ကျနော်နှင့် ဝက်ခေါင်း

“ကျနော်နှင့် ဝက်ခေါင်း”
◼️Simon
ကျနော် နိုင်ငံခြားကိုစရောက်တော့ အသက်က ၁၉၊ ၂၀ ပတ်ချာလည်။ အိမ်မှာတုန်းက ဘာမှ မည်မည်ရရမလုပ်ဘဲ ဂီတာပဲ တီးတတ်တဲ့ကောင်ဆိုတော့ တကယ်တမ်း ရေခြားမြေခြားကိုလည်းရောက်ရော ကျနော့်ရဲ့ နေ့စဥ်ကြုံရတဲ့ပြဿနာက ကိုယ်စားဖို့ ကိုယ်ချက်ရတဲ့ ပြဿနာပဲ။
နိုင်ငံခြားမှာ နေဖူးတဲ့သူတိုင်းလည်း သိကြမှာပါ။ ဟိုမှာက နေ့စဥ်ဝယ်စားဖို့ဆိုတာ မတတ်နိုင်တော့ အကုန်လုံးက ကိုယ့်ထမင်း ကိုယ့်ဟင်းစားနဲ့ကိုယ် တကိုယ်စာ ချက်ကြပြုတ်ကြရတာ။
ဒီတော့ အိမ်မှာနေတုန်းက ကြက်ဥတောင် ဖြောင့်အောင်မကြော်တတ်တဲ့ ကျနော်က သူများနိုင်ငံလည်းရောက်ရော စပြီး တိုင်ပတ်တော့တာပဲ။ အတူနေတဲ့ Hostel က စီနီယာတွေရဲ့ နည်းပေးလမ်းပြမှုနဲ့ အလွယ်ဆုံးအလုပ်ဖြစ်တဲ့ ထမင်းပေါင်းအိုး အသေးတလုံးဝယ်ပြီး ထမင်းချက်ပြီးတာနဲ့ ဆီနဲ့ဆားနယ်ပြီး ကြက်ဥပြုတ်နဲ့ဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ် နဲ့ပဲဖြစ်ဖြစ် စားရတော့တယ်၊ ဟင်းမှ မချက်တတ်ဘဲ။
ကြက်ဥပြုတ်တောင် ရေနဲ့ သီးသန့်ပြုတ်တာမဟုတ်၊ ထမင်းတည်ရင်း ပေါင်းအိုးထဲကို ဆန်နဲ့ အတူပစ်ထည့်လိုက်တာ။ ဒါဆို ထမင်းလည်းကျက်၊ ဥလည်းကျက်၊ ပြီးရင် ဆီဆမ်းပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်နီနဲ့ ဆွဲတော့တာပဲ။
ဒါပေမယ့် နေ့စဥ်တော့လည်း ဒီတိုင်းချည်း မစားနိုင်ပါဘူး။
ဒီတော့ စျေးထဲကိုသွားပြီး ငါ ဘာများ ချက်စားလို့ရမလဲဆိုပြီး လိုက်ကြည့်မိတယ်။ အဆောင်ကလူတွေကတော့ ကြက်သား၊ ဝက်သားတွေ ဝယ်ချက်ပြီး ရေခဲသေတ္တာထဲ ထည့် ခဲထား၊ စားချင်တဲ့အချိန်ကြမှ စားမယ့်ပမာဏကို ထုတ်ပြီး အပူပေးပြီး ပြန်စားနဲ့လုပ်ကြတာ။ ကျနော်ကတော့ ရောက်ခါစမှာ အလုပ်လည်းမရှိသေးတော့ စျေးလည်းပေါ၊ ကြာကြာလည်း စားလို့ရမယ့်ဟာကို လိုက်ရှာပြီး ချက်စားဖို့ကို စဥ်းစားရတယ်။ ဒီတော့ ကြာကြာလည်းစားရမယ်၊ အသားလည်းဖြစ်ရမယ်၊ စျေးလည်းပေါရမယ်၊ ချက်ရပြုတ်ရလွယ်တယ် ဆိုတဲ့ဟာကို လိုက်ရှာရင်း နောက်ဆုံး ကျနော်တွေ့လိုက်တာက ဝက်ခေါင်းပဲ။
