ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ

“ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ”
◼️Simon
တနေ့က YouTube မှာ တွတ်ပီတို့ Idiots Band က ကန်ဘောင်မှာ busking လုပ်ခဲ့တာကို ပြန်ကြည့်ရင်း ဒီကောင် တွေအဖွဲ့ကို လွမ်း၊ ကန်ဘောင်နဲ့ တက္ကသိုလ်ကြီးကို လွမ်းနဲ့ အလွမ်းတွေ ပြန်ဖြစ်လာတယ်။
ကျနော် တက္ကသိုလ်ကျောင်းသား ဘဝတုန်းက အင်းလျားကန်ဘောင်ကို ခဏခဏရောက်တယ်။ ကန်ဘောင်ခဏခဏ ရောက်တယ်ဆိုလို့ ကျနော့်ကို လှိုင်၊ အင်းစိန်မှာနေပြီး မိန်းထဲမှာ ကျောင်းတက်တာလို့ မထင်နဲ့ဦး။ တကယ်က ရေကျော်မှာနေပြီး တာဝမှာ ကျောင်းတက်ရတာ။
ဒါပေမယ့် ကန်ဘောင်ကို ခဏခဏရောက်ရတဲ့အကြောင်းက ကျနော့် ex က လှည်းတန်းမှာ ကျူရှင်တက်တာလေ။ ဒီတော့ သူ့ကိုသွားကြိုရင်း အပြန် ကန်ဘောင်မှာ အမြဲသွားထိုင်ဖြစ်တယ်။
ကျနော်တို့ခေတ်တုန်းက ပုစွန်တောင်ကနေ ကန်ဘောင်ကိုသွားချင်ရင် ၅၀ ဘတ်စ်ကားကြီးကို ပုစွန်တောင်စျေးကဖြစ်ဖြစ်၊ ပုစွန်တောင် စာတိုက်မှတ်တိုင်ကဖြစ်ဖြစ် တမျှော်တခေါ်ကြီး စီးသွားရတာ။ ပြီးရင် လှည်းတန်းမှာဆင်း၊ ပြီးရင် ကားလမ်းကူးပြီး ပြည်လမ်းကနေ ၅၁ ဘတ်စ်ကားကို ထပ်စီးပြီး တံတားဖြူမှာဆင်း ဒီလို နှစ်ဆင့်စီးမှရောက်တယ်။
အဲ့သည့်ကာလတုန်းက အင်လျားကန်က ထိုင်ခုံလေးတွေမှာ ထီးလေးတွေ စပြီးထားပေးပြီ။ ဒီတော့ ထိုင်ပြီဆိုရင် နေပူရင်ပူသလို ထီးကို အနိမ့်အမြင့် လိုသလိုချိန်ပြီး ထားလို့ရတယ်။ မိုးရွာရင်လည်း ရွာသလို ထီးအောက်မှာထိုင်ပြီး ကန်ရေပြင်ထဲကိုကျနေတဲ့ မိုးရေတွေကို ထိုင်ကြည့်ရင်းနဲ့ ကန်ဘောင်မှာ သဘာဝ အလှအပတရားကြီးကို ကောင်းကောင်းကြီး ခံစားခဲ့ဖူးတယ်။
တခါတလေ အိမ်ကိုပြန်တဲ့အချိန် ၅၁ ကားကို လှည်းတန်းထိ မစီးတော့ဘဲ ကျောင်းထဲကနေဖြတ်ပြီး လှည်းတန်းထိလမ်းလျှောက်ပြီးပြန်တယ်။
ကန်ဘောင်ကနေ လျှောက်လာပြီး စီးပွားရေးတက္ကသိုလ်ထဲကိုဝင်၊ အဲဒီကနေမှတဆင့် အဓိပတိလမ်းကနေ မိန်းပေါက်ဝကိုထွက်ပြီး လှည်းတန်းမှတ်တိုင်ထိ လမ်းလျှောက်တယ်။ သဘောအကျဆုံးကတော့ ကျောင်းထဲမှာ လမ်းလျှောက်ရတဲ့အချိန်ပဲ။
ကျနော်တို့ခေတ်တုန်းက မိန်းထဲမှာ ဘွဲ့လွန်တွေပဲ တက်လို့ရတာဆိုတော့ တက္ကသိုလ်စစ်စစ်လို့ မှတ်ယူထားတဲ့ ရန်ကုန်တက္ကသိုလ်ဝန်းကြီးက ကျနော်တို့အတွက်တော့ သူစိမ်းပြင်ပြင်ပါပဲ။ ဒီတော့ ဖြတ်သွားဖြတ်လာ လုပ်လို့ရတာကလွဲပြီး တခြား ဘာမှမရှိ။ အဲ့သည့်တုန်းကတော့ ခုခေတ်လို ဖုန်းတွေလည်း မပေါ်သေးတဲ့အချိန်ဆိုတော့ ကျောင်းထဲမှာ ဓါတ်ပုံဆရာတွေကလည်း ရှိတယ်။ တချို့တွေဆို ကျောင်းထဲမှာပဲ အလှဓါတ်ပုံတွေ လာရိုက်တတ်ကြသေးတာကိုး။
