Simon
■ ရန်ကုန်မြို့ ကားလမ်းမကြီးတခုပေါ်တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်၍ ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ်ကို တော်လှန်လူငယ် များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
■ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရဲဘော်တဦး ရေစီးဖြင့်မျောပါပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
■ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ပေါ်ရှိ စင်ထရယ်ဝေါ ကုန်တိုက်ရှေ့တွင် Apple မှ အသစ်ထွက်ရှိလာသည့် iPhone ကို ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံမှ လူငယ်များ တန်းစီပြီး စောင့်ဆိုင်းနေကြကြောင်း သိရှိရသည်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
ကျနော့်ဖုန်းထဲမှာ တက်လာတဲ့ သတင်းတွေထဲက အဆိုပါ သတင်းခေါင်းစဥ်တွေကိုဖတ်ရင်း ကျနော် အလိုလို ခံပြင်းမိတယ်။
မနေ့တနေ့ကမှ တောင်ပိုင်းမှာရှိတဲ့ ကျနော့်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရတယ်။
“ဟရောင်တွေ အခြေအနေ ဘယ်လိုလဲ” ဆိုတော့ …
“ညအိပ်ပြီး မနက်မိုးလင်းမှာကို ကြောက်နေတယ်ကွာ”
“ဘာဖြစ်လို့လဲဟ” ဆိုတော့ …
“ငါတို့ဘက်မှာ တနေ့ကို တယောက်လောက် ကျနေတယ်”
ကျနော် ဘာဆက်ပြောရမယ်မှန်း မသိတော့ဘူး …
တော်လှန်ရေးစကတည်းက ကျနော်တို့နဲ့ အတူရှိခဲ့တဲ့ ရဲဘော်တွေ တယောက်ပြီးတယောက် ကျနော်တို့အနားကနေ ထွက်ခွာသွားခဲ့တာ ဘယ်နှစ်ယောက်မှန်း မသိတော့ဘူး။ ကျနော်ကိုယ်တိုင်လည်း သေဘေးကနေ သီသီလေး လွတ်လာခဲ့သလို ကျနော့်ရဲဘော်တွေ အသက်ဘေးနဲ့ ကြုံတွေ့နေရရင်လည်း သူတို့ကို ဒီလိုအဖြစ်ဆိုးတွေကနေ လွတ်မြောက်စေချင်တယ်။
ကျနော်တို့ သေရမှာကို မကြောက်ပါဘူး၊ သေပြီး ဘာမှဆက်မလုပ်နိုင်တော့တဲ့ ဘ၀ကို ရောက်သွားမှာပဲ ကြောက် တာ။ ကျနော်တို့ အသက်ရှင်သန်နေသရွေ့ ဒီတော်လှန်ရေးကြီးကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ စွမ်းစွမ်းတမံ ပါဝင်နိုင်တယ်၊ လုပ်ဆောင်နိုင်တယ်။ ဒါပေသည့် သေသွားပြီးရင်တော့ ပြီးပြီ။ ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းက ကုန်သွားပြီ။
အခု စစ်မြေပြင်မှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ကျနော့်သူငယ်ချင်းတွေရဲ့ စိတ်ကလည်း ကျနော့်လိုပဲ။ သေရမှာကို မကြောက်ဘူး၊ သေပြီး ဘာမှ ဆက်မလုပ်နိုင်တော့တဲ့ ဘ၀ကို ရောက်သွားမှာကိုပဲ ကြောက်ကြတာ။
လက်ရှိ ကျနော်တို့နိုင်ငံမှာ မြို့ပေါ်မှာ ဆန္ဒပြနေတဲ့ ရဲဘော်တွေ၊ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ အားလုံးရဲ့စိတ်မှာ တူညီတဲ့ ယုံကြည်ချက်တခုက ကျနော်တို့တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်နေပြီ ဆိုတာပါပဲ။
ကျနော်တို့လူငယ်တွေမှာ ဆုံးရှုံးရတာတွေ တအားများနေပြီ။ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အနာဂတ်နဲ့ ကျနော်တို့ ဘဝ ရည်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ စတဲ့အရာတွေအားလုံးကို ကျနော်တို့ လက်လွှတ်ချထားခဲ့ရတာတွေ များနေပြီ။
မီးတုတ်ကိုင်ပြီး ဆန္ဒပြသူ၊ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သူ အစရှိတဲ့ တော်လှန်ရေးကဏ္ဍအသီးသီးမှာ ကျနော်တို့နိုင်ငံက လူငယ်တွေက အခုလို တန်းစီပြီး ရုန်းကန်နေရချိန် ကျနော်တို့နဲ့ ဘေးချင်းကပ် ထိုင်းနိုင်ငံက လူငယ်တွေမှာတော့ iPhone ဝယ်ဖို့ တန်းစီပြီး စောင့်နေကြတယ်။