ဝက်ခေါင်းက တခြားဟာတွေနဲ့ယှဥ်လိုက်ရင် တန်တယ်၊ ကြီးလည်းကြီးတယ်။ နောက်ပြီး သိမ်းထားရင် ကြာကြာလည်း စားလို့ရတာဆိုတော့ ကျနော်က ဝက်ခေါင်းတခေါင်းကို ဝယ်လာပြီး ရေခဲသေတ္တာ အပေါ်အဆင့်ထဲမှာ ထည့်ထားလိုက်တယ်။ ဗိုက်ဆာတော့မှ နားရွက်လေးလှီးလိုက်၊ နှာခေါင်းလေးလှီးလိုက်နဲ့ စားချင်တဲ့နေရာကို ဒီလိုမျိုး လှီးပြီးရင် ကြက်သွန်၊ သခွားသီး၊ ငရုတ်သီးစိမ်း ထည့်၊ သံပုရာသီးညှစ်၊ ဆား၊ အချိုမှုန့်နယ်ပြီး ထမင်းနဲ့စားတော့တာပဲ။
ဒါပေမယ့် ဒီလိုစားနေရင်း တရက်တော့ ပြဿနာတက်ပါလေရော၊။
ဘယ်လိုဖြစ်တာလဲဆိုတော့ ကျနော်တို့နေတဲ့ အဆောင်ကို အဆောင်ပိုင်ရှင် လင်မယားက တလတခါ အိမ်ကိုလာပြီး ကြည့်တတ်တယ်။ အိမ်ရောက်ရင်လည်း မိန်းမဖြစ်သူက ရေချိုးခန်း၊ အိမ်သာအပြင် မီးဖိုချောင်နဲ့ ရေခဲသေတ္တာတွေကအစ အကုန်လျှောက်ဖွင့်ကြည့်ပြီး သပ်သပ်ရပ်ရပ်ရှိလား၊ ညစ်ပတ်နေလားဆိုပြီး လိုက်စပ်စုတာပေါ့။
ဒီလို ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်နဲ့ လိုက်စပ်စုနေရင်း ရေခဲသေတ္တာ အပေါ်အဆင့်ကိုလည်း ဖွင့်လိုက်ရော ကျနော်ထည့်ထားတဲ့ ဝက်ခေါင်းကြီးကို ရုတ်တရက်မြင်ပြီး လန့်ပြီးအော်တာ ငယ်သံပါ ပါတဲ့အပြင် ဝုန်းခနဲဆိုပြီး ရေခဲသေတ္တာရှေ့ ခွေခွေလေး လဲကျသွားပါလေရော။
ဒါနဲ့ အဆောင်မှာရှိတဲ့လူတွေ အကုန်လုံး ဝရုန်းသုန်းကားဖြစ်ပြီး သံပုရာခွံရှုခိုင်းတဲ့သူနဲ့ ယပ်ခပ်ပေးတဲ့သူနဲ့ စောက်လုပ်တွေပါ ရှုပ်ကုန်ကြရော။ အိမ်ရှင်က သူ့မိန်းမ သတိလည်းရရော တရားခံရှာတဲ့အခါ ကျနော်မှန်းသိပြီး လူသစ်ဆိုတော့ ပြောလည်းပြောချင်၊ ရယ်လည်းရယ်ချင်နဲ့ ဖြစ်ကုန်ရော။