ဒီလို မိန်းထဲကိုရောက်တိုင်း ဒီကျောင်းကြီးမှာ ငါတို့ကို ဘယ်သူက ကျောင်းတက်လို့မရအောင် တားမြစ်ထားတာလဲ စတဲ့ အတွေးပေါင်းများစွာနဲ့ အမျိုးအမည်မသိတဲ့ ခံစားချက်တွေကိုလည်း ခံစားရတယ်။ ကန်ဘောင်မှာ ထိုင်ရတဲ့ အချိန်၊ မိန်းထဲက ဖြတ်လျှောက်ရတဲ့ အချိန်တွေတိုင်းမှာလည်း လွမ်းသလို၊ ဆွေးသလို ခံစားမှုတွေကို ရရှိခဲ့တယ်။
ကျနော်တက်ရတဲ့ တက္ကသိုလ်နဲ့ ချိန်ထိုးကြည့်ပြီးရင် မိန်းထဲရောက်တဲ့ အခိုက်အတန့်က တကယ့်တက္ကသိုလ် ရောက် တယ်လို့ ခံစားမိတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ကျနော်တို့တက်ရတာက တာဝဆိုတော့ သိတဲ့အတိုင်းပဲ မြို့ပြင်မှာ ဖုန်တလုံးလုံးနဲ့ နေပူကျဲကျဲထဲမှာ ကျောင်းတခါသွားပြီး ပြန်လာတိုင်း လူက ဖတ်ဖတ်ကိုမောရော။
တကယ်တော့ ရန်ကုန်တက္ကသိုလ်ဆိုတာကလည်း သူ့ခေတ်သူ့အခါတုန်းက မြို့ပြင်ကျတဲ့နေရာမှာ တည်ရှိတယ်လို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် စာအုပ်ထဲမှာ ရေးထားတာ ရန်ကုန်တက္ကသိုလ် အင်းလျားကန်ဘောင်ကြီး ကျော်လွန်သွားရင် လူမနေတဲ့ သစ်ပင်၊ တောအုပ်တွေနဲ့ ခေါင်တယ်လို့ ရေးထားတာကို ဖတ်ဖူးတော့ တချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာလည်း ရန်ကုန်ရဲ့မြို့အစွန်မှာ တည်ရှိတယ်လို့ ကောက်ချက်ချရမယ်။
ဒါဆို မြို့အစွန်မှာ တည်ရှိတာချင်းအတူတူ ကျနော်တို့တက်ရတဲ့ တာဝကျောင်းတွေကို ဘာလို့ တက္ကသိုလ်လို့ မခံစားရတာလဲဆိုရင် အဓိကတက္ကသိုလ်တခုမှာ ရှိသင့် ရှိအပ်တဲ့ အင်္ဂါရပ်တွေနဲ့ မညီတာကြောင့်လို့လည်း ထင်ပါတယ်။
တာဝကိုသွားရင် သန်လျင်ဘုရားဖူးထွက်သလို တသီးပုဂ္ဂလကြီး သွားရတယ်။ ကျောင်းနားပတ်ဝန်းကျင်မှာလည်း ဘီယာဆိုင်၊ မာဆက်၊ တည်းခိုခန်းတွေအပြည့်နဲ့ အတန်းပညာ တတ်မတတ်ဆိုတာတော့ မသိဘူး၊ တခြား ပြင်ပ ပညာရပ်တွေကတော့ အကုန်တတ်မြောက်မှာ အသေအချာပဲ။
ကျနော် နိုင်ငံခြားတိုင်းပြည်တွေရောက်တော့ သူငယ်ချင်းတွေတက်ကြတဲ့ တက္ကသိုလ်တွေထဲကို အမြဲလိုရောက်ဖြစ် တယ်။ အထူးသဖြင့် ကျနော်က ဟိုတယ်မှာ Chef လုပ်တာဆိုတော့ ကျနော်တို့ဟိုတယ်ကို တက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်နေရတဲ့သူတွေက Part Time ဆင်းပြီး ကျောင်းနဲ့ ဟိုတယ်ရဲ့ နားလည်မှုနဲ့ အလှည့်ကျလာလုပ်ပြီး အလုပ်အတွေ့အကြုံအစစ်ကို လာယူကြတယ်။