အာဆီယံဒေသတွင်းက နိုင်ငံချင်းအတူတူ၊ လူငယ်ချင်းအတူတူမှာ ဘာတွေက ကျနော်တို့ရဲ့ ဘ၀တွေကို ဒီလောက် တောင် ကွာခြားသွားစေတာလဲဗျာ။
အခုလာမယ့် ၂၀၂၅ မှာ Green day နဲ့ Marron 5 တို့ ထိုင်းမှာ လာပြီး ဖျော်ဖြေဖို့ရှိတယ်။ လက်မှတ်တွေကို အွန်လိုင်းမှာ စရောင်းနေပြီ၊ ထိုင်းလူငယ်တွေကြားမှာ လက်မှတ်ဝယ်ပြီး သွားကြည့်ကြဖို့ လုပ်နေကြပြီ။
ကျနော်တို့နိုင်ငံက လူငယ်တွေကတော့ အခုလိုဖျော်ဖြေပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗုံးသံ၊ သေနတ်သံတွေကြားမှာ အသက်ကို လောင်းကြေးထပ်ပြီး တိုက်ပွဲဝင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီမှာ ရဲဘော် ၁၈ ယောက် ရေစီးနဲ့မျောပါပြီး သေဆုံးသွားခဲ့ကြတယ်။
လူငယ်တွေ ပေးဆပ်ပြီး ရင်းနှီးနေရတဲ့ အသက်တွေက မနည်းတော့ဘူး။ ဒီလိုလူငယ်တွေက ခုလို ပေးဆပ်နေရချိန် အထက်က လူကြီးတွေက တရုတ်မျက်နှာကြည့်ရ၊ ဟိုလူ့မျက်နှာကြည့်ရနဲ့ စစ်ပွဲတွေကို အကျိုးစီးပွားနဲ့ ချိန်ထိုးပြီး ကစားနေကြတာကို တွေ့ရတယ်။
ဒီလိုတွေမြင်တော့ ကျနော်မေးချင်တာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်တာ ငါတို့လူငယ်တွေချည်းသက်သက်လား၊ ခင်ဗျားတို့ လူကြီးတွေရော မပါကြဘူးလား ဆိုတာပါ။
ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ကျနော်တို့တွေ ခရီးဆုံးတဲ့အထိ သွားရဖို့လိုတယ်ဆိုတာကို သိမြင်ကြဖို့လိုတယ်။ ခရီးဆုံးတဲ့အထိ မသွားဘူး၊ ကိုယ့်နေရာ၊ ကိုယ့်ဒေသလောက် လွတ်မြောက်ရုံနဲ့ပဲ ရပြီဆိုရင်လို့ တွေးရင်လည်း အဲသည့်အတွေးက မှားနေပြီလို့ပဲ ပြောချင်တယ်။
စစ်ကောင်စီဟာ သူတို့ရဲ့အမြစ်ကိုလှန်ပြီး မချိုးနိုင်သရွေ့ သူတို့က ရှင်သန်နိုင်မှာဖြစ်သလို သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကိုလည်း ဒီတိုင်း လက်လွှတ်ပေးထားမှာ မဟုတ်ဘဲ တချိန်မဟုတ် တချိန် အမြဲလို တိုက်ခိုက်နေမှာဖြစ်တယ်။
ဒီလိုအခါကြရင် အခုချိန်မှာ လွတ်မြောက်နေတဲ့ ဒေသတွေက လူငယ်တွေရဲ့ ဘ၀ဟာလည်း ကျီးလန့်စာစားနဲ့ စစ်ပွဲတွေကြားမှာ အနာဂတ်တွေ ထပ်ပျောက်ကြရဦးမယ်။ ဒီလိုသာဖြစ်ခဲ့ရင်တော့ တာ၀န်ရှိတဲ့သူက တချိန်က စစ်ပွဲမှာ ကိုယ့်ဘက်က အသာစီးရချိန် စစ်ကောင်စီကို အမြစ်ကလှန်ပြီး မချိုးခဲ့တဲ့ လူကြီးတွေရဲ့ အပြစ်ပဲ။
(ခင်ဗျားတို့မှာ တာ၀န်ရှိတယ်)
ဒါကြောင့် တော်လှန်ရေးခရီးမှာ ကျနော်တို့က အဆုံးထိလျှောက်ဖို့ လိုတယ်ဆိုတာ ဒါကိုပြောချင်တာဖြစ်တယ်။အကယ်၍ ခရီးကို အဆုံးထိမလျှောက်ခဲ့ရင် နောက်ဖြစ်လာမယ့် အကျိုးဆက်တွေရဲ့ ရလာဒ်ကို ခံစားရမှာက နောက် တက်လာမယ့် မျိုးဆက်တွေပဲ။
ဒါကြောင့် လက်ရှိ ကျနော်တို့မျိုးဆက်က အနာခံပြီး တိုက်ပွဲဝင်နေချိန် ကျနော်တို့အထက်မှာရှိတဲ့ လူကြီးတွေကိုယ် တိုင်ကလည်း အဆုံးသတ်ခရီးကို အတူတူလျှောက်နိုင်ဖို့ Road map တွေ ချမှတ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် စစ်ကောင်စီကို ရှင်သန်ခွင့်ပေးခဲ့ရင် ကျနော်တို့ရဲ့ စစ်ပွဲတွေက ကမ္ဘာတည်သရွေ့ ရှိနေမှာဖြစ်ပြီး ကျနော်တို့ လူငယ် တွေရဲ့ ဘ၀ဟာလည်း အနာဂတ်ပျောက်ပြီး ဘယ်တော့မှ အေးအေးချမ်းချမ်းနဲ့ နေရမှာ မဟုတ်တာတော့ အသေအချာပါပဲ။
ခင်ဗျားတို့ စဥ်းစားကြဖို့ အချိန်တန်ပြီ …
Be the first to comment