တကယ်တော့ ကျနော်က ဝက်ခေါင်းကို ဝယ်လာတယ်ဆိုပေမယ့် အပျင်းကြီးပြီး ရေခဲသေတ္တာထဲမှာ ခေါင်းကို ဆိုင်ကဝယ်လာတဲ့အတိုင်း မခုတ်ဘဲ ခေါင်းပြတ်ချည်းတိုင်း ထည့်ထားတာ။ စားချင်တဲ့အချိန်မှ နားရွက်လှီးလိုက်၊ နှာခေါင်းလှီးလိုက်နဲ့ လှီးပြီးစားတာဆိုတော့ ရေခဲသေတ္တာထဲက ဝက်ခေါင်းက နှားရွက်ကပြတ် နှာခေါင်းက တုံးတိကြီးနဲ့ ကြည့်ရတာ တော်တော်ရုပ်ဆိုးပြီး ရုတ်တရက်ဆို တရုတ်ကားတွေထဲက ဝက်မိစ္တာကြီး မြင်ရသလို ကြောက်ဖို့တောင်ကောင်းရော။
အိမ်ရှင်ရဲ့မိန်းမ မပြောနဲ့ ဒီဝက်ခေါင်းကိုစားမယ်ဆိုပြီး ဝယ်ထားတဲ့ ကျနော်တောင် နေ့စဥ်စားဖို့ ဓါးနဲ့လှီးတိုင်း ကိုယ့်ဝက်ခေါင်းကို ပြန်မြင်ပြီး လန့်နေရတဲ့အဖြစ်ဆိုတော့ အိမ်ရှင်မိန်းမ လန့်သွားတာကို အပိုလည်း မပြောချင်တော့ပါဘူး။ ကျနော်လည်း နီးရာကုန်မာဆိုင်က ဓါးကြီးကြီးပြေးဝယ်ပြီး ဝက်ခေါင်းကို ခုတ်ထစ်ပြီးတော့မှ ပြန်သိမ်းထားရတော့တယ်။
ဒီအကြောင်းကို ဘာလို့ အခုမှရေးမိလဲဆိုတော့ ပြီးခဲ့တဲ့ရက်က ဘောမတကောင် ရှော့ခံရတဲ့ပုံတွေ လိုင်းပေါ်တက် လာတော့ ကျနော်က အိမ်အတွက် စျေးထဲမှာ ဟင်းစားဝယ်ဖို့ သွားနေတာ။ ဒါနဲ့ လမ်းမှာပဲ ဖွင့်ကြည့်လိုက်တော့ သကောင့်သားပုံကို တွေ့ရော။ တွေ့တော့လည်း ဘာဖြစ်လဲ ကျနော်တို့အတွက် ဒီလို အနိဋ္ဌာရုံတွေက မထူးဆန်းဘူး။ ဒါပေမယ့် ပြဿနာက စျေးရောက်ရင် ဝက်ခေါင်းလေး ဝယ်ချက်မယ်လို့ တွေးထားတာဆိုတော့ စျေးထဲရောက်ပြီး ဝက်သားဆိုင်လည်းရောက်ရော ဆိုင်ရှင်တရုတ်က ဝယ်သူလာရင် ရောင်းဖို့ဖြတ်ထားတဲ့ ဝက်ခေါင်းကိုကြည့်ပြီး ကျနော့်မျက်လုံးထဲ ဟိုကောင့်မျက်နှာကြီးကို မြင်လိုက်၊ ဝက်ခေါင်းကို ပြန်ကြည့်လိုက်နဲ့ ဝက်သားစားချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။
အဲ့ဒါ ဒီနေ့ထိပဲ …
သြော် ဒီကောင်တွေ ရှင်စဥ်တုန်းကလည်း ငါတို့ကို စားချင်၊ သောက်ချင်စိတ်ပျောက်အောင် ဒုက္ခပေးတယ်၊ သေပြီးပြန်တော့လည်း ဒီတိုင်းပဲ ဘာမှ စားချင်စိတ်တောင် မရှိတော့အောင် လုပ်သွားပြန်သေးတယ်။ မင်းတို့ တော်တော်ဆိုးတဲ့ကောင်တွေပဲကွာ
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*