ခင်ဝမ်းသီချင်းကို ပြန်နားထောင်မိတဲ့အချိန်

‘ခင်ဝမ်းသီချင်းကို ပြန်နားထောင်မိတဲ့အချိန်’
◼️Simon
ညဘက်အိပ်ယာဝင်ဖို့ ရေချိုးခန်းထဲကနေ သွားတိုက်၊ မျက်နှာသစ်ပြီး ပြန်ထွက်လာတဲ့ ကျနော် အိပ်ယာပေါ်ခေါင်းချပြီး အိပ်ဖို့ပြင်နေတုန်း နားထဲမှာ မကြားရတာကြာပြီဖြစ်တဲ့ ခင်ဝမ်းသီချင်းသံကို ကြားလိုက်ရတယ်။
🎶 နှုတ်ဆက်ခဲ့ပါတယ်
ကျနော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ
ဟို … အဝေးကို အဝေးကို …🎶
ခွေးသံကြောင်တမြီးမှ မကြားရတဲ့ ညပိုင်းကြီးမှာ အခုလို ခင်ဝမ်းသီချင်းကို ပြန်ဆိုတဲ့အသံ ကြားလိုက်တော့ ကျနော့်စိတ်ထဲမှာ လွမ်းသလိုလို၊ ဆွေးသလိုလိုကြီး ဖြစ်လာတော့တာပေါ့။
ဒီသီချင်းက ကျနော်တို့အဖေ လူပျိုပေါက်အရွယ်ထဲက ထွက်ခဲ့ပြီး ပေါက်ခဲ့တဲ့သီချင်း။ ကျနော်တို့ လူပျိုပေါက်အရွယ် ဂီတာတီးတဲ့အခါတိုင်းမှာလည်း မပါမဖြစ်ပါခဲ့တဲ့ သီချင်းဆိုရင်လည်း မမှားဘူး။
အခုကတော့ ကိုယ်တိုင်လည်း မတီးဖြစ်တော့သလို နောက်ပိုင်း ကျနော်တို့ထက် ငယ်တဲ့လူငယ်တွေ ပြန်ဆိုတာလည်း မကြားရတော့တဲ့ တကယ့် ရှားပါး သီချင်းတပုဒ်ပါ။
ဒီသီချင်းကို အခုလို ညပိုင်းမှာ ပြန်ကြားရတော့ ဆယ်ကျော်သက်အရွယ်ဘဝတုန်းက ခံစားချက်ကို အသက်သုံးဆယ်ကျော်မှ တခါပြန်ရသလိုဖြစ်ပြီး ကျနော် အိပ်လို့မရတော့ဘူး။
ဒါနဲ့ပဲ အိပ်ယာကထလာပြီး အသံလာရာဖြစ်တဲ့ ချာတိတ်တွေ ဂီတာတီးနေတဲ့ဘက်ကို အသာနားစွင့်ပြီး ဝရန်တာမှာ ဆေးလိပ်ထွက်သောက်နေမိတယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့နဲ့အတူ ဒီသီချင်းကို လိုက်ပြီး ငြီးရင်းနဲ့ပေါ့။
တကယ်တော့ ကျနော်တို့ရပ်ကွက်က နာမည်ကြီး အနုပညာရှင် အဆိုတော်တွေ တယောက်မှ မထွက်ခဲ့ကြပေမယ့် ရပ်ကွက်ထဲက လမ်းတိုင်း၊ လမ်းတိုင်းမှာတော့ ဂီတရူးတဲ့၊ ဂီတကိုချစ်တဲ့ လူငယ်တွေ ဒုနဲ့ဒေးရှိသလို တီးကြ၊ ဆိုကြတာကလည်း မညံ့ကြပါဘူး။
ကျနော်တို့ ဆယ်ကျော်သက်ဘဝက ညဦးပိုင်းဆို လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်ပြီး သောက်လို့လည်းဝ၊ မူးလို့လည်း ဝကြပြီဆိုရင် ကိုယ်စီကိုယ်စီ အိမ်တွေပြန်လာကြပြီး အဆင်ပြေတဲ့ လမ်းထိပ်ကအုတ်ခုံဖြစ်ဖြစ် ကိုယ့်အိမ်ရှေ့က ထိုင်ခုံလေးတွေမှာဖြစ်ဖြစ် ဂီတာတီးပြီး သီချင်းတွေဆိုကြတာကလည်း ရိုးရာတခုလိုတောင် ဖြစ်ခဲ့တာပါ။
အဆိုကောင်းသူတွေရှိသလို အသံသေး၊ အသံကြောင်နဲ့သူတွေ ပါလာရင်လည်း ဒီလိုပဲ သည်းခံပြီး နားထောင်ရတာပေါ့။ အကုန်လုံးကလည်း ဒီရပ်ကွက်မှာမွေး၊ ဒီရပ်ကွက်မှာ ကြီးပြင်းလာတဲ့ ငယ်မွေးခြံပေါက်တွေဆိုတော့ ဘယ်သူမှလည်း ပြဿနာ ထွက်မရှာကြပါဘူး။ ဒီလို ညဆို ဂီတာတီးပြီး သီချင်းတွေဆိုကြတာကိုလည်း ရပ်ကွက်ကလူတွေက နားယဥ်နေသလို တခါတလေ ကျနော်တို့ သီချင်းမဆိုတဲ့ညတွေဆို သူတို့ခမျာ အိပ်လို့တောင်မပျော်ဘူးဆိုပြီး ပြောလာတာတွေလည်း ရှိတယ်။
