးခါနီးမှ မီးပျက်သွားရင်၊ ဒါမှမဟုတ် ကြည့်နေရင်းတန်းလန်းနဲ့ မီးပျက်သွားရင် မီးလာတဲ့ရပ် ကွက်ကိုပြေးပြီး လက်ကျန်အခန်းလေး မီအောင် ပြေးကြည့်တာတွေ၊ ဘက်ထရီအိုးရှိတဲ့အိမ်က TV ကို ပြေးကြည့်တာတွေလည်း ရှိသေးတယ်။
ပြောရမယ်ဆိုရင် အဲ့သည့်ကာလတွေက ကျနော်တို့လို 90 born တွေအတွက် အမှတ်တရဖြစ်စရာ အရာတခုဆိုလည်း မမှားဘူး။ အဲ့သည့်ခေတ် အဲ့သည့်အခါတုန်းက မီးဆိုတာကလည်း အချိန်နဲ့လာ၊ အချိန်နဲ့ ပျက်တာမျိုးမဟုတ်ဘဲ လာချင်သလိုလာပြီး ပျက်ချင်သလိုပျက်တာဆိုတော့ မီးလာရင် ဇာတ်လမ်းတွဲတွေကြည့်၊ မီးပျက်ရင် ညမှောင်မှောင် လသာတဲ့အချိန် လမ်းထဲမှာ ထုပ်စည်းတိုးတာတွေ၊ ရုပ်ရှင်ဝှက်တမ်း ဆော့တာတွေနဲ့ ကျနော်တို့ ကလေးဘ၀က အတော်လေး ပျော်ဖို့ကောင်းခဲ့တာကို တွေးမိလို့ပါ။
တကယ်လည်း ကျနော်တို့ကလေးဘ၀က အတော်လေး ဖြူခဲ့ကြတယ်။ အခုခေတ် ကလေးတွေလို ဟိုစိတ်၊ ဒီစိတ် တွေလည်း မရှိကြသလို GF, BF တွေလည်း မရှိ၊ Just friend ဆိုတာမျိုးလည်းမရှိနဲ့ တကယ့် ကလေးပီပီ ပျော်ခဲ့ကြတာ။ တချို့ကောင်တွေဆို ၄ တန်း၊ ၅ တန်းလောက် ရောက်နေတာတောင် မိုးရွာထဲ တန်းလန်း တန်းလန်းနဲ့ မိုးရေထွက်ချိုးပြီး ဘောလုံးကန်လို့ကောင်းတုန်း။
ခုခေတ်ကလေးတွေကတော့ ၄ နှစ် ၅ နှစ်နဲ့ပဲ သူတို့မှာ သူတို့ ခရက်ရှ်တဲ့သူက ဘယ်သူ၊ ဘယ်သူ့ကို ကြိုက်တာဆိုတာကအစ ပြောတတ်နေပြီ။ ခေတ်ရဲ့ တိုးတက်ပြောင်းလဲလာမှုနဲ့အတူ ကလေးတွေရဲ့ အသိဉာဏ်တွေကလည်း ကျနော်တို့ခေတ်ကထက် ပိုပြီး ရှေ့ရောက်လာသလို သူတို့ရဲ့ တွေးခေါ်ပုံတွေကလည်း မြင့်လာတယ်။
ဥပမာ ကျနော်တို့ငယ်စဥ်က ပန်ကာတွေ အခုလို ဖောဖောသီသီ မရှိစဥ်အချိန် နွေရာသီ မီးပျက်လို့ ပူပြီး အိပ်မရတဲ့အခါ ပုဆိုးကို ရေစွတ်၊ ပြန်ညှစ်ပြီး ဖျာပေါ်မှာခင်းပြီး အိပ်ကြရတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ကလေးတွေမှာတော့ ဒါမျိုးတွေ မရှိတော့ဘူး။ မွေးကတည်းက အဲကွန်းအခန်းထဲမှာပဲ မွေးလာခဲ့ကြတာဆိုတော့ မီးပျက်ရင် ပုဆိုးရေဆွတ် ပြီးအိပ်ဖို့ လာမပြောနဲ့ မရဘူး၊ ယပ်ခတ်ပေးရင်ပေး ယပ်ခပ်မပေးချင်ရင် ဘက်ထရီနဲ့ဖွင့်တဲ့ ပန်ကာနဲ့သာ ထားပေတော့ပဲ။
တကယ်တမ်းတွေးကြည့်ရင် ခေတ်တခုစီတိုင်းမှာ ကလေးတွေအတွက် ခေတ်ရဲ့ရေစီးနဲ့အတူ ဆိုးမွေ၊ ကောင်းမွေတွေကို ခံခဲ့ရတာချည်းပဲ။ အထူးသဖြင့် န၀တ၊ နအဖခေတ်မှာ ကြီးပြင်းလာကြတဲ့သူ တော်တော်များများက စောက်ပိန်းတွေများကြတယ်။ စစ်တပ်ရဲ့ အလုံးစုံ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရတာဆိုတော့ ခေါင်းထဲမှာလည်း စစ်တပ်က ရိုက်သွင်းထားတဲ့ ဝါဒမှိုင်းတွေလောက်ပဲရှိကြပြီး တခြားအရာတွေကိုလည်း ဖြန့်ကျက် တွေးခေါ်နိုင်စွမ်း မရှိဘူး။