သူတို့ဆီမှာ စားဖိုမှူး ဝါသနာပါတဲ့သူတွေအတွက် တက္ကသိုလ်တွေရှိကြတယ်။ ၃ နှစ်တက်ရပြီး ဟင်းချက်တာတမျိုးတည်းမဟုတ်ဘဲ ကျန်းမာရေးနဲ့ပတ်သက်တဲ့၊ အာဟာရနဲ့ဆိုင်တဲ့ အရာတွေကအစ စာတွေ့၊ လက်တွေ့တွေ သင်ပေးကြတယ်။ နောက်ဆုံးနှစ် ကျောင်းသားတွေဆိုရင် ကျောင်းက ကန်တင်းမှာ အဖွဲ့လိုက် မီနူးတွေ ပြင်ဆင် ချက်ပြုတ် ပြီး ကျောင်းသားတွေကို ပြန်ရောင်းကြတယ်။ လာစားတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေက အမှတ်တွေ ပြန်ပေးကြတယ်။ ဘယ်နေ့က ဘယ်သူခေါင်းဆောင်တဲ့အဖွဲ့က ပိုပြီးကောင်းတယ်၊ မကောင်းဘူး စသည်ဖြင့်ပေါ့။
အဲ့သည့်က ရတဲ့အမှတ်တွေနဲ့ ကျောင်းပြီးရင် ပြင်သစ်၊ ကနေဒါ စတဲ့နိုင်ငံတွေရဲ့ စားဖိုမှူးတက္ကသိုလ်တွေမှာ စကောလားရှစ်တွေ ထပ်ရကြတယ်။
ဒီတော့ ကျနော့်မှာ သူတို့တက္ကသိုလ်တွေကိုရောက်တိုင်း သူတို့ကိုကြည့်ပြီး အားလည်းကျရတယ်၊ ကိုယ့်ကိုယ်ကိုလည်း ဝမ်းနည်းမိတယ်။
တနေ့က ဘော်ဒါတကောင်နဲ့ စကားစပ်မိရင်း သူ့ညီအကြောင်း ရောက်သွားတယ်။ ဒီကောင့်ညီက အခုမှ ၂၀ ကျော်ပဲရှိသေးတယ်။ လက်ရှိ PDF ထဲမှာ တာ၀န်ထမ်းဆောင်နေတာ။ အရင်က ရေကြောင်းတက္ကသိုလ် ကျောင်းသား၊ အာဏာသိမ်းတော့ ကျောင်းကထွက်ပြီး PDF ထဲရောက်သွားတာ။
ကျောင်းတော့ ပြန်တက်ချင်သေးတယ်တဲ့၊ ဒါပေမယ့် အခုတော့မဟုတ်ဘူး၊ အာဏာရှင်အမြစ်ပြတ်မှပဲ ပြန်တက်မယ် တဲ့။ ဒီလိုလူငယ်တွေ ကျနော်တို့တိုင်းပြည်မှာ အများကြီးနော်။ ဆရာ၀န်၊ အင်ဂျင်နီယာ၊ ရေကြောင်းအရာရှိ စသဖြင့် နယ်ပယ်အသီးသီးမှာ အလားအလာရှိကြတဲ့ လူငယ်တွေ တော်တော်များများက လက်ရှိမှာ တော်လှန်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင်နေကြတယ်။
ဒီလိုလူငယ်တွေအကြောင်း ကြားမိပြန်ရင် ကိုယ့်ကိုယ်ကို ရှက်ရပြန်ရော။ သြော် ဘာပဲဖြစ်ဖြစ် ငါကမှ တက္ကသိုလ် ကျောင်းသားဘဝကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းခဲ့ရသေးတယ်၊ ဒါကို အင်းလျားနဲ့ တက္ကသိုလ်အကြောင်းတွေးပြီး ခံစားပြနေသေးတာ။
ဒီလို ကိုယ်က အတိတ်တွေပြန်တွေးပြီး Feel နေချိန် ကိုယ့်ထက်ငယ်တဲ့ ချာတိတ်တွေကမှ သူတို့ကျောင်းတော်ကြီးကို ကျောခိုင်းပြီး တော်လှန်ရေးမှာ ပါ၀င်နေတာဆိုတော့ ဒီကောင်တွေဆို ဘယ်လောက်တောင် ပိုပြီး ကြေကွဲရမလဲဆိုတာကို တွေးမိပြီး ကိုယ့်ကိုယ်ကို ရှက်မိပြန်လေရော။
တကယ်တော့ လူကြီးတွေက အတိတ်တွေကို စားမြုံ့ပြန်ပြီး လွမ်းဆွေးနေချိန် လူငယ်တွေကတော့ လက်ရှိကာလကိုပဲ အာရုံစိုက်ပြီး သူတို့ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်နေကြတာများပါတယ်။
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*