“ညဆို ဒီကောင်တွေ ငါတို့အိမ်နားမှာ သီချင်းလာမဆိုရင် လမ်းထဲမှာ ခြောက်ကပ်တိတ်ဆိတ်နေတော့ သူခိုးတွေဘာတွေ ကပ်မှာတောင် စိတ်ပူရတယ်”
“ဒင်းတို့ ရောက်လာပြီး ဂီတာတွေဘာတွေ တီးပြီး သီချင်းဆိုသံတွေကြားမှ စိတ်ချလက်ချ အိပ်ပျော်သလို တရေးနိုးလို့ ကိုယ့်အိမ်နားမှာ ဒင်းတို့အသံတွေကြားရရင် လုံခြုံသလိုခံစားရတယ်” စသဖြင့်ပေါ့။
ဒါပေမယ့် ခေတ်တွေပြောင်း၊ စနစ်တွေပြောင်းပြီး အသက်အရွယ်တွေ ပြောင်းလဲလာတဲ့နောက် ဒီလိုမျိုး ရပ်ကွက်ထဲက တီးဝိုင်းအသေးစားလေးတွေကလည်း အချိန်ရဲ့ တိုက်စားမှုနဲ့အတူ တဖြည်းဖြည်းပျောက်ကွယ်သွားတာ ဆယ်စုနှစ်နဲ့ချီအောင် ကြာခဲ့ပြီလို့တောင် ပြောရမယ်ထင်တယ်။
ကျနော်ဆိုလည်း အလုပ်ကြောင့် ခရီးတွေသွားလိုက်၊ ပြန်လာလိုက်နဲ့ အရင်လို ပေါ့ပေါ့ပါးပါးမဟုတ်တော့ဘဲ ရုန်းကန်ရတဲ့ဘဝကို ရောက်လာခဲ့တာဆိုတော့ ချာတိတ်ဘဝတုန်းကလို လွတ်လတ်လပ်လပ်နေရတဲ့ အချိန်တွေလည်း သိပ်မရှိတော့သလို အချိန်ရပြန်ရင်လည်း အရင်က ကိုယ်နဲ့တွဲခဲ့တဲ့ ဘော်ဒါတွေက အခုဆို အိမ်ထောင်ကျတဲ့သူကကျ၊ နိုင်ငံခြားမှာ အခြေချတဲ့သူကချ၊ သေသွားတဲ့သူတွေကလည်း သေကုန်ကြတာဆိုတော့ အရင်လို ကျနော်တို့ရဲ့ ဂီတာဝိုင်းလေးဟာ နောက်တဖန် ပြန်မရတော့သလို နောက်ပိုင်းလူငယ်တွေ ကြားထဲမှာလည်း လမ်းဘေးမှာထိုင်ပြီး ဂီတာတီးတဲ့ ရိုးရာက ပျောက်ကွယ်သွားတာကို မြင်ရတယ်။ အဲဒီအစား busking တီးတာမျိုးတွေတော့ ဟိုနေရာတကွက်၊ ဒီနေရာတကွက်မှာ မြင်လာရတယ်။ ဒါကလည်း ခေတ်ရေစီးလို့ပဲ ပြောရမှာပေါ့။
ဒီလိုနဲ့ အတွေးတွေများနေတုန်း ကျနော့်အမေက နိုးလာတယ်။
“ဟဲ့ကောင်လေး နင်မအိပ်သေးဘူးလား၊ မနက်လည်း အလုပ်သွားရမှာကို”
“အိပ်မယ် အမေ၊ ဂီတာတီးသံကြားလို့ နားထောင်နေတာ၊ အဖေ့အကြိုက် ခင်ဝမ်းသီချင်း ဆိုနေတာကြောင့်လေ”
“သြော် … အဲ့ဒါ အရီးမြိုင်သား အငယ်ဆုံးကောင်လေ”
(အရီးမြိုင်ဆိုတာ ကျနော်တို့အိမ် နောက်ဖေးလမ်းထဲက အမျိုးသမီး၊ သူ့သားအငယ်ဆုံးက သူ့အသက် ၄၀ ကျော်မှ မွေးတာဆိုတော့ မသိရင် သားအမိတွေက မြေးနဲ့ အဘွားအရွယ်လောက် ဖြစ်နေတာ)
“ဟာ ဒီကောင်က ဒီအရွယ်တောင် ရောက်နေပြီလား”
(ကျနော်တို့ လမ်းဘေးအုတ်ခုံမှာ ဂီတာထိုင်တီးတုန်းက ဒီကလေးက လမ်းလျှောက်တတ်ခါစအရွယ်ပဲ ရှိသေးတာကိုး)
“ဟဲ့ သူများတကာတွေကို ဒီအရွယ်ရောက်ပြီလား ဘာလားနဲ့ မေးမနေနဲ့၊ နင့်အသက်တောင် ဘယ်လောက်ဖြစ်နေပြီလဲ ပြန်သတိရဦး”