အဲ့သည့်ခေတ် အဲ့သည့်ကာလတုန်းက နိုင်ငံရေးစကားပြောတဲ့သူတွေကို လက်ချိုးပြီး ရေတွက်လို့ရသလို နိုင်ငံရေးအကြောင်း ပြောကြတဲ့သူတွေကလည်း ထောင်ထဲမှာပဲ ရှိကြတာများတယ်။ ကျနော်တို့အိမ်မှာဆိုရင်လည်း နိုင်ငံရေးအကြောင်း မပြောကြသလို ရေဒီယိုကလာတဲ့ BBC က အသံလွှင့်တာကိုတောင် ခိုးပြီး နားထောင်ရတဲ့ ဘ၀။
ဒီတော့ စာတတ်၊ ပေတတ်တဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် စစ်တပ်ကို မလွန်ဆန်ရဲဘဲ လက်ညိုးထောင်၊ ခေါင်းညှိတ်တာပဲ လုပ်ခဲ့ကြတဲ့ ကာလဆိုတော့ ကျနော်တို့တွေဆို ပြောမနေနဲ့။ ဘဘ ဗိုလ်ချုပ်ကြီး ကျန်းမာပါစေဆိုပြီး အော်ခိုင်းရင်လည်း အော်လိုက်တာပဲ၊ ဘဘဗိုလ်ချုပ်ကြီးကို သွားကြိုရမယ်ဆိုရင်လည်း သူတို့ကျွေးတဲ့ ကောင်ညှင်းပေါင်းတထုပ်ကိုစားပြီး သွားကြိုလိုက်ကြတာပဲ။ သန်းရွှေ ကောင်းလား၊ မကောင်းလားလည်း မသိသလို ခင်ညွှန့် ဆိုးလား၊ မဆိုးလားလည်း မသိဘူး။ သူတို့တွေ ပြည်သူတွေကို ဘယ်လို သတ်ခဲ့ကြတယ် ဆိုတာကိုလည်း မသိဘူး။ ဒီတော့ ပြောရမယ် ဆိုရင် ဒီလိုပုဂ္ဂိုလ်တွေကို ဆဲရကောင်းမှန်းလည်း မသိဘူး။ ကိုယ့်မှာ သူတို့ကိုမြင်ရင် လက်အုပ်လေးတောင် ချီထားရသေးတယ်။
တနေ့ကတော့ အိမ်မှာ ၅ နှစ်အရွယ် ကျနော့်သားနဲ့ ကျနော့်အမျိုးသမီး သူတို့သားအမိတွေ ရန်ဖြစ်ကြတယ်။ ရန်ဖြစ် တာကလည်း ထွေထွေထူးထူး မဟုတ်ပါဘူး။ အပြင်မှာ နေပူလို့ ထွက်မဆော့ဖို့ အမေဖြစ်သူက တားတာကို ကျနော့်သားက အကြောင်းပြချက်တွေ မျိုးစုံပေးပြီး ဂျစ်တိုက်နေလို့ ဖြစ်ကြတာ။
ဒီတော့ သားဖြစ်သူကပြောတယ်၊ ဘန်ကောက်မှာ မနေချင်တော့ဘူး၊ မြန်မာပြည်ပဲ ပြန်မယ်တဲ့။ ဒီတော့ အမေဖြစ်သူကပြောတယ်၊ ပြန်လေ ပြန်ပေါ့ မြန်မာပြည်မှာ လူဆိုးကြီး မင်းအောင်လှိုင်ရှိသေးတာ နင် ဘယ်လိုပြန်လို့ရမှာလဲတဲ့။
ဒီတော့ ကျနော့်သားက ဘာပြန်ပြောတယ်ထင်လဲ …
ဟွန့် !!! “stupid မင်းအောင်လှိုင်” တဲ့။
ကျနော့်မှာ ဒီကောင်ပြောတဲ့စကားကို ကြားပြီး ခိုးပြီး ရယ်မိသေးတယ်။ သူသိအောင် မရယ်ရဲတာက ဒီလိုစကားပြောတာကို မိဘဖြစ်တဲ့ ကျနော်ကိုယ်တိုင်က သိသိကြီးနဲ့ မတားဘဲ မြှောက်ပေးသလိုဖြစ်သွားရင် ဒီကောင်က နောက်ဆို လူရှေ့သူရှေ့ လူကြားထဲမှာ တခုခုဆို stupid ဆိုတာကြီး ခနခနပြောနေမှာစိုးလို့။
ဒါပေသည့် သူပြောတဲ့ “stupid မင်းအောင်လှိုင်” ဆိုတဲ့စကားကိုတော့ သဘောကျမိသား။ ဒီကောင်မဆိုးဘူး၊ ငါ့ထက် သာတယ်၊ ငါ့အရွယ်တုန်းက သန်းရွှေနဲ့ ခင်ညွှန့်ကို ဒါမျိုးပြောဖို့ အသာထား၊ လက်အုပ်ချီပြီး ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေလို့ပဲ ပြောခဲ့ရတာကိုး။
Be the first to comment