အမေပြောမှပဲ သုံးဆယ်ကျော်နေတဲ့ ကိုယ့်အသက်ကို ပြန်သတိရမိသွားတယ်။
အမေက ဆက်ပြောပါတယ် …
“အဲ့ကောင်လေးလည်း မနက်ဖြန်၊ သန်ဘက်ခါလောက် နိုင်ငံခြားကို ထွက်တော့မှာ “
“သြော် ငယ်ငယ်လေးရှိသေးတာကို”
“ဘာကို ငယ်ရမှာတုန်း၊ နင်ကသာ ငယ်တယ်ပြောနေတာ၊ ဟိုကောင်တွေက ဒီလိုအရွယ်တွေကို ငယ်တယ်ထင်တာ မဟုတ်ဘူး၊ ဒီအရွယ်တွေကိုပဲ …”
(အမေက စကားကိုဆက်မပြောဘဲ ကျနော့်မျက်နှာကိုကြည့်ပြီး မေးငေါ့ပြလိုက်ပါတယ်)
ဒီလောက်ဆိုရင်ပဲ အမေ ဘာကိုဆိုလိုတယ်ဆိုတာ ကျနော်သဘောပေါက်ပြီလေ။
အမေပြောလိုက်မှပဲ ငယ်ဘ၀အမှတ်တရကို ပြန်တွေးပြီး လူငယ်တွေ ဂီတာတီး သီချင်းဆိုနေကြတာကို နားထောင်ရင်း ကြည်နူးနေတဲ့ ကျနော့်စိတ်က ဝုန်းခနဲ ချောက်ထဲပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။
ကျနော်တို့ ချာတိတ်အရွယ်တုန်းက နိုင်ငံခြားထွက်မယ်ဆိုရင် မိဘတွေကို အာပေါက်အောင်ပြောပြီး စိတ်မပူအောင် ကတိတွေ ပေးခဲ့ကြရပေမယ့် အခုခေတ် လူငယ်တွေမှာတော့ မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကို လိုလိုချင်ချင်နဲ့ နိုင်ငံခြားကိုထွက်ဖို့ ပြောရတဲ့အချိန်ကို ရောက်လာခဲ့ပြီ။
တချိန်က မြို့ပေါ်က ကျနော်တို့ လူငယ်ဘ၀မှာရခဲ့တဲ့ လွတ်လပ်မှု၊ ပေါ့ပါးမှုနဲ့ လုံခြုံမှုဆိုတဲ့ အရာတွေကို ခုခေတ်လူငယ်တွေ မခံစားရတော့တာကို တွေးပြီး သူတို့အစား စိတ်မကောင်းဖြစ်မိတယ်။
အမေကတော့ သူပြောချင်တာပြောပြီး အိပ်ယာထဲဝင်သွားပါပြီ။
ကျနော်ကတော့ အိပ်လို့မရတော့မယ့်အတူတူ ဝရန်တာမှာရပ်နေရင်း ဆေးလိပ်နောက်တလိပ်ကို မီးငြှိပြီး သီချင်းဆိုနေကြတဲ့ အသံလာရာဘက်ကို နားစွင့်ထားလိုက်တယ်။
🎶 ငိုကြွေးခြင်းကို စွန့်လွှတ်ခဲ့ပြီ
အားလုံး အဆင်ပြေသွားမှာပါ
ကံကြုံရင် ပြန်ဆုံကြဦးမယ်
ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်
ကျနော် သွားတော့မယ် … 🎶 ဆိုတဲ့အသံကို နားထောင်နေရင်း ဆေးလိပ်ငွေ့တွေကို လေထဲ မှုတ်ထုတ်ပစ်လိုက်တယ်။
မျက်စိရှေ့မှာ ပျောက်ကွယ်သွားတဲ့ ဆေးလိပ်ငွေ့တွေနဲ့အတူ လက်ရှိ ကျနော်တို့တိုင်းပြည်ထဲက လူငယ်တွေရဲ့ ဘဝတွေနဲ့ အနာဂတ်ဟာလည်း ဆေးလိပ် ငွေ့တွေလို ကိုယ့်အရှေ့မှာ ပျောက်ကွယ်နေတာကို မြင်ယောင်ရင်း နားထဲမှာလည်း ခင်ဝမ်းသီချင်းထဲက အဆုံးသတ်စာသားဖြစ်တဲ့ …
🎶 တချိုးတကွေ့ တွေ့ကြရင်း
ခွဲခွာဖို့ ၊ ရင်နာဖို့ ၊ ကြုံခဲ့ပြီ … 🎶 ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့နဲ့ ဆိုနေတဲ့ အရီးမြိုင်ရဲ့သား အသံကိုသာ ကြားနေမိတော့တယ်။
About The Call 728 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*